သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရို ၂၀၁၆ တနင်္ဂနွေနေ့ပွဲစဉ်များ သုံးသပ်ချက်


ယူရို ၂၀၁၆ တနင်္ဂနွေနေ့ပွဲစဉ် တူရကီ နဲ့ ခရိုအေးရှားအသင်း တို့ ကစားနေစဉ်
ယူရို ၂၀၁၆ တနင်္ဂနွေနေ့ပွဲစဉ် တူရကီ နဲ့ ခရိုအေးရှားအသင်း တို့ ကစားနေစဉ်

ယူရို ၂၀၁၆ ဘောလုံးပွဲမှာတော့ အုပ်စု C က ကမ္ဘာ့ချန်ပီယံ ဂျာမနီ နဲ့ ယူကရိန်းတို့ ဒီကနေ့ ကစားမှာဖြစ်ပြီး၊ ဂျာမနီနည်းပြကတော့ သူ့အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ဒီပွဲအတွက် စိုးရိမ်မှုမရှိပဲ အနိုင်ရဖို့ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ပိုလန် နဲ့ မြောက်အိုင်ယာလန်၊ တူရကီ နဲ့ ခရိုအေးရှားအသင်းတို့လည်း ဒီကနေ့ကစားကြမှာဖြစ်ပြီး၊ ယူရိုပြိုင်ပွဲ နောက်ဆုံးအခြေအနေတွေ နဲ့ ပွဲကြိုသုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်တင်ပြထားပါတယ်။

ပြင်သစ်မှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ဘောလုံးပွဲရဲ့ ဒုတိယနေ့ပွဲတွေမှာ လူငယ်ချာတိတ်တွေအများစုနဲ့ ပွဲထွက်လာတဲ့ ဘောလုံးဘိုးအေ အင်္ဂလန်အသင်းက ရုရှား နဲ့ ပွဲဦးထွက်မှာ ဒဏ်ရာရအချိန်ပိုမှာ ပေးလိုက်ရတဲ့ ဂိုးနဲ့ ၁ ဂိုးစီသရေဖြစ်ပြီးတော့ ဥရောပဖလားအဖွင့်ပွဲမှာ တခါမှ မနိုင်ဖူးတဲ့အစဉ်အလာကို ဆက်ထိန်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ၅၈ နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ခွင့်ရတဲ့ ဝေးလ်စ်အသင်းကတော့ ပွဲဦးထွက်မှာ ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်လိုက်တာကြောင့် အုပ်စု B မှာ ဝေးလ်စ်က ၃ မှတ်၊ အင်္ဂလန် နဲ့ ရုရှားက ၁ မှတ်စီ ဖြစ်နေပါတယ်။

ဒီကနေ့ညကစားမယ့် ပိုလန် နဲ့ မြောက်အိုင်ယာလန် ၊ တူရကီ နဲ့ ခရိုအေးရှား ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး Soccer Follow ရဲ့ အယ်ဒီတာချုပ် ကိုကျော်ကျော်မျိုးဟန် ပြောတာကတော့

“ပိုလန် နဲ့ မြောက်အိုင်ယာလန်ပွဲကတော့ ကျနော်ကတော့ ပိုလန်ကြိုက်တယ်။ မြောက်အိုင်ယာလန်ကတော့ သူတို့ပြိုင်ပွဲတွေ ၁၂ ပွဲဆက်တိုက်တော့ မရှုံးဘူး။ မြောက်အိုင်ယာလန် နည်းပြ မိုက်ကယ်အိုနီးလ် (Michael O'Neill) ရဲ့ဦးဆောင်မှုမှာ အသင်းက တော်တော်လေးစည်းစည်းလုံးလုံးရှိပြီးတော့ စိတ်ဓါတ်လည်းကောင်းတယ်။ ဒါပေမယ့် သူတို့က ဒီပြိုင်ပွဲမှာ နှစ်ပေါင်းတော်တော်ကြာပြီးမှ ပြန်ပြီး ကန်နိုင်တဲ့အခြေအနေမှာ၊ သူတို့ ကစားသမားတွေ အပိုင်းကတော့ ပိုလန် ခြေကို မမှီဘူး။ ပိုလန်မှာ လယ်ဗန်ဒေါ့စကီး ရှိမယ် ၊ ဘလာဇီကော့စကီး ရှိမယ်။ အဲလိုကစားသမားကောင်းတွေရှိတယ်ဆိုတော့ ပွဲချိန်ကြာလာတာနှင့်အမျှ ကန်ချက် က ပျော့သွားမယ်လို့ထင်တယ်။ တူရကီ နဲ့ ခရိုအေးရှားအသင်းကတော့ ရလဒ် သရေထွက်မယ်လို့ထင်တယ်။ တူရကီက ခံစစ်ပိုင်းမှာကောင်းတယ် သူ့မှာလည်းကစားသမားကောင်းတွေရှိတယ်။ ခရိုအေးရှားက ပိုပြီးစုဖွဲ့ပြီး ပါတာပေါ့လေ။ သူမှာက ကမ္ဘာ့ထိပ်တန်းကစားသမားတွေရှိနေတယ်။ ဒါပေမယ့် မထင်မှတ်ပဲ ရလဒ်ကောင်းထွက်ပေါ်လာမယ်လို့တော့ထင်တယ်။”

ဒီကနေ့ ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ တူရကီ နဲ့ ခရိုအေးရှား၊ ၁၀ နာရီခွဲမှာ ပိုလန် နဲ့ မြောက်အိုင်ယာလန်၊ တနင်္လာနေ့မနက် ၁ နာရီခွဲမှာ ကမ္ဘာ့ချန်ပီယံ ဂျာမနီ နဲ့ ယူကရိန်းတို့ ကစားကြမှာပါ။ ဂျာမနီ နဲ့ ယူကရိန်းပွဲမှာတော့ အသင်းခေါင်းဆောင် Schweisteiger လည်း ရာနှုန်းပြည့် ကြံ့ခိုင်မှု မရသေးသလို၊ ဂျာမနီ နောက်တန်းက Mats Hummel လည်း ဒီပွဲမှာ မပါနိုင်တဲ့အတွက် ဂျာမနီခံစစ်ပိုင်းက အားနည်းနေပါတယ်။ ဒါပေမဲ့ ဂျာမနီနည်းပြ Joachim Loew ကတော့ - သူ့အနေနဲ့ ဒဏ်ရာပြဿနာ တွေကို စိုးရိမ်မှုမရှိဘဲ၊ ပွဲဦးထွက်မှာ ယူကရိန်းအသင်းကို နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဒဏ်ရာရနေတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာမရှိပါဘူး။ မတ်စ်ဟာမဲလ် Mats Hummels က ူ့ရဲ့ ကြံ့ခိုင်မှု ၁၀၀ % ပြန်ဖြစ်လာအောင် သူအစွမ်းကုန်လုပ်နေပြီး ဒီနေ့တော့အသင်းနဲ့ လေ့ကျင့်တယ်။ ယူကရိန်းနဲ့ပွဲမှာတော့ ပြန်ကစားနိုင်အုံးမှာမဟုတ်ပါဘူး။ ဒီအတိုင်းဆက်သွားရင် ရှေ့တပတ်လောက်ကစားနိုင်မှာပါ ကျန်တဲ့လူတွေကတော့ ဒဏ်ရာတွေပျောက်ကုန်ပါပြီ။ အားလုံး ပြန်လေ့ကျင်နေပါပြီ။”

ယူကရိန်းအသင်းနည်းပြ မီခေးလ်ကို ဖိုမန်ကိုကတော့ ကမ္ဘာ့ချန်ပီယံဂျာမနီ နဲ့ ကစားရမယ့်ပွဲက ခက်မှာဖြစ်ပေမယ့်၊ ပွဲဦးထွက်မှာ တွေ့ရတာကိုတော့ ကျေနပ်တယ်လို့ ပြောပါတယ်။ ဆိုတော့ ဂျာမနီ နဲ့ ယူကရိန်းအသင်း ကစားမယ့်ပွဲအပေါ်မှာ Soccer Follow ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကျော်ကျော်မျိုးဟန်က ဘယ်လိုသုံးသပ်ပါသလဲ။

“အခုလက်ရှိကျနော်မြင်တာကတော့ သိပ်အားမရဘူး။ ကျနော်ကတော့ နောက်တန်းပိုင်းက အားနည်းချက်ရှိမယ်လို့ ကျနော်မြင်တာပေါ့နော်။ သူတို့အနေနဲ့ အနိုင်ရမယ်ဆိုရင်တောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်တယ်။သရေလည်း ကျသွားနိုင်တာပေါ့နော်။ ဂျာမနီက နောက်ပိုင်းမှာ မကောင်းဘူးလေ။ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ သူတို့ ရှုံးပွဲတွေတော်တော်တွေ့တယ်။ သူတို့နောက်ပိုင်းက အားနည်းတာကိုတွေ့ရတယ်။ အရင် ကမ္ဘာ့ဖလားရခဲ့တဲ့ ပွဲမဟုတ်ပဲနဲ့ အခုနောက်ပိုင်းဂျာမနီအသင်းက တော်တော်လေး ခံစစ်ပိုင်းအားနည်းနေတယ်။ ဟာမဲလ်တယောက်လည်းမပါနိုင်ဘူးဆိုတော့ သူတို့အနေနဲ့ ယူကရိန်းရဲ့ တိုင်စစ်တွေကို သိပ်ထိန်းနိုင်မယ်မထင်ဘူး။ ဂိုးတောင်ပြန်ပေးရမယ်ထင်တယ်။ ကျနော်ကတော့ ဂျာမနီ ကို လောက်ပဲနိုင်မယ်ထင်တယ်။ အဖွဲ့ခွဲတွေမှာလည်း ဘယ်သူမှမရှုံးသေးဘူး။ သူကခြေစမ်းပွဲတွေ တွေ့ရအောင်လည်း မရူံးသေးဘူး”

ဂျာမနီအသင်းဟာ ဥရောပဖလား သမိုင်းတလျှောက် ပွဲဦးထွက်ကိုတခါမှာ ရှုံးခဲ့ဖူးတဲ့အစဉ်အလားတော့မရှိပါဘူး။ ဂျာမနီ နဲ့ ယူကရိန်းအသင်းဟာ အရင်က ၅ ကြိမ်တွေ့ထားတာမှာ ဂျာမနီက ၂ ပွဲနိုင်ပြီး ၃ ပွဲ သရေကျပါတယ်။ ဂျာမနီအသင်းဟာ ဥရောပဖလားကို ၃ ကြိမ်ဗိုလ်စွဲထားပြီး၊ နောက်ဆုံးအကြိမ်ရထားတာကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ အင်္ဂလန်မှာလုပ်တဲ့ ယူရို ၉၆ မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG