မြန်မာစစ်တပ် ကို လက်နက် နဲ့ အခြားကိရိယာ ပစ္စည်းတွေ၊ နည်းပညာတွေ မပေးကြဖို့ ဥရောပ သမဂ္ဂ အီးယူ က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ၅၅/၂၀ မှာ ပြောထားတဲ့အတိုင်း လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်သုံးပစ္စည်းတွေ၊ တိုက်လေယာဥ်ဆီ၊ ထောက်လှမ်းရေး ပစ္စည်းတွေနဲ့ နည်းပညာတွေ ကို မလွှဲပြောင်း မရောင်းချကြဖို့ အီးယူ က တိုက်တွန်းလိုက်ပါတယ်။
၇၉ ကြိမ်မြောက် အထွေထွေညီလာခံ မှာ လူ့အခွင့်အရေး ကိစ္စတွေကို စဥ်းစားတဲ့ တတိယ ကော်မီတီ အတွက် အဆိုပြု ဆုံးဖြတ်ချက်ကို တင်သွင်းရာမှာ အီးယူက အခုလို ပြောခဲ့တာပါ။ ဒီဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ရာမှာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အိုအိုင်စီ၊ အထူးသဖြင့် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်လည်း အီးယူ က ကျေးဇူးတင်ကြောင်း ကြေညာချက်မှာ ပြောပါတယ်။
တိုင်းပြည်တဝန်း အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်တွေ နဲ့ အခြား လူနည်းစုတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်၊ မတော်မတရား လုပ်နေတာတွေကို အီးယူ က ရှုတ်ချလိုက်ပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက် အပြုံလိုက်သတ်တာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ နဲ့ လိင်အယူအဆ ကွဲပြားမှု အခြေခံ အကြမ်းဖက်တာ စတဲ့ မတရား အင်အားသုံး ဖိနှိပ်သလို ထင်သလို ဖမ်းဆီးနေတာတွေအတွက် ရတက်မအေးကြောင်းလည်း အီးယူ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပဋိပက္ခ ကာကွယ်ရေး၊ ပဋိပက္ခ ဆိုင်ရာ ဆုံးဖြတ်ချက် နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါအဝင် ဆုံးဖြတ်ချက် ချတဲ့ ဖြစ်စဥ်အားလုံးမှာ အမျိုးသမီးတွေ အပြည့်အဝ၊ တန်းတူညီမျှ၊ လုံခြုံစိတ်ချ၊ အဓိပ္ပါယ်ရှိရှိ ပါဝင်ခွင့်ရရှိရေးကိုလည်း အီးယူက တောင်းဆိုသွားပါတယ်။
Forum