သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုလျော့ကျမှုမရှိဟု လွှတ်တော်ထံ ကော်မရှင်တင်ပြ


အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် (Pyidaungsu hluttaw)
အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် (Pyidaungsu hluttaw)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အဂတိလိုက်စားမှုဟာ ကျမသွားဘဲ အရင်အခြေအနေအတိုင်း ဆက်ရှိနေတယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌက ပြောပါတယ်။ ဒါတွေလျော့ကျသွားဖို့ဆိုရင် အစိုးရဌာနဆိုင်ရာ ဗျူရိုကရေစီယန္တရား အဆင့်ဆင့်မှာ ပြင်ဖို့လိုနေသလို၊ အဂတိတိုက်ဖျက်ရေးကော်မတီရဲ့ စစ်ဆေးနိုင်ခွင့်တွေပိုရဖို့အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အတားအဆီးဖြစ်နေတာမျိုး မဖြစ်သင့်ဘူးလို့ ဥပဒေပညာရှင် တချို့က ထောက်ပြထားပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ မေးမြန်းပေးပို့ထားပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကော်မရှင်ဟာ ဝန်ကြီးဌာနတချို့အတွင်းက အကျင့်ပျက်ချစားမှုတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပေမဲ့ ကော်မတီက ၂၀၁၈နှစ်ကုန်ပိုင်း မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းအရဆိုရင် အဂတိလိုက်စားမှုအခြေအနေဟာ တရားဥပဒေစိုးမိုးမှုနဲ့ အရေးယူမှုအားနည်းတာကြောင့် အရင်လိုဆိုးရွားနေဆဲဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်က ဧပြီလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ အခုလို ပြောသွားတာပါ။

“အဆိုပါ စစ်တမ်းများအရ အဂတိလိုက်စားမှုဟာ ၂၀၁၈ ကုန်တဲ့အထိ သိသိသာသာကျ ဆင်းသွားခြင်း မရှိသေးဘဲနှင့် ယခင်အတိုင်းပဲဆက်လက် ရှိနေ ကြောင်းတွေ့ရပါတယ်။ အဂတိလိုက်စားမှုဖြစ်စေတဲ့ အဓိကအကြောင်းတရားများဟာ အများပြည်သူအကျိုးစီးပွားထက် မိမိကိုယ်ကျိုးကိုဦးစားပေးသူက များနေခြင်း၊ အစဉ်အလာအတိုင်းသာ ဆက်လက်လုပ်ဆောင် လိုကြသဖြင့် မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာ အရေးယူမှုအားနည်းခြင်းနှင့် တချို့ နေရာများမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရတယ်လို့ ပြည်သူများကရှုမြင်ကြောင်းကိုလည်း အဆိုပါစစ်တမ်းမှာ တွေ့ရှိရပါတယ်။”

ဒါကြောင့် ၂၀၁၉ ထဲမှာ အဂတိတိုက်ဖျက်ရေးကော်မတီအနေနဲ့ အရှိန်အဟုန်နဲ့လုပ်ဆောင်သွားဖို့လိုနေကြောင်း ဦးအောင်ကြည်ကပြောပါတယ်။ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကြောင့် ၂၀၁၈ ထဲမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ ဆုံးရှုံးနိုင်ခြေရှိတဲ့ ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ၃၀.၈၉ သန်းနဲ့ အမေရိကန်ဒေါ်လာ ၄.၀၀၃ သန်း ကို ပြည်သူ့ဘဏ္ဍာရန်ပုံငွေအနေနဲ့ ပြန်ပေးသွင်းစေခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ဧပြီလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြသွားတာပါ။

မြန်မာနိုင်ငံမှာ အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ငန်း တစိတ်တပိုင်းအနေနဲ့ အဂတိလိုက်စားမှုတွေတိုက်ဖျက်ဖို့ ပိုပြီးကြိုးစားသွားမယ်လို့ သမ္မတဦးဝင်းမြင့် အာဏာရပြီးပြီးချင်း ၂၀၁၈ မြန်မာနှစ်သစ်ဆုတောင်းစကားမှာထည့်သွင်းပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်း FDA ညွှန်ကြားရေးမှူးချုပ်ကို စတင်အရေးယူခဲ့ ပါတယ်။ အဲဒီနောက် ပြည်သူတွေရဲ့တိုင်ကြားမှုနဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကိုလည်း အဂတိလိုက်စားမှုနဲ့ ဖော်ထုတ် အရေးယူခဲ့ပါတယ်။ လာဘ်ပေး၊ လာဘ်ယူမှု ကိစ္စမှာ လာဘ်ပေးတဲ့သူကိုလည်း ထိရောက်အောင်အရေးယူသင့်ကြောင်းနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်မှာ စွဲမြဲနေတဲ့လာဘ်ပေးမှုတွေကို တိုက်ဖျက်ဖို့ လိုကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ပြည်သူတွေနဲ့ အဓိကဆက်ဆံနေရတဲ့ ဝန်ထမ်းတွေကို ကျနော်တို့ကဘယ်လို ကောင်းကောင်းမွန်မွန်ကိုင်တွယ်မလဲ၊ ကောင်းကောင်းမွန်မွန်စီမံနိုင်မလဲ ဆိုတာသိပ်အရေးကြီးတယ်။ ဥပမာ ပုံစံ(၇) လျှောက်တဲ့ကိစ္စတွေမှာပဲကြည့် ကျနော်တို့ သာမန်လူတွေသွားလျှောက်ရင် မလုပ်ပေးပေမဲ့ ပိုက်ဆံရှိတဲ့အသိုင်း အဝန်းက သွားလျှောက်ရင် ချက်ချင်းလုပ်ပေးလိုက်တဲ့ကိစ္စတွေဆိုရင်တော့ သူလည်းပိုက်ဆံပေးလို့ရရင် ငါလည်းပိုက်ဆံပေးရမယ်ဆိုတဲ့ စနစ်တခု ထွန်းကားသွားတယ်။ အဲဒီတော့ ဗျူရိုကရေစီယန္တရားကို ကောင်းကောင်းမွန်မွန်ကြပ်မတ်မယ်၊ ပိုက်ဆံပေးမှလုပ်ပေးမယ်ဆိုတာသိတာနဲ့ သေသေချာချာ စုံစမ်းပြီးတော့ အရေးယူမယ်ဆိုရင်တော့ အဂတိလိုက်စားမှုဟာ ပပျောက်သွားလိမ့်မယ်။”

၁၉၈၈ နောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအခြေအနေဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တာပါ။ ဝန်ကြီးဌာနအတွင်းမှာ ပြည်ထောင်စု ဝန်ကြီးနဲ့ တိုင်းဒေကြီးဝန်ကြီးတွေကို NLD အရပ်သားအစိုးရလက်ထက်မှာ အပြောင်းအလဲ လုပ်ခဲ့ပေမဲ့လည်း ညွှန်ကြားရေးမှူး အဆင့်တွေမှာတော့ အရင် စစ်အစိုးရလည်ပတ်ခဲ့တဲ့ ယန္တရားထဲကသူတွေကများကြောင်း၊ အဂတိတိုက်ဖျက်ရေးကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေဟာ ပြည်ထဲရေး၊ စစ်တပ်နဲ့၊ နယ်စပ် ရေးရာတွေမှာ ချဲ့ထွင်နိုင်ဖို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အတားအဆီးဖြစ်နေကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေများအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က အခုလိုပြောပါတယ်။

“ဒီအစိုးရလက်ထက်မှာသိသိသာသာကြီးလုပ်လာတဲ့အခါကျတော့ ပြည်သူလူထုကအားတက်တာပေါ့နော်။ ဘာဖြစ်လို့အဲလောက်ကြီး မကျတာလဲဆိုတော့ အခုမှဖိစားနေလို့မဟုတ်ဘူးဗျ ဟိုတုန်းကအရှိန်နဲ့ဆက်စားလာတဲ့ဟာကြီးက ဘာမှမလုပ်ခဲ့တာချည်းကိုနောက်ဆုံးလူက တာဝန်ခံရတာ ဖြစ်နေတယ်။ စစ်ဗိုလ်ဟောင်းတွေက ဒီအတိုင်းပဲ အရင်အကျင့်အတိုင်းပဲ။ စစ်တပ်ကိုလည်း စစ်ဆေးခွင့်မရှိဘူးဗျာ၊ ရဲဆိုစစ်လို့မရဘူးဗျာ၊ နယ်စပ်ဒေသ စစ်ခွင့်မရဘူးဗျာ အဂတိက။ အဲဒီမှာတင် ဝန်ကြီးဌာနသုံးခုက သွားပြီအဲဒီမှာ။ စစ်တပ်ရဲ့ ၂၀၀၈ အခြေခံဥပဒေကိုပြင်ပြီးတော့၊ ပြင်တယ်ဆိုတာကလည်းချက်ချင်းကြီးပြင်လို့ မရဘူးဗျ၊ အဲဒီယန္တရားကြီးသုံးခုလည်း ပါအောင်လုပ်ပေါ့ဗျာ။ ဒီအဂတိလိုက်စားမှုကော်မရှင်ကိုယ်နှိုက်က မလွတ်လပ်ဘူး။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ ၂၀၁၈ ထဲမှာ တိုင်ကြားစာပေါင်း တသောင်းခွဲကျော်ရရှိခဲ့တယ်လို့ ကော်မတီကပြောပါတယ်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ ခုနှစ်မှာ အတည်ပြုခဲ့ပြီး ရာထူးတာဝန်အလွဲသုံးစားလုပ်ပြီး လာဘ်ပေး၊ လာဘ်ယူ လုပ်တာတွေကို အရေးယူဖို့ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီနောက် ၂၀၁၇ နိုဝင်ဘာ ၂၃ မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီကို ဖွ့ဲစည်းလိုက်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို လေးကြိမ်မြောက်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဇွန်လ ၂၁ရက်၊ ၂၀၁၈ နောက်ပိုင်းကစလို့ နိုင်ငံပိုင်ပစ္စည်းနဲ့ ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာတဲ့ ကိစ္စတွေကို အဂတိ လိုက်စားမှုအဖြစ် ထည့်သွင်းသတ်မှတ်ပြီး ဝန်ကြီးဌာနရာထူးကြီးပိုင်းတွေထိ အရေးယူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG