သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအုပ်ချုပ်မှုအပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ဥရောပပါလီမန်အတည်ပြု


ပြင်သစ်အရှေ့ပိုင်း Strasbourgh မြို့က ဥရောပပါလီမန်မှာ ဥရောပအရေးဆွေးနွေးချိန် မိန့်ခွန်းပြောနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ဖ်ရှော့ဇ် (Olaf Scholz) (မေ ၉၊ ၂၀၂၃)
ပြင်သစ်အရှေ့ပိုင်း Strasbourgh မြို့က ဥရောပပါလီမန်မှာ ဥရောပအရေးဆွေးနွေးချိန် မိန့်ခွန်းပြောနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ဖ်ရှော့ဇ် (Olaf Scholz) (မေ ၉၊ ၂၀၂၃)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဥရောပပါလီမန်မှာ ဒီကနေ့ မဲခွဲအတည်ပြုလိုက်ပါတယ်။ ဥရောပပါလီမန်မှာ ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုနဲ့ တရားမဝင် အုပ်ချုပ်နေမှုကို အပြင်းအထန်ရှုတ်ချထားပြီး နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားစွာ ချိုးဖောက်နေမှုတွေကို ရပ်ဖို့နဲ့ အရပ်သားအစိုးရအုပ်ချုပ်မှု ပြန်လည်တည်ဆောင်ရေး တောင်းဆိုထားပါတယ်။

နိုင်ငံရေးပါတီ အခု ၄၀ ကို ဖျက်သိမ်းတဲ့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ရဲ့ မကြာသေးခင်တုန်းက လုပ်ရပ်အပေါ် ရှုတ်ချထားပြီး နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီရဲ့ အမြဲတစေ လေကြောင်းက တိုက်ခိုက်နေမှုတွေကိုလည်း ရှုတ်ချထားပါတယ်။စစ်ကောင်စီက နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှုကို ပြင်ဆင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဒီနေ့မှာ မဲခွဲချမှတ်လိုက်တဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။ မတရားသဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေ စစ်ကောင်စီ သတ်မှတ်ထားတာကို ချက်ချင်းရပ်ဖို့၊ အင်အားသုံးနှိမ်နင်းနေတာတွေကို ရပ်ဖို့၊ အရပ်သားအစိုးရနဲ့ လွှတ်တော်ကို ပြန်လည် တည်ဆောင်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည်တွေနဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေကို တိုးပေးဖို့ အီးယူ ဥရောပသမဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ အီးယူအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပုဂလိကကုမ္ပဏီတွေအနေနဲ့လည်း အလုပ်သမားအခွင့်အရေးကို ကာကွယ်ဖို့နဲ့ လူ့အခွင့်အရေး မြဲခိုင်အောင် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာနဲ့အတူ အယ်လ်ဂျီးယားနဲ့ ဘဲလာရုစ်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG