သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ၆ နိုင်ငံက ခရီးသွားတွေ မြန်မာဆိုက်ရောက်ဗီဇာ ပေးမည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

အခုလာမယ့်အောက်တိုဘာ ၁ရက်ကစပြီး ဥရောပခြောက်နိုင်ငံကလာမယ့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးတော့မှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အရာရှိတဦးကပြောလိုက်ပါတယ်။ အာရှနိုင်ငံတချို့ကို မနှစ်က ဗီဇာဖြေလျှော့မှုတွေလုပ်ခဲ့ပေမဲ့လို့ ဝင်ငွေမရရှိတဲ့အကြောင်း ဝေဖန်မှုတွေရှိလာပြီးနောက်ပိုင်း အခုလိုဥရောပနိုင်ငံတွေဘက် ဖြေလျှော့မှုလုပ်လာတာဖြစ်နိုင်ကြောင်း ဝေဖန်တာတွေလည်း ရှိပါတယ်။ ကိုဇော်ထက် ရန်ကုန်ကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ဥရောပ ၆နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ သြစတီးယား၊ ရုရှ၊ ဆွစ်ဇာလန်၊ အီတလီ၊ စပိန် ခြောက်နိုင်ငံကခရီးသွားတွေ ပြည်ဝင်ခွင့်အဆင်ပြေဖို့အတွက် ဆိုက်ရောက်ဗီဇာကို အောက်တိုဘာကစပြီးပေးသွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကပြောပါတယ်။ လက်ရှိတော့ ဗီဇာကြေးသတ်မှတ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဌာနကိုအကြောင်းကြားထားကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက ဗွီအိုအေကိုပြောပါတယ်။

“ ဥရောပခြောက်နိုင်ငံက အခု ၂၀၁၉ အောက်တိုဘာလစမယ်၊ ဒါကျနော်တို့ခွင့်ပြုချက်ရပြီးပြီပေါ့နော် ဗီဇာကြေးသတ်မှတ်တဲ့ကိစ္စပေါ့နော် စသည်အားဖြင့် ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အဲဒီကနေကြေညာချက်နဲ့ စည်းမျဉ်းစည်းကမ်းထုတ်မှာပါ။”

ဟိုတယ်ခရီးဝန်ကြီးဌာနက ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုကို ဗီဇာဖြေလျှော့မှုတွေ မနှစ်ကတနှစ်ပေးခဲ့ပြီး ဒီနှစ်အတွက်လည်း သက်တမ်းထပ်တိုးသွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတူ လူမျိုးတုန်းသတ်ဖြတ်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲတယ်ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် အနောက်နိုင်ငံက ခရီးသွားတွေကို သတိပေးတာတွေ ရှိခဲ့သလို၊ အနောက်နိုင်ငံသား ခရီးသွားတွေလည်း မြန်မာနိုင်ငံကို အလာနည်းသွားခဲ့တာပါ။

လက်ရှိမှာ အာရှခရီးသွားတွေကိုပဲ အားထားနေရတဲ့မြန်မာနိုင်ငံမှာ ဥရောပခရီးသွားတွေအတွက် ခုလိုဗီဇာဖြေလျှော့မှုတွေ လုပ်ပေမဲ့လို့ ပြန်ကောင်းလာဖို့ မမျှော်လင့်နိုင်သေးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဒေါ်ကေသွယ်စိုးက ပြောပါတယ်။

“ လက်ရှိဥရောပခရီးသွားကတော့ အမတို့အခုအချိန်ကတော့ မိုးတွင်း low season ဖြစ်နေတဲ့အတွက် ဒီအချိန်က နှစ်တိုင်းကတော့ ဧည့်သည်သိပ်မရှိဘူးလေ တအားနည်းတယ်ပေါ့။ ဒါပေမဲ့ အခုလာမယ့်နှစ် ၂၀၁၉-၂၀၂၀ ပွင့်လင်းရာသီပေါ့ အမရဲ့အမြင်အရတော့ တအားကြီးတော့ ပြန်ကောင်းလာမယ်လို့ မမြင်ဘူး။”

၂၀၁၈မှာ ပြည်တွင်းဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားခရီးသည်အရေအတွက်ဟာ ၁.၄သန်းရှိပြီး ဒါဟာတနှစ်ကို ၂.၆ရာခိုင်နှုန်းတိုးလာတာလို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၆ရက်ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။ တရုတ်ဧည့်သည်က အများဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာ ထိုင်း၊ ဂျပန်၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စု အစဉ်အတိုင်းရှိပါတယ်။ လက်ရှိထိတော့ ပြည်တွင်းကိုဝင်ရောက်တဲ့ ခရီးသည်တွေဟာ အာရှနိုင်ငံတွေက ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG