ကချင်ပြည်နယ် အထူးဒေသ ၁ နယ်မြေမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီမြို့ကို ဒီကနေ့ အစောပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ KIA ပူးပေါင်းတပ်တွေ မကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ လန်ဆယ်မြို့မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေး ၃ ယောက် သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ၊ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာနဲ့ ကချင်အထူးဒေသ ၁ က နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီမြို့ကို ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက စတင်ပြီး KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို တရုတ်-မြန်မာနယ်စပ် ဒေသရှိ ကချင်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“ကန်ပိုက်တီမြို့ကိုကျတော့ ဒီမနက်ကနေ စပြီးတော့ ဝင်တိုက်နေတာပေါ့နော်။ လောလောဆယ်မြို့ထဲ တိုက်ပွဲတွေ ဖြစ်နေပြီတဲ့။ တချို့ စစ်ကောင်စီတပ်ဖွဲ့တွေက တရုတ်ပြည်ဘက် ထွက်ပြေးသွားတာတွေ လည်း ရှိတယ်တဲ့။ စစ်ကောင်စီနဲ့ စစ်ကောင်စီမိသားစုဝင်တွေပေါ့။ ကန်ပိုက်တီက သိမ်းလို့ ရခါနီးပြီပေါ့။”
လက်ရှိ ကန်ပိုက်တီ တိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။
ကန်ပိုက်တီမြို့အနီး စင်ကြိုင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၀၃ကို KIA ပူးပေါင်းတပ် တွေက အောက်တိုဘာလ ၂၁ ရက်နေ့က သိမ်းယူထားပြီး ဒီကနေ့မှာ ကန်ပိုက်တီကို တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
ဒီလ ၁၀ ရက်နေ့က KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တဲ့ ဆော့လောမြို့နယ်က လန်ဆယ်ရွာကို ဒီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေ သေဆုံးတာရှိခဲ့ကြောင်း ကချင်ဒေသခံကပြောပါတယ်။
“၁၈ရက်နေ့ ညနေပိုင်းမှာလည်း KIA က ဒီရက်ပိုင်း သိမ်းထားတဲ့ လန်ဆယ်ရွာဘက်ကို စစ်ကောင်စီက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်တော့ ကလေး သုံးယောက် သေဆုံးတာ ရှိတယ်တဲ့။”
ဦးဇခုန်တိန်းယိန်းဦးဆောင်တဲ့ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K အဖွဲ့ ဟာ စစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် ကချင်အထူးဒေသ ၁ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ NDA- K တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းလဲခဲ့ပါတယ်။
ဒီလ စက်တင်ဘာလကုန်ပိုင်းမှာတော့ ကချင်အထူးဒေသ ၁ က ချီဖွေနဲ့ ဆော့လော့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ကန်ဖန်၊ လန်ဆယ် စတဲ့မြို့ရွာတွေကို သိမ်းယူခဲ့သလို အထူးဒေသ ၁ရှိ နယ်ခြားစောင့်တပ် ၁၀၀၁၊ ၁၀၀၂ ၊ ၁၀၀၃တို့ကို လည်း သိမ်းယူခဲ့ပါတယ်။ ပန်ဝါမြို့မှာ တိုက်ပွဲပြင်းထန်စဉ် တရုတ်နိုင်ငံက KIA ကို ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့ ဖိအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ကန်ပိုက်တီမြို့ဟာ တရုတ်-မြန်မာကုန်သွယ်ရေးစခန်း တည်ရှိရာ နေရာ ဖြစ်သလို ပန်ဝါဒေသကတော့မြေရှားသတ္တုထွက်ရှိရာဒေသဖြစ်တာကြောင့် စီးပွားရေးအရ အရေးပါတဲ့နယ်မြေ တခုလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ မိုးမောက်မြို့နယ်နဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်တွေမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Forum