သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပိုင်ထိန်းချုပ်ငွေ အမြတ်အစွန်းတွေကို ယူကရိန်းထောက်ပံ့ဖို့ EU သဘောတူ


ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောင်မြင်မှုနေ့အထိမ်းအမှတ် ရင်ပြင်နီမှာကျင်းပတဲ့ စစ်ရေးပြအခမ်အနားမှာ S-400 မစ်ဇိုင်းဒုံးများကို တွေ့ရစဥ်။ (မေ ၉၊ ၂၀၂၄)
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောင်မြင်မှုနေ့အထိမ်းအမှတ် ရင်ပြင်နီမှာကျင်းပတဲ့ စစ်ရေးပြအခမ်အနားမှာ S-400 မစ်ဇိုင်းဒုံးများကို တွေ့ရစဥ်။ (မေ ၉၊ ၂၀၂၄)

ရုရှားကိုဒဏ်ခတ်အရေးယူပြီး ထိန်းသိမ်းထားတဲ့ငွေကရတဲ့ အမြတ်အစွန်းတွေကို ယူကရိန်းအတွက် လက်နက်ထောက်ပံ့ရာမှာသုံးမယ့် မူဝါဒကို အီးယူ ဥရောပသမဂ္ဂက သဘောတူလိုက်ပါပြီ။

အီးယူအနေနဲ့ ခုထက်ပို လုပ်ဆောင်ဖို့နဲ့ ရုရှားဆီက ဘီလီယံနဲ့ချီထိန်းသိမ်းထားတာအားလုံးကို ယူကရိန်းအတွက် သုံးဖို့ အမေရိကန်ကတောင်းဆိုနေပေမယ့် အီးယူကတော့ အခု နွေရာသီမှာ ပထမအသုတ် ထောက်ပံ့ငွေ ပေးအပ်မှာဖြစ်ကြောင်း ပြောပါတယ်။ အခုလို မူဝါဒဆိုင်ရာသဘောတူညီချက်ရတာကို အီးယူအရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen ကတော့ ဒါဟာ အခိုင်မာဆုံးပြသမှု တခု ဖြစ်သလို ဒီငွေကို သုံးတာဟာလည်း ယူကရိန်းနဲ့ ဥရောပတခုလုံးကို လုံခြုံစိတ်ချစွာ နေထိုင်နိုင်တဲ့ နေရာ ဖြစ်လာအောင် အကောင်းဆုံးလုပ်ဆောင်မှုဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

အီးယူကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Valdis Dombrovskis ကတော့ ဒီနွေမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီအဓိကပါဝင်တဲ့ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁,၀၀၀ ပေးဖို့ ရှိတဲ့အပြင် ရုရှားဟာ သူကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် သူတိုက်ရိုက်ပေးဆပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ အနောက်နိုင်ငံတွေမှာရှိတဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ကုမ္ပဏီတွေက ရုရှားပိုင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ထိန်းချုပ်ထားတဲ့အပြင် ရုရှားရဲ့ဗဟိုဘဏ် ငွေကြေးဆက်နွယ်မှုတွေကိုပါ ၂၀၂၂ ဖေဖေါ်ဝါရီ ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကတည်းက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီထဲက ၇၀ % လောက်ဖြစ်တဲ့ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ကို ဘရပ်ဆဲလ်မှာရှိတဲ့ Euroclear ကုမ္ပဏီက ထိန်းချုပ်ထားတာပါ။ ရုရှားရဲ့ငွေကြေးဆက်နွယ်မှုအားလုံးကို အပြည့်အဝထိန်းချုပ်ပြီး ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကိုပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ကနေဒါ နိုင်ငံတွေက အီးယူကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကပဲ အမေရိကန်နိုင်ငံက သူ့နိုင်ငံတွင်း ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ အရံနိုင်ငံခြားငွေအားလုံးကို ယူကရိန်းအတွက် လက်နက်ထောက်ပံ့ပေးဖို့ ဥပဒေပြဌာန်းပေးခဲ့တာပါ။ ဥရောပသမဂ္ဂကတော့ ဒီကိစ္စအတွက် သတိကြီးကြီးထား ဆောင်ရွက်နေတာဖြစ်ပြီး အခု ဗုဒ္ဓဟူးနေ့မှာမှ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့ အမြတ်အစွန်းကိုပဲအသုံးချဖို့မူကို သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို အီးယူဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ မေလ ၁၄ ရက် အစည်းအဝေးမှာ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG