သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်ကဏ္ဍမူဝါဒ ပေါ်လာရေး မျှော်လင့်


အစိုးရတာဝန်ရှိသူတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကျောက်မျက်ကဏ္ဍ မူဝါဒအထောက်အကူပြုကော်မတီဟာ ကျောက်မျက်မူဝါဒ ပေါ်ထွက်လာဖို့ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ မြစ်ကြီးနား၊ မုံရွာ၊ မန္တလေး၊ မိုးကုတ် စတဲ့ မြို့တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ အဲဒီဆွေနွေးပွဲတွေက ရလာတဲ့ ညှိနှိုင်းမှုအခြေအနေတွေကိုတော့ ဒီနေ့မေလ ၂၉ရက် ရန်ကုန် အမေရိကန်စင်တာမှာ ပြောပြခဲ့ကြပါတယ်။ ဒီမူဝါဒဟာ ကျောက်မျက်ကဏ္ဍမှာ ပါဝင်နေသူတွေအားလုံး အတွက် မျှမျှတတအကျိူးရှိနိုင်မယ့် မူဝါဒတရပ် ဖြစ်လာနိုင်ကြောင်း ဒီနေ့ ပါဝင်ဆွေးနွေးခဲ့သူတွေက ပြောပါတယ်။ ဒီဆွေးနွေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုဇော်ထက်က ပြောပြပေးပါမယ်။

ကျောက်မျက်ကဏ္ဍနဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကဏ္ဍတွေဟာ မြန်မာနိုင်ငံအတွက် အဓိက ဝင်ငွေရတဲ့ လုပ်ငန်းတွေဖြစ်သလို ငွေဝင်ငွေထွက်တွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု နည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါကြောင့်လည်း ဒီသုံးပွင့်ဆိုင် ကျောက်မျက်ကဏ္ဍ အထောက်အကူပြုကော်မတီရဲ့ ‘ကျောက်မျက်မူဝါဒ’ ဟာ လွှတ်တော်မှာရေးဆွဲနေတဲ့ ကျောက်မျက်နည်းဥပဒေကို မူဝါဒအရ အဓိက အထောက်အကူဖြစ်နိုင်ဖို့ မျှော်လင့်ကြပါတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းတွေကိုလည်း အမေရိကန်အစိုးရက ကူညီ ပံ့ပိုးပေးနေတာပါ။

ကျောက်မျက်မူဝါဒ မူကြမ်းပေါ်ထွက်လာရင် ပွင့်လင်းမြင်သာမှုတွေ ပိုရှိလာနိုင်သလို ဒေသခံတွေအတွက်လည်း အကျိုးရှိလာဖို့ မျှော်လင့်ကြောင်း ကျောက်မျက်မူဝါဒ ပေါ်ထွန်းရေး အထောက်အကူပြု ကော်မတီတွဲဖက်အတွင်းရေးမှူး ဖြစ်သလို အမေရိကန်အခြေစိုက် သဘာဝသယံဇာတ ထိန်းသိမ်းရေးအဖွဲ့ NRGI ရဲ့ ဌာနေကိုယ်စားလှယ် ဦးမော်ထွန်းအောင်က ဗွီအိုအေကိုပြောပါတယ်။

“ကျောက်မျက်ကဏ္ဍကနေ အခွန်ငွေ ဘယ်လောက်ရနေလဲဆိုတာကို ပြည်သူတွေ ပိုပြီးသိလာမယ်။ နောက်တခုက down stream industry လို့ ကျနော်တို့ပြောတယ် ပေါ့နော်။ နောက်ပိုင်း လက်ဝတ်ရတနာ ရောင်းချတာတွေ နောက်ဖြတ်သွေးပေါ့နော် အဲလိုမျိုးမှာ တိုးတက်လာဖို့ မျှော်လင့်တယ်။ အထူးသဖြင့်ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ကျောက်မျက်ကဏ္ဍကနေ အထောက်အကူပေးနိုင်မှုအပိုင်းမှာ တိုးတက်လာဖို့ အထူးသဖြင့် မျှော်လင့်တယ်။”

ဒီမူဝါဒအထဲက အကြံပြုချက်တွေအတိုင်း လုပ်မယ်ဆိုရင် ကျောက်မျက် တရားမဝင် ထွက်ရှိတဲ့ ကိစ္စတွေလည်း လျော့သွားပြီး ဘဏ္ဍာငွေတိုးလာနိုင်သလို ကျောက်မျက်ဈေးကွက် ပြည်တွင်းမှာ ဖြစ်လာဖို့ တွန်းအားပေးနိုင်ကြောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ စက်တင်ဘာလ အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမ္မတအိုဘားမားနဲ့ ဆွေးနွေးစဉ်မှာ ကျောက်မျက်ကဏ္ဍ ပွင့်လင်းမြင်သာဖို့အတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ပြီးနောက် ကျောက်မျက်ကဏ္ဍမူဝါဒ အထောက်အကူပြုကော်မတီကို အကောင်အထည်ဖော် ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာ ဥပဒေကို ၂၀၁၇ ခုနှစ်က အသစ်ပြဌာန်းခဲ့ပေမဲ့ နည်းဥပဒေ မထွက်လာသေးပါဘူး။

အခု ဆွေးနွေးကြတဲ့ ကျောက်မျက်မူဝါဒမူကြမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြထားပြီးတော့ အဲဒီအပေါ်မူတည်ပြီး ဥပဒေပြင်ဆင်ချက်တွေ ဖြစ်လာနိုင်တယ်လို့ မူဝါဒအထောက်အကူပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် အန်ဝပ်မုန်ဒန် က ပြောပါတယ်။

“နောက်ပိုင်း ကျနော်တို့ မူဝါဒအတည်ဖြစ်ပြီးရင် ဒီဥပဒေကို ထပ်ပြီးတော့မှ ကျနော်တို့ မူဝါဒနဲ့ပိုပြီးကိုက်ညီအောင် ပြန်ပြီးတော့ ဥပဒေ မွမ်းမံတဲ့အပိုင်းတွေလည်း ထပ်လုပ်ကောင်းလုပ်ရလိမ့်မယ်လို့ ယူဆတယ်။ ဆိုတော့ နောင်တချိန်ကျရင် ဥပဒေရော၊ နည်းဥပဒေရော အကုန်လုံးက ကျနော်တို့မူဝါဒနဲ့သွားပြီးတော့မှ ပဋိပက္ခမဖြစ်ဘဲ မူဝါဒရဲ့ အောက်ကနေပဲ ပိုပြီး ကိုက်ညီအောင် ပြုပြင်တာတွေ လုပ်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

NLD အစိုးရလက်ထက်မှာ ၁၉၉၅၊ ၂၀၀၃၊ ၂၀၁၆ ခုနှစ်တွေမှာ ပြဋ္ဌာန်းခဲ့တဲ့ ကျောက်မျက်ဥပဒေတွေကို ဖျက်သိမ်းခဲ့ပြီး အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ၂၀၁၇ မှာ အသစ်ပြန်ပြီး ရေးဆွဲခဲ့တာပါ။ ပြောင်းလဲမှုတချို့ရှိခဲ့ပြီး ကျန်တာတွေအားလုံးက သမ္မတဦးသိန်းစိန်လက်ထက် ဥပဒေအတိုင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တနိုင်တပိုင်ကျောက်တူးဖော် အသက်မွေးနေတဲ့ အခြေခံလူတန်းစား ပြည်သူအများစုက မကျေနပ်လို့ ဆန္ဒထုတ်ဖော်မှုတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG