သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရက်တောင် အထိမ်းအမှတ်နေ့ ဆင်နွှဲ 


ဒီနှစ် တောင်တက်ရာသီမှာ တောင်ထိပ်ကို ၂၂ ရက်နေ့ မေလက တက်ရောက်နိုင်ခဲ့ကြသူတွေ။
ဒီနှစ် တောင်တက်ရာသီမှာ တောင်ထိပ်ကို ၂၂ ရက်နေ့ မေလက တက်ရောက်နိုင်ခဲ့ကြသူတွေ။

နီပေါလ်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ ဧဝရက်တောင် အထိမ်းအမှတ်နေ့ကို ဆင်နွှဲကြပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သဘာ၀ ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ကမ္ဘာ့အမြင့်ဆုံးတောင်ကို ဒီလအတွင်း ရာပေါင်းများစွာသော တောင်တက်သမားတွေ တက်ရောက်နိုင်ဖို့ တောင်တက်ကြိုးတွေ ပြင်ဆင်ပေး၊ လမ်းဖောက်ပေးတဲ့ Sherpa တောင်တက်လမ်းပြ ၉ ဦးကို ဂုဏ်ပြုရင်း အထိမ်းအမှတ်ပြုကြတာပါ။

နီပေါလ်နိုင်ငံမြို့တော် ခတ္တမန္ဒူမှာကျင်းပတဲ့ အခမ်းအနားမှာ ဝန်ကြီးချုပ် Khadga Prasad Oli က Sherpa ဒေသခံ လမ်းပြ အမျိုးသားတွေကို ပန်းစည်းတွေနဲ့အတူ အမေရိကန် ဒေါ်လာ ၄၆၀ နဲ့ညီမျှတဲ့ နီပေါလ် ရူပီးငွေ ၅၀,၀၀၀ တန် ချက်လက်မှတ်တွေ ချီးမြှင့်ခဲ့ပါတယ်။

ဧဝရက်တောင် အထိမ်းအမှတ်နေ့ကတော့ ၁၉၅၃ ခုနှစ်က တောင်ထိပ်ကို ပထမဆုံး အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့သူ နယူးဇီလန်နိုင်ငံသား Edmund Hillary နဲ့ သူ့ရဲ့ Sherpa ဒေသခံလမ်းပြ Tenzing Norgay တို့ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ထောင်နဲ့ချီတဲ့ တောင်တက်သမားတွေ ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့ကြပြီး လုူပေါင်း ၂၈၀ သေဆုံးခဲ့ကြတဲ့အထဲမှာ ဒီလအတွင်းမှာဘဲ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ဂုဏ်ပြုခံရသူတွေကတော့ ဒီနှစ် တောင်တက်ရာသီမှာ တောင်ထိပ်ကို မေလ ၁၁ ရက် နေ့က အရင်ဆုံး တက်ရောက်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တောင်တက်လမ်းကြောင်းတလျှောက်ကို ပြင်ဆင်နိုင်ခဲ့တာကြောင့် လူပေါင်း ၄၀၀ ကျော် ဧဝရက်တောင်ကို တက်ရောက်နိုင်ခဲ့ကြတာပါ။

ဒီနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံသား တောင်တက်သမား နှစ်ဦးတို့ ဖြစ်ကြတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ မေလ ၁၉ ရက်နေ့က ဧဝရက်တောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG