သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မီးငြိမ်းရေး လက်တွေ့ဖော်ဆောင်ပေးဖို့ တိုင်းရင်းလူငယ်များ တောင်းဆို


(ဓာတ်ပုံ - ဥရောပလွှတ်တော်သုတေသနဌာန)
(ဓာတ်ပုံ - ဥရောပလွှတ်တော်သုတေသနဌာန)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ပြီး အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနဲ့အတူ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ တိုင်းရင်းသားလူငယ်တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။ အခုလက်ရှိ အခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကရော စစ်တပ်ဘက်ကပါ အပစ်ရပ်မယ်လို့ နှစ်ဖက်ကြေညာထားပေမယ့် စစ်ရေးပဋိပက္ခတွေ ဆက်ပြင်းထန်လာနေတဲ့ အနေအထားအပေါ် စိုးရိမ်မှုတွေလည်း ပိုမြင့်တက်လာနေတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ငြိမ်းချမ်းရေးလှုပ်ရှားသူ တိုင်းရင်းသားလူငယ်တွေရဲ့ သဘောထားအမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ စနေနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာတဝှမ်း ကျင်းပနေချိန် မြန်မာနိုင်ငံမှာလည်း KNU ကရင်အမျိုးသားအစည်းအရုံးလို တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က ထုတ်ပြန် ကြေညာချက်တွေ အသီးသီး ထုတ်ပြန်သလို ငြိမ်းချမ်းရေး လိုလားသူတွေဘက်ကလည်း ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပနေကြပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအပေါင်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိခံစားနိုင်ပါစေကြောင်းနဲ့ နိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံတဲ့နိုင်ငံ တည်ဆောက်နိုင်ဖို့ ဆုတောင်းပါတယ်လို့ တအာင်းကျောင်းသားလူငယ်တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ သဘောထား ထုတ်ပြန်သွားပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူလူထု ထိခိုက်ဒဏ်ရာရမှုနဲ့ အရပ်သားသေဆုံးမှုတွေအပေါ် ရှုတ်ချကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ ခေါင်းဆောင်တွေအားလုံး လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးနဲ့ပဲ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့က တောင်းဆိုပါတယ်။ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး လွေးလှားရိုင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီနေ့ အဓိက ငြိမ်းချမ်းရေးနေ့ ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးထားတာရှိတယ်။ အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ဘက်ကလည်း အပစ်အခတ်ရပ်စဲရေးကာလ ဆိုပြီး ကြေညာထားတဲ့အပေါ်မှာ တဖက်မှာလည်း တိုင်ရင်းသားဒေသမှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်ဆိုတဲ့အကြောင်း ကျမတို့ ဖော်ပြထားပါတယ်။ အဲဒီမှာလည်း အဓိက တောင်းဆိုချက်ကတော့ အပစ်အခတ် ရပ်စဲရေးကာလမှာ ချွင်းချက်မရှိဘဲ တိုက်ပွဲတွေ ရပ်ပေးဖို့ တခုရယ်၊ ပြီးလို့ရှိရင် အရပ်သားတွေကို ဦးတည်ပြီးတော့ ပစ်ခတ်တဲ့ဟာမျိုးတွေ မလုပ်ဖို့ ကျမတို့ တောင်းဆိုထားတာရှိတယ်။ ပြီးလို့ရှိရင် လက်နက်တွေ ကိုင်ပြီးမှ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေမယ့်အစား လက်နက်မကိုင်ဘဲနဲ့ တခြားနည်းလမ်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အသုံးချပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ လူငယ်တွေရော၊ အမျိုးသမီးတွေရော အကာအကွယ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။”

မြန်မာနိုင်ငံမှာ တိုင်းရင်းဒေသတွေမှာ စစ်မီးတွေငြိမ်းပြီး အမှန်တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့က ရိုးသားမှုရှိဖို့ အရေးအကြီးဆုံးပါပဲလို့လည်း ဆိုပါတယ်။ ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ခူးသူရယ်က အခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပဋိပက္ခဖြစ်နေတာ နှစ်ပေါင်း ၇၀ ကျော်နေပြီ။ အဓိက အခြေခံအကြောင်းတရားကို ပြန်ရှာကြည့်လိုက်ရင် အပြန်အလှန် အသိအမှတ်ပြုမှု အားနည်းလို့ ဖြစ်လာတဲ့ ငြိမ်းချမ်းရေး၊ အပြန်အလှန် အသိအမှတ်ပြုမှု ကင်းမဲ့လို့သာ ငြိမ်းချမ်းရေးက လိုအပ်နေတာပေါ့။ ဒီနေရာမှာ ငြိမ်းချမ်းရေးက အရမ်းလိုအပ်နေတယ်ဆိုတာကို သူတို့ နိုင်ငံခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို အသိအမှတ်ပြုမယ်။ အပြန်အလှန် အသိအမှတ်ပြုကြပြီးတော့ လေးစားတန်ဖိုးထားကြမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာပါ။”

နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ တကမ္ဘာလုံးမှာ အကြမ်းမဖက်ကြဖို့ အပစ်ရပ်ထားကြဖို့ ကြိုးစားနေချိန် မြန်မာနိုင်ငံတွင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ အနေအထားအပေါ် တိုင်းရင်းသားလူငယ်တွေဘက်ကတော့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့ ပြောဆိုလိုက်တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ ထိုးထားသလို အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ နှစ်ဖက်အပစ်ရပ်ပါမယ်ဆိုပြီး အပြန်အလှန် ထုတ်ပြန်ကြေညာချက်တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်နေကြချိန်မှာ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ အနေအထားပေါ်မှာလည်း ကချင်လူငယ်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဆိုင်းနုပန်က အခုလိုသုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ လုပ်နေကြတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ကျမတို့ မြန်မာနိုင်ငံ အခြေအနေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးဘူးပေါ့။ ပြီးတော့ အခု ရခိုင်ဘက်မှာလည်း ဆိုးဆိုးရွားရွား စစ်ပွဲတွေက တော်တော်များများ ဖြစ်နေတဲ့ဟာတွေရှိနေတယ်။ ကျမတို့ ကချင်မှာလည်း အပစ်အခတ်ရပ်စဲရေး လုပ်ထားကြတယ် ဆိုပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူးပေါ့။ ငြိမ်းချမ်းရေးမှာ ဘယ်လောက်အထိ အင်တိုက်အားတိုက် ပါဝင်သလဲဆိုတဲ့ဟာ မေးခွန်းတော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဆောင်တဲ့အပိုင်းမှာ ကျမတို့ဆိုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ငြိမ်းချမ်းရေး လှုပ်ရှားမှုတိုင်းမှာ အမြဲတမ်း တခုမဟုတ်တခု တားမြစ်ပိတ်ပင်တဲ့ဟာတွေ တွေ့နေရတယ်။ ဒီလိုမျိုးတွေပဲ လုပ်နေမယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ တကယ်တမ်း စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ကတော့ အစိုးရဘက်ကနေ ဖြေလျှော့ပေးရမယ့် အပိုင်းတွေ ရှိသလို နားလည်လက်ခံပေးရမယ့် အပိုင်းတွေလည်း ရှိတယ်လို့ မြင်တယ်။”

ဒီကနေ့မှာကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဘက်က မိမိတို့ရဲ့ လူမှုအသိုက်အဝန်းတွေအတွက် တယောက်ချင်းစီ နေ့စဉ်နဲ့အမျှ ပါဝင်အကျိုးပြုနေတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးမှာ ပါဝင်သူတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲ မန္တလေးမှာ ကျင်းပနေတာပါ။ ဒီလို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအကြုံပြုနေကြချိန်မှာပဲ ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာတော့ ဒီကနေ့မှာပဲ တိုက်ပွဲတွေက အပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

---------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG