သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခဒေသအတွက် EU ယူရို ၉သန်း ထောက်ပံ့မည်


ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည်စခန်းတခု
ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည်စခန်းတခု

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသ ၃ ခုမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ယူရိုငွေ ၉ သန်း ထောက်ပံကူညီသွားဖို့ရှိသလို၊ နောက်ထပ် ယူရို ၃သန်းကိုလည်း သဘာ၀ ဘေးအန္တရာယ် ကာကွယ်လျော့ချတဲ့ ကိစ္စရပ်တွေမှာသုံးဖို့ အကူအညီတွေ ပေးသွားမယ်လို့ အီးယူ ဥရောပ သမဂ္ဂက ကြေညာလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အီးယူ ဥရောပ သမဂ္ဂရဲ့ စာနာမှု အကူအညီပေးရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး Christos Stylianides ရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ ပေးဖို့ ယူရိုငွေ ၁၂ သန်းထိ ပေးလှုသွားမယ်လို့ ပြောဆိုလိုက်တာပါ။ ဒီငွေတွေကို ရခိုင်၊ ရှမ်း၊ ကချင် စတဲ့ ပဋိပက္ခဖြစ်ခဲ့ရာ ဒေသတွေက လူမျိုးတွေအတွက် အပါအဝင် သဘာ၀ ဘေးအန္တရာယ် ကာကွယ်လျော့ချတဲ့ လုပ်ငန်းရပ်တွေမှာ အသုံး ပြုသွားမှာဖြစ်တယ်လို့ အီးယူထိပ်ပိုင်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“အခုကတော့ Humanitarian Assistance လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ၊ သဘာဝဘေးနဲ့ ပတ်သက်လို့ ကြိုတင်စီမံတဲ့ကိစ္စပေါ့ သဘာဝဘေးကြိုတင်ကာကွယ်ရေးပေါ့ အဲဒီ ၂ ခုအတွက်ကို သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ် အကူအညီပေးချင်ပါတယ်လို့ပြောတယ် အရင်ကလည်း ကူညီခဲ့ဖူးတယ်။ အရင်တုန်းကတော့ UN အဖွဲ့အစည်းတွေကတဆင့် သူတို့က ကူညီပေးနေတာပေါ့နော် အခုလည်း အကူအညီပေးမယ် ဒီနှစ်လည်း အဲလိုမျိုးပြောသွားတာ။”

စာနာမှုဆိုင်ရာ မဟာမင်းကြီး Stylianides ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောဒေသကို ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့သလို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် နိုင်ငံခြားရေး ဒုဝန်ကြီးတို့နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အဆုံးမှာတော့ အဲဒီ့ဒေသမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ အများကြီး လိုအပ်နေပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေေကြောင့် အာဟာရ ချို့တဲ့မှုနှုန်းတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြောတာက

“အာဟာရ ချို့တဲ့ခြင်းဆိုတာက ဒီမြန်မာနိုင်ငံမှာ တနိုင်ငံလုံးမှာရှိတယ်။ တနိုင်ငံလုံးမှာ ကျေးလက်တောရွာတွေမှာကော နိုင်ငံအနှံ့မှာ အထိုက်အလျောက်ကတော့ အာဟာရ ချို့တဲ့ခြင်းဆိုတာကသေချာပေါက်ရှိတယ်။ သို့သော် ဆိုးဆိုးဝါးဝါး အာဟာရ ချို့တဲ့ခြင်းတွေ အစုလိုက်အပြုံလိုက်ဖြစ်ပြီလားဆိုတာက မဖြစ်ဘူး ဘာကြောင့်လဲဆိုတော့ ရခိုင်ဒေသမှာမရှိဘူး။ ကျနော်တို့က ဟိုအဝေးကြီးမြောက်ပိုင်းဘက်တွေကို အကုန်အနှံ့ရောက်တယ်။ အဲဒီတော့ အင်မတန်ကိုဆိုးဝါးတဲ့ အာဟာရ ချို့တဲ့ခြင်းဆိုတာက ရှားရှားပါးပါးတွေ့တယ် ရှိတော့ရှိတယ် ရှားရှားပါးပါးတွေ့တယ်။ ဆိုတော့ ကျနော်တို့မျက်မြင်မှာတော့ ပြင်းထန်တဲ့ အာဟာရ ချို့တဲ့ခြင်းဆိုတာတို့ များများစားစား အစုလိုက်အပြုံလိုက် ဆိုတာတို့ကို မတွေ့ဘူး။ ဆိုတော့ Generally ပြောရရင်တော့ ရခိုင်ဘက်မှာဆိုရင် တချို့ဒေသတွေမှာတော့ တွေ့တယ် ဟိုဘက်က မောင်တောတို့ဘာတို့မှာဆိုရင်တော့ မွတ်ဆလင်ဘာသာ ကိုးကွယ်တဲ့ အုပ်စုတွေမှာတော့ သိပ်မရှိဘူး အာဟာရ ချို့တဲ့တာ ပြင်းပြင်းထန်ထန်မရှိဘူး။ ရခိုင်ဘက်မှာတော့ တချို့တွေ့တယ် စသဖြင့်ပေါ့နော် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ တွေ့ရသလောက်ပဲတွေ့တယ်။ ပိုပြီးတော့ အကြီးအကျယ်ကြီးဆိုးဝါးနေတာကတော့ မရှိဘူး။ စပြီးတော့ အစိုးရတက်လာကတည်းက အထူးရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသတည်ငြိမ်အေးချမ်းရေးဆိုပြီးတော့ သီးသန့်Development ကိုကျနော်တို့လုပ်တယ်။ လုပ်တဲ့အတွက်ကြောင့်ထောက်ပံ့မှုတွေက ဆက်တိုက်ရှိနေတယ်။ လိုအပ်သလားဆိုတော့ ၁ နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ရင်တော့ လိုအပ်မှာပေါ့ ၊ ဒါပေမယ့် အဲဒီ၁ နေရာထဲမှာကွက်ပြီးတော့ အများကြီးလိုနေပြီလားလို့ပြောရင်တော့ အဲလိုတော့မဟုတ်ဘူးလို့ ကျနေ်ာ့အနေနဲ့ထင်တယ်။”

စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်နဲ့ ပတ်သက်လို့ အစိုးရကို လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့တွေက ကူညီပံ့ပိုးပေးနေပေမယ့်လို့ ပဋိပက္ခဖြစ်ခဲ့ရာ ဒေသတွေမှာ မြန်ဆန်ပြီးလွယ်ကူချော့မွေ့တဲ့ အကူအညီတွေ ပေးနိုင်ဖို့ စာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေ ပိုပြီး လိုအပ်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ရခိုင်မြောက်ပိုင်းဒေသကို ပိုပြီး လွတ်လွတ်လပ်လပ်သွားရောက်နိုင်ဖို့ အီးယူ စာနာမှုဆိုင်ရာမဟာမင်းကြီးက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲြ့ပါတယ်။ အခု အီးယူ ဥရောပ သမဂ္ဂက ပေးလှူခဲ့တဲ့ အကူအညီအသစ်တွေဟာ တောင်နဲ့ အရှေ့အာရှ ဒေသအတွက် အီးယူက ပေးဖို့ရှိတဲ့ အလှုငွေ ယူရို ၂၇ သန်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တကည်းက အီးယူဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအတွက် ယူရိုငွေ သန်းပေါင်း ၂၂၉ သန်းအထိ ပေးလှူခံ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG