သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခ နဲ့ တိုင်းရင်းသားပညာရေး


Myanmar soldiers
Myanmar soldiers
လက်နက်ကိုင်ပဋိပက္ခ နဲ့ တိုင်းရင်းသားပညာရေး
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်

အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ကိုင်လာနိုင်ကြပါတယ်။ အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲတဲ့အခါမှာ မွန်ဘာသာအခြေပြု ပညာရေးစနစ်ကို အစိုးရချုပ်ကိုင်တဲ့ဒေသအထိ တိုးချဲ့လာနိုင်ကြောင်း သုတေသီ Ashley South နဲ့ Marie Lall တို့က မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစကားနဲ့ မသင်ကြားနိုင်သေးတာကို မကျေနပ်သူတွေ ရှိပါတယ်။ အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူပြီး အစိုးရယန္တရား ချဲ့ထွင်တဲ့အထဲမှာ ကျောင်းဆောက်တာတွေလည်း ပါဝင်တယ်လို့ မြင်ကြပါတယ်။ မွန်ပညာရေးစနစ်မှာ မွန်သမိုင်းနဲ့ ဘာသာစကားအပြင် အစိုးရသင်ရိုးကိုလည်း သုံးပါတယ်။

ဒါပေမဲ့ ကရင်နဲ့ ကချင်ဒေသတွေမှာတော့ ဒေသခံပညာရေးစနစ်နဲ့ အစိုးရပညာရေးစနစ်ဟာ သိသိသာသာ ကွဲပြားခြားနာတာကို တွေ့ရပါတယ်။ ငွေကြေးနဲ့ ဆရာ လုံလောက်ဖို့ အခက်အခဲအများကြီး ရှိနေတဲ့ကြားက ကချင်၊ ကရင် နဲ့ မွန်အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားဘာသာစကား အခြေပြုသင်ကြားတဲ့စနစ်ကို မူလတန်းအဆင့်မှာ ကျင့်သုံးနိုင်အောင် အစွမ်းကုန်ကြိုးစားကြပါတယ်။ ဒီလို ကိုယ်ထူကိုယ်ထ ကြိုးစားတာကို အောက်ခြေကစတဲ့ ဖယ်ဒရယ်စနစ်လို့ Ashley South နဲ့ Marie Lall တို့က ဆိုပါတယ်။

တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားတဲ့စနစ်ကို စတင်ကျင့်သုံးသူတွေဟာ ဖယ်ဒရယ်စနစ်ရဲ့ နိုင်ငံရေးသဘောတရားကို နားလည်ချင်မှ နားလည်မှာပါ။ ဒါပေမဲ့ သူတို့ကျင့်သုံးနေတဲ့ ပညာရေးစနစ်ဟာ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကို လက်တွေ့အကောင်အထည်ဖော်သလို ဖြစ်နေပါတယ်။ ဖယ်ဒရယ်နိုင်ငံ ထူထောင်ဖို့အတွက် ခေါင်းဆောင်ပိုင်းက ဆွေးနွေးနေကြတာ ဘယ်လောက်အထိ ခရီးရောက်နေမှန်း မသိရသေးပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားဒေသက ကျောင်းတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိမိတို့ဘာသာ ရပ်တည်နိုင်အောင် ကြိုးပမ်းတာဟာ ဖယ်ဒရယ်စနစ်ကို အောက်ခြေက စတင်ကျင့်သုံးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ တိုင်းရင်းသားပညာရေးကို တိုးတက်စေတာမျိုးရှိသလို ဆုတ်ယုတ်စေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ပညာရေးကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆက်စပ်မှုရှိဖို့ လိုနေပါတယ်။

အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ဝေးလံတဲ့ တိုင်းရင်းသားဒေသအထိ အစိုးရယန္တရား ရောက်ရှိလာတာကို မကျေနပ်သူတွေ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အလှူရှင်တွေဟာ အရင်ထောက်ပံ့နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို အဓိကမထားဘဲ အပစ်ရပ်ဒေသမှာ တိုးချဲ့လာတဲ့ အစိုးရယန္တရားကို ထောက်ပံ့လာမှာကိုလည်း စိုးရိမ်ကြပါတယ်။ ပညာရေးနဲ့ အခြားဝန်ဆောင်မှုတွေ လုပ်ကိုင်နေတဲ့ အရပ်သားအသင်းဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံခြားက ဆက်လက်ထောက်ပံ့ဖို့ လိုပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပညာရေးနဲ့ တိုင်းရင်းသားဘာသာစကား သင်ကြားရေးကိုလည်း ထည့်သွင်းဆွေးနွေးတာဟာ ခက်ခဲမယ့်ကိစ္စ မဟုတ်ပါဘူး။ တိုင်းရင်းသားပညာရေးမှာ သက်ဆိုင်သူတွေဟာ သူတို့နဲ့ စိတ်သဘောထားချင်း တူသူတွေကိုသာ လက်ခံလိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကွဲလွဲတဲ့သဘောထားအမျိုးမျိုး ပေါ်ထွက်နေတာ ဖြစ်ပါတယ်။ ပညာရေးနဲ့ ဘာသာရေးဆိုင်ရာ သဘောထားအမြင်ဟာ နိုင်ငံရေးရည်မှန်းချက်အမျိုးမျိုးကို ရောင်ပြန်ဟပ်သလို ဖြစ်နေပါတယ်။ တသီးတခြားလွတ်လပ်စွာ ရပ်တည်ပြီး အစိုးရသင်ရိုးညွှန်းတမ်းနဲ့ ကွဲပြားနေတဲ့ ကျောင်းမျိုးဟာ တိုင်းရင်းသားလွတ်လပ်ရေးကို ဦးတည်ကြပါတယ်။ အစိုးရသင်ရိုးနဲ့ ဆက်ထားပေမယ့် ဒေသအလိုက် ကွဲပြားသွားပြီး မြန်မာဘာသာစကားကို အများသုံးဘုံစကားအဖြစ်သုံးတဲ့၊ သီးခြားလွတ်လပ်စွာ ရပ်တည်နေတဲ့ ကျောင်းတွေမှာဆိုရင် ခိုင်မာတဲ့ ဖယ်ဒရယ် (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် သတ်မှတ်ကြတာ တွေ့ရပါတယ်။ ဗဟိုအစိုးရက မြန်မာမှုပြုထားတဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတဲ့အတွက် တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုပြီး တုံ့ပြန်ကြပါတယ်။

ဒေသအခြေအနေကိုလိုက်ပြီး ပညာရေးစနစ်အမျိုးမျိုး ကျင့်သုံးတာကို ဗဟိုအစိုးရ လက်မခံတာကြာပြီ ဖြစ်ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ပြောင်းလဲလာတယ်လို့ Ashley South နဲ့ Marie Lall တို့က ပြောဆိုပါတယ်။ အစိုးရကျောင်းမှာ တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်ပြုတာမျိုး တွေ့ရှိလာပေမယ့် ဘာသာရပ်တွေကို တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားတာမျိုးကတော့ အလွန်နည်းပါးသေးတယ်လို့ ဆိုပါတယ်။ ကွင်းဆင်းလေ့လာစဉ် တွေ့ရှိရတဲ့ လိုအပ်ချက်တွေကတော့ ပုံမှန်လစာရရှိရေး၊ ဆရာအတတ်သင်မှု ကောင်းမွန်ရေးနဲ့ ကျောင်းအဆောင်အဦးနဲ့ ပရိဘောဂ ရရှိရေးစတာတွေ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ပေါ်ထွက်လာတဲ့ သီးခြားပညာရေးစနစ်တွေဟာ အပစ်ရပ်ကာလမှာ ကျောင်းပြီသူတွေကို အခွင့်အလမ်းမပေးနိုင်ဘဲ ဖြစ်နေပါတယ်။ ဗမာစကားမတတ်တဲ့အတွက် ဗမာနဲ့ ပေါင်းစပ်ဖို့နဲ့ အလုပ်ရဖို့ ခက်ခဲပါတယ်။ တိုင်းရင်းသားနဲ့ ဒေသဆိုင်ရာကျောင်းကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါမှသာ တိုင်းရင်းသားကျောင်းဆင်းတွေဟာ အထူးမွမ်းမံသင်တန်းတက်ပြီး တူညီတဲ့အတန်းကို ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အစိုးရ စည်းမျဉ်းသတ်မှတ်ဖို့ လိုပါတယ်။ အခုအချိန်အထိတော့ ဘာမှမလုပ်သေးဘူးလို့ Ashley South နဲ့ Marie Lall တို့က ပြောဆိုပါတယ်။

XS
SM
MD
LG