သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်တွေ ပြောင်းရွှေ့ဝင်ရောက်မှု ဥရောပ စိုးရိမ်


ရွှေ့ပြောင်းလာသူများ။
ရွှေ့ပြောင်းလာသူများ။

အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကဦးချိုဒေသအပါအဝင် မူဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီပိတ်ပင်တဲ့ အငြင်းပွါးဖွယ် အမိန့်အတွက် သမ္မတ Trump လက်မှတ်ရေးထိုး မထုတ်ပြန်ခင်တုန်းက ဥရောပနိုင်ငံတွေမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေကို ကြည့်ရင် မူဆလင် အများစုနေထိုင်ရာ နိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်လာမယ့် သူတွေနောက်ထပ် သူတို့နိုင်ငံထဲ ဝင်ရောက်လာမှာကို ဥရောပနိုင်ငံသား အများစုက လက်မခံကြောင်း တွေ့ရပါတယ်။

မူဆလင်အများစု နေထိုင်တဲ့ နိုင်ငံတွေကနေ လာရောက် ရွှေ့ပြောင်းအခြေချမှာကို လူတန်းစားမျိုးစုံက အတော်စိုးရိမ်ကြတယ် ဆိုတာကို စစ်တမ်း အချက်အလက်တွေက ပြနေတယ်လို့ Chatham House ဗြိတိသျှ သုတေသနအဖွဲ့က ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။ စစ်တမ်းကောက်ယူမှုကနေ ဥရောပ ဆယ်နိုင်ငံက လူအတော်များများက သူတို့နိုင်ငံတွေထဲ မူဆလင် အများစုနေထိုင်တဲ့ နိုင်ငံတွေက လူတွေ နောက်ထပ် ရွှေ့ပြောင်း ဝင်ရောက်မှုကို ရပ်ဆိုင်းစေချင်ကြောင်း တွေ့ရတာ ဖြစ်ပါတယ်။

အခုလို မူဆလင်တွေ နောက်ထပ် ရွှေ့ပြောင်းဝင်ရောက်မှုကို လက်မခံကြတဲ့ ပုံစံအမျိုးမျိုးတွေ့ရပြီး အသက်အရွယ်၊ ပညာအရည်အချင်း အလိုက် ကွာခြားတာ တွေ့ရတယ်လို့ Chatham House ကပြောပါတယ်။ ပင်စင်စားတွေနဲ့ အသက်ကြီးတဲ့ ဥရောပသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ချိန်မှာ အသက် ၃၀ အောက်တွေက သိပ်မဆန့်ကျင်ကြ သလို အထက်တန်းအောင်တွေထဲက ၅၉ % က ကန့်ကွက်ကြပေမယ့် ကောလိပ်ပညာတတ်တွေထဲက ထက်ဝက်လောက်ကပဲ ကန့်ကွက်ကြတာပါ။ ဒါ့အပြင် ကျေးလက်တွေမှာ နေသူတွေက မြို့ပြနေသူတွေထက် ဒီရွှေ့ပြောင်းအခြေချသူတွေကို လက်မခံချင်ကြတာ တွေ့ရပါတယ်။

အခုလို အသက်အရွယ်၊ နေရာဒေသနဲ့ ပညာရေးအလိုက် ကွဲပြားမှုတွေကို ကြည့်ရင် ပြီးခဲ့တဲ့နှစ်တုန်းက ဗြိတိန်နိုင်ငံ အီးယူ ဥရောပကနေ ခွဲထွက်ဖို့ ဆန္ဒရှိမရှိ ကောက်ယူတဲ့ စစ်တမ်းနဲ့ တူနေတာ တွေ့ရပါတယ်။ ဥရောပ ဆယ်နိုင်ငံမှာ ကောက်ခံတဲ့ စစ်တမ်းကို ခြုံကြည့်မယ်ဆိုရင် မူဆလင် ရွှေ့ပြောင်းအခြေချသူတွေကို နောက်ထပ် လက်မခံချင်သူက ၅၅ ရာခိုင်နှုန်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG