သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုအပေါ် အမြင်သဘောထားများ


ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် တပါတီတည်းပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CNLD (Photo- Chin League For Democracy)
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် တပါတီတည်းပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CNLD (Photo- Chin League For Democracy)

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ ပါတီတခုတည်းအဖြစ်ပေါင်းစည်းတာ၊ ပြည်နယ်ကိုယ်စားပြုပါတီဖြစ်ဖို့ ကြိုးပမ်းလာ တာတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ တိုင်းရင်းသားပါတီတချို့က ပြောပါတယ်။ ဖက်ဒရယ်စနစ်မှာ ပါတီတခုတည်းကို မဲပေးရွေးချယ်နေတာထက် ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီတွေရဲ့ အချိုးအစားညီမျှဖို့ တိုင်းရင်းသားပါတီတွေက ကြိုးစားလာတာဖြစ်ပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားပါတီတချို့ရဲ့ အမြင်ကိုမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ဆိုရင် ပါတီတခုတည်းကို မဲပေးရွှေးချယ်တဲ့အလေ့အထဟာ မှားယွင်းနေတယ်လို့ တိုင်းရင်းသားပါတီတွေကထောက်ပြနေသလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ပိုပြီးအားကောင်းလာလိမ့်မယ်လို့လည်း အများစုကမျှော်လင့်ထားပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် ဆိုတဲ့ပါတီ သုံးခုပူးပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီကို အခုဇွန်လ ၇ရက်မှာ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

ကချင်မှာ အင်အားကြီးတဲ့ပါတီဖြစ်လာဖို့အလားအလာရှိကြောင်းနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ ဥပဒေကြောင့် အစိုးရဖွဲ့ခွင့်မရှိဘူးဆိုရင်တောင်မှ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်အောင်လုပ်သွားမယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

“ အခုလက်ရှိအနေအထားအရတော့ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ အဲဒီတော့ ကျနော်တို့က ဒီမိုကရေစီနည်းလမ်းကျကျဖြစ်စေချင်တာပေါ့။ ပြည်နယ်လွှတ်တော်ကနေ လျှို့ဝှက်မဲနဲ့ ရွေးချယ်တဲ့သူ ဒါကိုသမ္မတက ပြည်နယ်ဝန်ကြီးချုပ်ခန့်ပေးတယ် ဒါမျိုးကိုလိုချင်တာ။ အဲဒါဖြစ်ကောင်းဖြစ်လာနိုင်တယ် ၂၀၂၀မှာလေ။ တကယ်လို့ အဲဒါ မဖြစ်လာလည်း အခုလက်ရှိပုံစံမျိုးပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ကဒါကို ပြည်နယ်မှာ မဲအများဆုံးရအောင် ကြိုစားသွားပါမယ်။ ဝန်ကြီးချုပ်မခန့်နိုင်သည့်တိုင်အောင် အစိုးရ မဖွဲ့စည်းနိုင်သည့်တိုင်အောင် ကျနော်တို့က လွှတ်တော်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားသွားဖို့ရှိပါတယ်။”

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် မဲဆန္ဒနယ် ၁၈ခုလုံးမှာအနိုင်ခဲ့ရရင် ချင်းတိုင်းရင်းသားတွေဦးဆောင်တဲ့ အစိုးရဖွဲ့မယ်လို့ ချင်းနိုင်ငံရေး အင်အားစုတွေကပြောပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် တပါတီတည်းပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CNLD အနေနဲ့ မေလ ၁၇ရက် မှာတရားဝင်ပါတီဖြစ်ခဲ့ပါတယ်။ ပေါင်းစည်းရေးဟာလုပ်သင့်တဲ့ကိစ္စဖြစ်ပြီး ပြည်နယ်ကိုယ်စားပြုပါတီတွေ အမြောက်အများ ပေါ်ထွက်လာဖို့လိုကြောင်း သုံးပါတီပါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLDရဲ့ အလှည့်ကျဥက္ကဋ္ဌ ဆလိုင်းဇိုဇမ်က အခုလိုပြောပါတယ်။

“ ဆိုတဲ့အခါကျတော့ ပြည်နယ်တွေက ကိုယ်နဲ့မဆိုင်သလိုဖြစ်ဖြစ်နေတာ ရွေးကောက်ပွဲတိုင်းမှာလေ။ အဲဒါကြောင့်ကိုယ့်ရဲ့ ပြည်နယ်ကနေ ပြည်ထောင်စုအစိုးရကိုလည်းပဲ ကျနော်တို့က စေလွှတ်နိုင်ရမှာပေါ့နော်။ ပြည်နယ်ရဲ့ ကိုယ်စားအတွက်ကျနော်တို့က အလုပ်လုပ်ပေးဖို့ကို ညှိထားတာရှိပါတယ်။ ဒါတိုင်းရင်းသားအားလုံးလိုလိုမှာ ရှိကြပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ဟာ တိုင်းရင်းသားလူမျိုးစုတွေများတဲ့ ပြည်နယ်တွေမှာပါ အနိုင်ရခဲ့ပေမဲ့ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ပြည်နယ်အများစုမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် NLD အနေနဲ့ ရှေ့ဆက်သွားမယ့်လမ်းကြောင်းမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မြင်ကြောင်းကိုလည်း လက်ရှိအာဏာရ NLD ပါတီ ဗဟိုခေါင်းဆောင်တဦးဖြစ်တဲ့ မုံရွာဦးအောင်ရှင်က သူ့ရဲ့တသီးပုဂ္ဂလအမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ NLD နဲ့ လူမျိုးစုတွေနဲ့ ဘယ်လိုပူးပေါင်းမလဲ၊ ဘယ်လိုမဟာမိတ်လုပ်မလဲ၊ သိုမဟုတ် ဘယ်လို တပ်ပေါင်းစုသဘောမျိုးပေါ့ဗျာ လုပ်နိုင်မလဲဆိုတာကတော့ (NLD) ဗဟိုကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော့်အမြင်ကတော့လေ လူမျိုးစုပါတီတွေနဲ့ ကျနော်တို့ ဘယ်လိုပဲဖြစ်ဖြစ်ပူးပေါင်းပြီးတော့ လုပ်သင့်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

လူမျိုးစုကို အခြေပြုပြုတဲ့ပါတီကနေ ပြည်နယ်ကိုအခြေပြုတဲ့ပါတီအနေနဲ့ပြောင်းလဲတည်ဆောက်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဇွန်လ၇ရက် ထုတ်ပြန်ချက်မှာပြောထားပါတယ်။ မူဝါဒအရ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် မတူညီတဲ့အဖွဲ့အစည်းတွေကြားမှာပါ ပိုပြီးပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ SNLDရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) စိုင်းကျော်ညွှန့်က ပြောပါတယ်။

“ပေါင်းစည်းရေးကတော့ သဘောတရားအနေနဲ့ ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ဖြစ်သင့်တာက ပေါင်းစည်းတယ်ဆိုတာ အရေးကြုံလို့ကျောချင်း ကပ်တာထက်စာရင်တော့ မူဝါဒအရ ပေါင်းစည်းတာ ပိုကောင်းတယ်လို့ ကျနော်တို့မြင်တယ်။ အဲဒါကြောင့်ကျနော်တို့က ကျနော်တို့ပါတီကို မူဝါဒါအခြေခံတဲ့ ပါတီဖြစ်အောင် ပြုပြင်ပြောင်းလဲနေတယ်ပေါ့ဗျာ။ ကိုယ်နဲ့မူဝါဒကိုက်ညီတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဆောင်သွားမယ့်သဘောမျိုးကျနော်တို့ရှိပါတယ်။”

ရှမ်းပြည်နယ်က မျိုးနွယ်စုတွေများတဲ့အတွက် ရှမ်းပြည်နယ်ကိုယ်စားပြုပါတီအနေနဲ့ ပြောင်းလဲတည်ဆောက်သွားဖို့ SNLD ဆုံးဖြတ်တာဟာ မှန်ကန်ကြောင်း၊ တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်တာဟာလည်း ဖြစ်သင့်တဲ့ကိစ္စ ဖြစ်ကြောင်း မုံရွာဦးအောင်ရှင်ကပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ နိုင်ငံရေးပါတီ ၉၈ ခုရှိပါတယ်။ လက်ရှိအနေအထားကိုကြည့်ရင် ရခိုင်နဲ့ ရှမ်းမှာတိုင်းရင်းသားပါတီတွေက အားကောင်းနေပြီး မွန်ပြည်နယ်မှာလည်း ပါတီနှစ်ခုပေါင်းပြီး မွန်ညီညွတ်ရေးပါတီအနေနဲ့ မေလ ၁၇ရက်က တရားဝင်ခွင့်ပြုချက်ရထားပါတယ်။ ပါတီကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းမှ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမှာ တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့်တွေပိုပြီးအားကောင်းလာနိုင်တယ်လို့ တိုင်းရင်းသားပါတီတချို့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG