သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲရလဒ် အငြင်းပွားမှု NLD အနိုင်ရ


ကြားဖြတ်ရွေးကောာက်ပွဲအတွက် NLD ပါတီက စည်းရုံးရေး ဆင်းနေစဉ်

ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရန်ကုန်တိုင်းဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟာ ဥပဒေနဲ့မညီတဲ့ မဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။ လစ်လပ်သွားတဲ့ အဲဒီ လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပြိုင်ဖက် NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုကြေညာပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

၂၀၁၈ နိုဝင်ဘာ ၃ရက်မှာလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းလွှတ်တော်အမတ် ဦးနေမျိုးအောင်ဟာ ရွေးကောက်ပွဲဥပဒေနဲ့မကိုက်ညီတဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့လို့ ရွေးကောက်ပွဲကော်မရှင်ခုံရုံးက သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုတ်သိမ်းလိုက်တာပါ။ ဒါကို တရားလိုလုပ်တိုင်ကြားခဲ့တဲ့ ပြိုင်ဖက် NLD ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို လပ်လစ်သွားတဲ့နေရာရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ မဲဆွယ်စည်းရုံးရေးကာလနဲ့ နောက်ပိုင်းအချိန်မှာ နိုင်ငံပိုင်အဆောက်အဦးကို ရုံးခန်းအနေနဲ့သုံးတာ၊ ရုံးခန်းလျှပ်စစ်ကျသင့်ငွေမပေးဆောင်တာ၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးပွဲ၂၈ကြိမ်လုပ်ပြီး ပါတီအမှတ်အသားအသုံးပြုခဲ့တာ၊ ပြီးတော့အဲဒီအသုံးစရိတ်တွေကို ရွေးကောက်ပွဲအသုံးစရိတ်ထဲမှာထည့်သွင်းခဲ့တာတွေ စတဲ့ အချက်အလက်တွေနဲ့ ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒါကို ပြည်ခိုင်ဖြိုးပါတီအမတ် ဦးနေမျိုးအောင်က ပြန်ချေပခဲ့ပေမဲ့ ထိထိရောက်ရောက်ချေပနိုင်ခြင်းမရှိကြောင်း ဦးသန်းထိုက်အောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ရွေးကောက်ပွဲငွေစာရင်းဆိုတာ ကျနော်တို့ ကျမ်းကျိန်ပြီးမှ အသုံးပြုတာမှန်ကန်ပါတယ်ဆိုပြီး ကော်မရှင်ကို တင်ပြရတာ။ မမှန်ကန်ဘူးဆိုရင် ကျနော်တို့ ဥပဒေအရညိစွန်းပါတယ်။ အဲဒီတော့ ကျမ်းကျိန်တဲ့ကိစ္စကလည်း မှန်ကန်မှုမရှိတာကို ကျနော်တို့တွေ့ရှိရပါတယ်။ အဲဒီအပေါ်မှာမှ ရွေးကောက်ပွဲကော်မရှင်ကနေ ဆုံးဖြတ်ခဲ့တာပါ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းတာကို မကန့်ကွက်ကြောင်းနဲ့ ဒီနေ့ဆုံးချက်အဖြေကို လွန်ခဲ့တဲ့ငါးလလောက်ကတည်းက ကြိုတင်သိထားကြောင်းကိုလည်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော့်အနေနဲ့ စောဒက မတက်ပါဘူး။ ဒါပေမဲ့ ကျနော့်အနေနဲ့ရင်ထဲမှာ အံ့သြမိတာလေးတခုပဲရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လွှာသွားတင်တဲ့အချိန်ကတည်းက အဲဒီတင်တဲ့လူတွေ အသိုင်းအဝန်းကနေ ကျနော်ငါးလကြာရင် ပြုတ်မယ်လို့ပဲ ကျနော့ကို ဟောကိန်းထုတ်ခဲ့ပါတယ်။ သူတို့ဟောကိန်းထုတ်တဲ့အတိုင်းပဲ ငါးလကြာတဲ့အခါမှာ ကျနော့ကို UEC (ရွေးကောက်ပွဲကော်မရှင်) ကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားတယ်လို့ အမိန့်ချတဲ့အခါကျတော့ အဖြေကိုကြိုသိနေတဲ့ ပုဂ္ဂိုလ်ကိုတော့ အင်မတန်ကို အံ့သြမိပါတယ်လို့ ကျနော်ပြောလိုပါတယ်ခင်ဗျာ။”

နှစ်ဘက်စစ်ဆေးမှုတွေ နောက်ဆုံးအကြိမ်လုပ်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲကော်မရှင် ဒီမနက် ၁၁နာရီလောက်မှာဆုံးဖြတ်ခဲ့တာပါ။ ဒီစီရင်ချက်ကနောက်ပိုင်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင်ခန်းစာတခုဖြစ်နိုင်ကြောင်း ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် ပြောခွင့်ရသူ ဦမြင့်နိုင်က ဗွီအိုအေကို ပြောပါတယ်။

“ ရွေးကောက်ပွဲဝင်တော့မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် သင်ခန်းစာ ဆောင်ရမယ့်အချက်တွေ၊ ဆောင်ရမယ့်အချက်တွေနဲ့ ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတာ အထောက်အကူရစေတဲ့ စီရင်ချက်တခုတော့ဖြစ်သွားမှာပါ။”

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၉ ယောက်ပြိုင်ခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးက ၅၁၄မဲ၊ NLDက ၃၅၆မဲ ရရှိခဲ့တာပါ။ ဆိပ်ကမ်းမဲဆန္ဒနယ်ဟာ အစိုးရဝန်ထမ်းလိုင်းခန်းတွေနဲ့ လူဦးရေထောင်ဂဏန်းသာရှိတဲ့ မဲဆန္ဒနယ်မြေတခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို မဲဆန္ဒနယ်မြေတခုအနေနဲ့ မသတ်မှတ်သင့်ပဲ အခြားနီးစပ်တဲ့မြို့နယ်တွေနဲ့ ပေါင်းပြီး မဲဆန္ဒနယ်မြေ ပြင်ဆင်သတ်မှတ်သင့်တယ်ဆိုပြီး လှုံဆော်ဝေဖန်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG