သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ ဒီနေ့ နုတ်ထွက်မည်


(Zawgyi/Unicode)

ဗြိတိန်စံတော်ချိန် ဒီနေ့ည ၁၁ နာရီအချိန်ကျရင် EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်တော့မှာဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေ စုစည်းထားတဲ့ ဥရောပအသိုက်အဝိုင်းကြီးထဲ ၁၉၇၃ ခုနှစ်ထဲက ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ၄၇ နှစ်အကြာမှာ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ EU ထဲမှာ ဆက်နေလိုသူတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်တိုင်ထွန်း ဆုတောင်းပွဲလုပ်ကြဖို့ စီစဉ်ထားသလို နုတ်ထွက်လိုသူတွေကလည်း ချီတက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ စီစဉ်ထားကြပါတယ်။

ဒီနေ့ညပိုင်းကျရင် ဝန်ကြီးချုပ် Boris Johnson က ရုပ်သံပေါ်ကနေ မိန့်ခွန်းပြောတဲ့အခါ ဗြိတိန်နိုင်ငံအတွက် နေ့သစ်ပြန်စမယ်လို့ ပြောမယ်လို့ ခန့်မှန်းရပါတယ်။ EU ခေါင်းဆောင်တွေဘက်ကတော့ ဗြိတိန်နဲ့ EU ကြားပြည့်စုံတဲ့ သဘောတူညီချက်တွေကို ဒီနှစ်မကုန်ခင် ရနိုင်ဖို့ ခက်ခဲမယ်လို့ သတိပေးပါတယ်။

နောင်မှာ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေ မဖြစ်အောင် EU စံနဲ့မကွာတဲ့ စည်းမျဉ်းတွေ ဗြိတိန်က သတ်မှတ်သင့်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ EU စံချိန်တွေနဲ့ ဝေးကွာလေ EU ဈေးကွက်ထဲကို ဝင်နိုင်ဖို့ ဝေးကွာလေဖြစ်မယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံကနေ ၂၇ နိုင်ငံ ဖြစ်သွားတော့မယ့် EU ဘက်က ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဥရောပကော်မရှင် Ursula von der Leyen ဥရောပပါလီမာန်ဥက္ကဋ္ဌ David Sassoli တို့နဲ့အတူ Belgium နိုင်ငံ Brussels မြို့တော်မှာ ရှင်းလင်းပြခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ဒီကနေ့ တရားဝင် နုတ်ထွက်ပေမဲ့ အခုနှစ်ကုန်အထိ အကူးအပြောင်းကာလ သတ်မှတ်ထားပါတယ်။ အခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ EU ဥပဒေတွေအတိုင်း ဗြိတိန်နိုင်ငံ ဆက်လိုက်နာမှာဖြစ်တဲ့အတွက် ကုန်သွယ်ရေး၊ ခရီးသွားလာရေးကိစ္စတွေ အပြောင်းအလဲ ရှိဦးမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ EU ရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့ မူဝါဒရေးရာပိုင်းတွေမှာတော့ ဗြိတိန်နိုင်ငံ မပါဝင်နိုင်တော့ပါဘူး။ ဗြိတိန်နိုင်ငံ EU ထဲက နုတ်ထွက်သင့်မသင့် ၂၀၁၆ ခုနှစ်က ဆန္ဒခံယူပွဲမှာ နှုတ်ထွက်ဖို့ ဆန္ဒမဲပေးခဲ့ကြပြီးနောက် နုတ်ထွက်ရေး သဘောတူညီချက်တွေ ရဖို့ ဗြိတိန်နဲ့ EU ကြား ၃ နှစ်ခွဲလောက် အချိန်ယူ ဆွေးနွေး ညှိနှိုင်းခဲ့ကြရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG