သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သတင္းေကာင္း ေမွ်ာ္လင့္ခ်က္


၂၀၁၈၊ ေအာက္တိုဘာ ၁၅ ရက္ေန႔ကက်င္းပတဲ့ တႏိုင္ငံလံုးအပစ္ရပ္စဲေရး တတိယေျမာက္ႏွစ္အထိမ္းအမွတ္ပြဲမွာ ေတြ႔ရတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္

[[Zawgyi/Unicode]]

သတင္းေကာင္း ေမွ်ာ္လင့္ခ်က္
please wait

No media source currently available

0:00 0:11:22 0:00
တိုက္႐ိုက္ လင့္ခ္


ကုန္ဆုံးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း သတင္းမီဒီယာေတြမွာ အထူးသျဖင့္ ျမန္မာႏိုင္ငံက သတင္းဆိုးေတြနဲ႔ ျပည့္ ႏွက္ ေနခဲ့ပါတယ္။အခု ႏွစ္သစ္မွာေကာ သတင္းေကာင္းေတြမ်ား ေပၚထြက္လာႏိုင္ဖြယ္ရွိပါသလား။ VOA (ျမန္မာပိုင္း) က သတင္းသမား ႏွစ္ဦးျဖစ္တဲ့ ဦးတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထား ၾကပါတယ္။
ေမး ။ ။ ၂၀၂၁ တုန္းကေတာ့ ပြင့္ပြင့္လင္းလင္း ေျပာၾကစို႔ဆိုရင္ သတင္းဆိုးေတြပဲ ေရးခဲ့ၾကရပါတယ္။ တိုက္ပြဲ သတင္းေတြ၊ ဖမ္းဆီးတဲ့သတင္းေတြ၊ ေထာင္ခ်တဲ့သတင္းေတြ၊ ေသတဲ့သတင္းေတြ အကုန္လုံး အနိဌာ႐ုံ သတင္းေတြလိုပဲ ဆိုပါေတာ့ဗ်ာ။ ျဖစ္ႏိုင္ရင္ေတာ့ ၂၀၂၂ မွာေတာ့ အဲဒီလိုအေျခအေနက လြတ္ၿပီး ေတာ့မွ သတင္းေကာင္းေလး ဘာေလးေတြ ေရးခ်င္တယ္။ ဥပမာ စီးပြားေရး တိုးတက္ဖြံ႕ၿဖိဳးတာ၊ ၿငိမ္းခ်မ္းေရး ရတာ၊ ျပည္သူေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သူတို႔ဆႏၵကို ေဖာ္ထုတ္ၿပီးေတာ့ မဲဆႏၵေပးၾကတာတို႔ ဘာတို႔ ဆရာ ဘယ္လို ေမွ်ာ္လင့္သလဲ။ အဲဒီလိုဟာမ်ိဳး ေရးရလိမ့္မယ္လို႔ ထင္သလား။
ေျဖ။ ။ၾကားခ်င္တာရယ္၊ ၾကားသင့္တာရယ္၊ ၾကားေနတာရယ္၊ ၾကားႏိုင္တာရယ္ (၄) မ်ိဳးပဲ ေျပာရမွာေပါ့။ အဲဒီအထဲမွာမွ ၾကားေနတာက ဆက္ၿပီးေတာ့ ၾကားရမယ့္သေဘာရွိမယ္ ထင္ပါတယ္။ ဖမ္းဆီးေထာင္ခ် တာေတြ၊ ဆက္လက္ၿပီးေတာ့ ဆႏၵျပေနတာေတြ၊ ျပည္သူ႔ခုခံေရးတပ္ဖြဲ႕လို႔ ေျပာက္က်ားသေဘာ တိုက္ခိုက္ ေနတာေတြကလည္း ဆက္လက္တိုက္ပြဲဝင္ေနၾကလိမ့္မယ္။ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးပြဲစဖို႔ေတာင္ အမ်ားႀကီးခက္လိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုလို ၿငိမ္းခ်မ္းေရးတိုးခ်ဲ႕မယ္လို႔ အာဆီယံ အထူး ကိုယ္စားလွယ္ကို ေျပာလိုက္တာကိုက တဘက္စစ္မ်က္ႏွာမွာ ရပ္နားထားတဲ့ PDF ေတြကို ေခ်းမႈန္းဖို႔အတြက္ လုပ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔ တိုင္းရင္းသားေတြဘက္ကလည္း စဥ္းစားလာမယ္လို႔ က်ေနာ္ ထင္ပါတယ္။
ေမး ။ ။ ဒီလိုအေျခအေန တင္းမာေနလို႔ အာဏာသိမ္းတဲ့ စစ္ေကာင္စီအတြက္ေကာ ဘာမ်ားအက်ိဳးပိုထူး မလဲဆိုတာကို က်ေနာ္ စဥ္းစားမိတယ္။ သူတို႔ရဲ႕ interest က ဘာရွိလဲ။ ဒီလိုဆက္လက္ေနလို႔။
ေျဖ ။ ။ ႏိုင္ငံေရးလို႔ပဲ ယူဆရတာေပါ့။ အထူးသျဖင့္ က်ေနာ္တို႔ အကူးအေျပာင္းေတြမွာ ႀကဳံရတတ္တဲ့အတိုင္းပဲ အာဏာလက္လြတ္ဆုံးရႈံးတဲ့အခါမွာ အာဏာလက္လြတ္အျဖစ္နဲ႔ ေနဖို႔ခက္တာ။ တပ္ေခါင္းေဆာင္ေတြနဲ႔ တပ္ထြက္ ေခါင္းေဆာင္ေတြ။ အထူးသျဖင့္ ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက အဲဒီလိုျဖစ္လိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ အာဏာေတာင္မွ မရဘူးေပမဲ့လို႔ ႏိုင္ငံေရးအေနနဲ႔ လုပ္ၾကတဲ့ တခ်ိဳ႕ပါတီငယ္ေလးေတြကလည္း သူတို႔အသံေလးေတြ သူတို႔ပါခ်င္တာေပါ့။ ဒါေၾကာင့္မို႔လို႔ အာဏာသိမ္းတဲ့အျဖစ္ကို ေရွ႕ရႈသြားတဲ့ဟာ ျဖစ္လာတယ္။ အေစာကတည္းကလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾသဂုတ္လမွာ က်င္းပခဲ့တဲ့ ပင္လုံ ၿငိမ္းခ်မ္းေရးညီလာခံမွာ PR စနစ္ေတြ ဘာေတြ သြားဖို႔ကို ေျပာလာတယ္။ ဒီဟာေတြအားလုံးဟာ တပ္နဲ႔ ေပါင္းၿပီးေတာ့ အာဏာရယူေရး မဟုတ္ဘူးဆိုရင္ေတာင္ အာဏာနဲ႔ပိုၿပီးေတာ့ နီးစပ္သြားႏိုင္ေအာင္ ႀကိဳးပမ္းခ်က္ပါပဲ။ ဒါက အဓိကက်လိမ့္မယ္ထင္တယ္။ ေျပာမျပတဲ့ အခ်က္တခ်က္ကေတာ့ မိမိအေပၚ အေရးယူလာၿပီး၊ ႏိုင္ငံတကာခု႐ုံးတင္မွာကို ေၾကာက္တဲ့အတြက္ေၾကာင့္ အဲဒီေၾကာက္စိတ္ေပါ့။ ဒါကလဲ ထုတ္ေဖာ္မေျပာတဲ့ အခ်က္တစ္ခ်က္အေနနဲ႔ ပါမယ္လို႔ က်ေနာ္က ဒီလိုထင္တယ္။ ဆရာေကာ ဘယ္လိုထင္သလဲ။
ေမး ။ ။ သူတို႔က ဒီလိုဆက္လုပ္ေနလို႔ေကာ အခုန ဆရာေျပာခဲ့တဲ့ အာဏာမရဘူးတဲ့လူေတြ အာဏာရ ခ်င္တာတို႔။ သူတို႔အေနနဲ႔ အာဏာဆုံးရႈံးရတာကို ျပန္လည္လိုခ်င္တာတို႔၊ အဲဒီဆႏၵေတြ ေကာင္းေကာင္း မြန္မြန္နဲ႔ ျပည့္ေျမာက္ပါ့မလား။ ေနာက္ၿပီးေတာ့ ႏိုင္ငံတကာရဲ႕ အေရးယူခံရမွာမို႔ အာဏာက မဆင္းေပးေတာ့ ဘူးဆိုလိုေကာ တသက္လုံးေနလို႔ ရမလား။ တခ်ိန္ခ်ိန္မွာ အေျပာင္းအလဲ ျဖစ္လာမွာေပါ့။ ဒီအခ်ိန္မွာ အဲဒီလို သူတို႔ ပိုၿပီးေတာ့ တင္းက်ပ္ေနျခင္းအားျဖင့္ သူတို႔ဘက္ကို ေကာင္းက်ိဳးထက္ ဆိုးက်ိဳးသာ ျပန္ျဖစ္တယ္လို႔ ေတြးရင္ ေတြးစရာ ျဖစ္မေနဘူးလား။
ေျဖ ။ ။ ဟုတ္တယ္ ဆရာ။ သူတို႔ဘက္က ၾကည့္တဲ့အခါၾကေတာ့ သူတို႔က ဒီေလာက္အထိ ဆန႔္က်င္ခံရမယ္လို႔ မထင္ထားဘူး။ အခုအခ်ိန္အထိလဲ သူတို႔ကို ေထာက္ခံၾကတယ္လို႔ ထင္ေနတဲ့ ပုဂၢိဳလ္ေတြကလည္း အမ်ားႀကီး ရွိတယ္။
ေမး ။ ။ ဟုတ္ရဲ႕လား ဆရာ။ အဲဒီကိစၥ သူတို႔ကို တကယ္ေထာက္ခံေနတယ္လို႔ တကယ္ပဲ သူတို႔ထင္ေန သလား။ အဲဒါဆိုရင္ သူတို႔ဟာ တိုင္းျပည္ရဲ႕ အေျခအေနမွန္နဲ႔ အလွမ္းေဝးေနတယ္လို႔ ေျပာရမလားဘဲ။
ေျဖ ။ ။ အေျခအေနမွန္နဲ႔ တကယ့္အျဖစ္ေတြနဲ႔ အလွမ္းေဝးေနတာ ၂၀၁၅ မွာလည္း က်ေနာ္တို႔ ၾကားခဲ့ရတယ္။ အဲဒီအခ်ိန္တုန္းက ဝန္ႀကီးအဆင့္နဲ႔ နီးစပ္တဲ့ ပုဂၢိဳလ္တစ္ေယာက္က ေျပာျပတာဆိုရင္ ႏိုင္ငံျခားတခု သြားေန တဲ့အခ်ိန္မွာ သူတို႔က ေသခ်ာေပါက္ ႏိုင္မယ္ဆိုၿပီးေတာ့ မနက္ျဖန္မနက္မွ ဆုံၾကရေအာင္ဆိုၿပီး မဲေပးတဲ့ေန႔မွာ ဝန္ႀကီးတပါးက အဲဒီလို ေျပာခဲ့တယ္။ ေနာက္ေန႔က်ေတာ့ မနက္စာေတာင္ဆင္းၿပီး မစားႏိုင္ေတာ့ဘူးလို႔ ေျပာတယ္။ ေပ်ာ္ေပ်ာ္ပါးပါး စားၾကမယ္၊ ေအာင္ပြဲခံမယ္ဆိုၿပီးေတာ့ ေျပာခဲ့တာ။ က်န္တဲ့အခ်ိန္ဟာ သူတို႔နားမွာ ဝန္းရံၿပီးေတာ့ေနၾကတဲ့ လူေတြက ေျမႇာက္ေပးတယ္၊ တျဖည္းျဖည္းနဲ႔ ျဖစ္သြားမွာပါ၊ ဗိုလ္ခ်ဳပ္ႀကီးတို႔ကို ေထာက္ခံေနၾကၿပီဆိုတဲ့ လူေတြက အမ်ားစုျဖစ္ေနၾကတယ္။ ဒီလိုလူေတြကိုသာ ေ႐ြးၿပီးေတာ့ ေပါင္းေနသလား လို႔ေတာင္ ေျပာရမလို ျဖစ္ေနတယ္။
ေမး ။ ။ ႏိုင္ငံတကာကေတာ့ ျပန္လည္သင့္ျမတ္ေရး၊ ႏွစ္ဘက္ေဆြးေႏြးညႇိႏႈိင္းဖို႔ဆိုတာကို အဓိကထား ေျပာေနၾကပါတယ္။ ဒါက သိပ္ျဖစ္သင့္တဲ့ကိစၥေပါ့။ အေကာင္းဆုံး အေျဖရွာနည္းပဲ။ အခ်ိဳ႕ အာဖရိက ႏိုင္ငံေတြမွာလဲ ကုလသမဂၢတို႔ ၾကားဝင္ၿပီးေတာ့ ေစ့စပ္ေရးေတြ လုပ္ေပးေနၿပီ။ က်ေနာ္တို႔ဆီမွာ ဘာေၾကာင့္ မျဖစ္ႏိုင္ဘူးလဲ စဥ္းစားၾကည့္ခ်င္တယ္။ တခ်ိန္တည္းမွာ ႏိုင္ငံတကာက ဒီအတြက္ တြန္းအားေပးေနၾကတယ္။ အဓိကေတာ့ အာဆီယံကိုပဲ ေရွ႕တန္းတင္ၿပီးေတာ့ ႏိုင္ငံတကာက တြန္းေနၾကတယ္။ အခု အာဆီယံ ေတာင္း ဆို ထားတဲ့ သေဘာတူညီခ်က္ (၅) ခ်က္ကိုလည္း စစ္ေကာင္စီဘက္က လက္မခံေတာ့၊ ေရွ႕မတိုးသာ ျဖစ္ေန တယ္။ အခု ကေမာၻဒီးယားဝန္ႀကီး ဟြန္ဆန္ ေရာက္လာတယ္။ သူကလဲ ဘာမ်ားေရွ႕တိုးၿပီး ေဆာင္႐ြက္ ႏိုင္ခဲ့သလဲလို႔ ၾကားမိသလဲ။ သုံးသပ္မိသလဲ။
ေျဖ ။ ။ စစ္ေခါင္းေဆာင္ေတြမွာေတာ့ သူတို႔လုပ္မယ့္ အစီအစဥ္ေတြ ရွင္းရွင္းလင္းလင္း ရွိထားၿပီသားလို႔ေတာ့ က်ေနာ္ကေတာ့ ဒီလိုထင္တယ္။ အဲဒါကေတာ့ NLD ေခါင္းေဆာင္ေတြကို အက်ဥ္းခ်လိုက္မယ္။ ၿပီးရင္ PR စနစ္ သြားမယ့္ပုံကို ေဖာ္မယ္။ အဲဒီလိုအဆင့္က်လို႔ရွိရင္ေတာ့ အာဆီယံအထူးကိုယ္စားလွယ္က ညႇိႏႈိင္းေဆြးေႏြး ေပးပါဆိုတာမ်ိဳး သူတို႔က လုပ္ႏိုင္တယ္။ ဆိုေတာ့ မဟာဗ်ဴဟာတစ္ခုလုံးကလည္း ၂၀၁၀ တုန္းကလိုပဲ NLD ေခါင္းေဆာင္ေတြကို အက်ဥ္းခ်ဳပ္အားျဖင့္ NLD က သူ႔ဟာသူ သပိတ္ေမွာက္ၿပီးေတာ့ သူတို႔လုပ္မယ့္ PR စနစ္နဲ႔ ေ႐ြးေကာက္ပြဲထဲ မဝင္ေအာင္လို႔။ ဒါကေတာ့ တရားမဝင္ ေၾကညာတာထက္ သူ႔စရိတ္နဲ႔သူ မဝင္ဘူး ဆိုရင္ သူတို႔အတြက္ ပိုေကာင္းတယ္ဆိုတဲ့ တြက္ခ်က္ခ်က္ေတြကလဲ သူတို႔မွာ ရွိၿပီသားလို႔ က်ေနာ္က ထင္တယ္။

ေမး ။ ။ အဓိကေတာ့ အဲဒါကို သူတို႔ ေမွ်ာ္မွန္းထားမွာေပါ့။

ေျဖ ။ ။ ဒါေပါ့ … အဲဒီေတာ့ အခုနေျပာထားတဲ့ အာဆီယံ သေဘာတူညီခ်က္ကို က်ေနာ္တို႔က လက္ခံပါတယ္။ လုပ္ပါတယ္ဆိုတာကလဲ အခ်ိန္ကာလ။ မိမိဘက္က ေျခလွမ္းေတြ အေတာ္အတန္ ၿပီျပင္သြားၿပီဆိုလို႔ရွိရင္ အဲဒါ ေနာက္ထပ္ဆက္လာမွာေပါ့။ ဒါကို ဘယ္လိုတားဆီးမလဲဆိုလို႔ စဥ္းစားထားခ်က္၊ NUG နဲ႔ အတိုက္အခံ အင္အားစုေတြမွာ ရွိၿပီလား။ စၿပီးေျပာေနၿပီလား။ အာဆီယံေတြကို ေျပာေနၿပီလား။ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြးမယ့္အထဲမွာ ပါေနၿပီလား။ ဒါကိုေတာ့ က်ေနာ္တို႔ မသိရဘူး။
ေမး ။ ။ အဲဒါက စစ္ေကာင္စီဘက္က တြက္ထားတာေပါ့။ သူတို႔ဆင္ထားတာေပါ့။
ေျဖ ။ ။ ဒါကေတာ့ က်ေနာ္တို႔က သူ စဥ္းစားထားတယ္လို႔ မွန္းဆၿပီး၊ သုံးသပ္ၾကည့္တာပါ။ အခ်က္အလက္ အေတာ္ရဖို႔ ဆရာလည္း သိတဲ့အတိုင္းပဲ။ သတင္းသမားအတြက္လည္း တပ္က သတင္းရဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။
ေမး ။ ။ ဒါေပမဲ့ အဲဒီလို လုပ္လာရင္ေကာ သူတို႔ဆင္ထားတဲ့အကြက္ကို ျပည္သူက လက္ခံပါ့မလား။ NLD ကို လုံးဝမဝင္ေစခ်င္ဘူး၊ ေဘးဖယ္လိုက္တယ္ ဆိုၾကပါအုံးေတာ့ ျပည္သူလူထုက ဒီမိုကေရစီ လိုခ်င္တဲ့ အမ်ားစုက အခုေလာေလာဆယ္မွာ NLD ကို ျပန္လည္အာဏာအပ္ႏွင္းေရးအတြက္ တိုက္ပြဲဝင္ေနၾကတာ မဟုတ္ဘူး ဆိုတာ က်ေနာ္ သိေနၾကတယ္။ သူတို႔ရဲ႕ ဒီမိုကေရစီ ဆုံးရႈံးသြားတယ္။ အထူးသျဖင့္ လူငယ္ေတြဟာ သူတို႔ ဘဝ လမ္းပိတ္သြားတယ္ဆိုတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့၊ သူတို႔ ဒီမိုကေရစီေရးအတြက္ လုပ္ေနၾကတယ္ဆိုေတာ့ ျပည္သူေတြ ေက်နပ္ပါ့မလား။

ေျဖ ။ ။ ဘယ္ေက်နပ္ပါ့မလဲ ဆရာရယ္။ ျပည္သူအမ်ားစုက ဘယ္လိုမွ စစ္တပ္နဲ႔ စစ္တပ္ဦးေဆာင္တဲ့ ႏိုင္ငံေရး ပါတီေတြက အာဏာရလာတာကို ေက်နပ္လက္ခံၾကမွာ မဟုတ္ဘူး။ က်ေနာ္တို႔ Gallup Poll ေတြ ၂၀၂၀ ေအာက္တိုဘာလတုန္းက သူတို႔ေလ့လာသြားခဲ့တယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပည္သူလူထု ယုံၾကည္မႈ က (၈၂) ရာခိုင္ႏႈန္း ရွိတယ္။ ဒါက မဲေပးတဲ့အခ်ိဳးထက္ကို မ်ားေနတယ္။ ရာခိုင္ႏႈန္း အင္မတန္ႀကီးမားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ယုံၾကည္မႈ။ ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်န္လွပ္ၿပီးေတာ့ စစ္တပ္ကပဲ ျဖစ္ေစ၊ ဒီမိုကေရစီအင္အားစုထဲကပဲျဖစ္ေစ ေဆာင္႐ြက္လို႔ ျမန္မာ့ႏိုင္ငံေရးက မရႏိုင္ပါဘူး။ ၿငိမ္းခ်မ္းေရး ခရီးစဥ္ကိုလည္း သြားလို႔ရမွာ မဟုတ္ပါဘူး။ ဒါကေတာ့ က်ေနာ္ေနခဲ့တဲ့ ကာလေတြအတြင္းထဲ ျပည္သူေတြနဲ႔ စကားေျပာတယ္။ အစိုးရဝန္ထမ္းေတြနဲ႔ စကားေျပာတယ္။ လူေပါင္းမ်ိဳးစုံနဲ႔ စကားေျပာရင္နဲ႔ က်ေနာ့္ရဲ႕ ထင္ျမင္ခ်က္ ျဖစ္လာတာေပါ့။ က်ေနာ္ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ ဒါက က်ေနာ္တို႔နဲ႔ မပတ္သက္ဘူး။ လူထုရဲ႕ သေဘာထားပဲ။
ေမး ။ ။ အဲဒီလို အေျခအေနမ်ိဳးမွာ စစ္ေကာင္စီက သူတို႔အစီအစဥ္အတိုင္း ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုတာက ၂၀၂၂ ေတာင္မွ မဟုတ္ဘူး၊ ၂၀၂၃ ၾသဂုတ္လဆိုေတာ့ ၂၀၂၃ ရဲ႕ သုံးပုံတပုံ ကုန္ၿပီေပါ့။ အဲဒီအခ်ိန္အခါမွာမွ လုပ္မယ္ဆိုေတာ့ အဲဒီလုပ္လာတဲ့ ေ႐ြးေကာက္ပြဲကလဲ ဘယ္လိုလုပ္ၿပီးေတာ့ credibility ရွိပါ့မလဲ။ သိပ္ ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ပါ့မလား။ ႏိုင္ငံတကာကေကာ လက္ခံပါ့မလား။ ျပည္သူလည္း လက္မခံဘူးဆိုေတာ့ တိုင္းျပည္အေျခအေနကေတာ့ ဒီလိုပဲ ဆက္သြားေနအုံးမလား။ စိုးရိမ္စရာပဲေပါ့။
ေျဖ ။ ။ အမွန္ပဲ။ ဆရာ စိုးရိမ္သလို၊ က်ေနာ္လည္း စိုးရိမ္တယ္။ ဒီအတိုင္းသြားလို႔ေတာ့ မျဖစ္ဘူးဆိုတာ သိနားလည္ၾကတဲ့ စီးပြားေရးသမားေတြ အလုပ္လုပ္လို႔ မရဘူးဆိုတာကို သိသြားၾကတဲ့ စီးပြားေရးသမားေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ အခုလို ေပါင္းစားလို႔ရေနတဲ့ စီးပြားေရးသမားေတြကေတာ့ ဒါ ဗိုလ္ခ်ဳပ္ရပါတယ္။ ျဖစ္သြားမွာပါဆိုၿပီ တြန္းၾကမယ္လူေတြကလည္း အမ်ားႀကီးရွိတယ္။ ဆိုေတာ့ က်ေနာ္တို႔ နားလည္ထားခ်က္ အရ သတင္းသမားတစ္ေယာက္အေနနဲ႔ ေျပာရရင္ေတာ့ ျမန္မာႏိုင္ငံက ဒီအတိုင္းဆက္သြားလို႔ကေတာ့ လူရာ ဝင္တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ဖို႔ အင္မတန္ခက္ပါတယ္။ ပညာေရး၊ စီးပြားေရး၊ က်န္တဲ့ အေရးကိစၥေတြ အကုန္လုံး။ အခုဆိုရင္ ဆရာဝန္သူငယ္ခ်င္းေတြက သိရတာဆိုရင္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ပုံမွန္အလုပ္ေတြကို လုပ္ဖို႔ ဆိုတာ အင္မတန္ကို ခက္ခဲတဲ့ အေျခအေနကို ေရာက္ေနတယ္။ ဒီအတိုင္း တိုင္းျပည္က ဆက္သြားလို႔ကေတာ့ မျဖစ္ႏိုင္ဘူး။ ဒီေခါင္းေဆာင္မႈနဲ႔ သြားလို႔ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ထင္တယ္။
ေမး ။ ။ က်ေနာ္ ဆုေတာင္းတာ တခုပဲ ရွိပါတယ္။ ႏိုင္ငံတကာအေနနဲ႔ ျမန္မာျပည္သူေတြကို စာနာမႈ အကူအညီေတြ၊ ဘဝအခက္အခဲေတြမွာေတာ့ လြယ္လြယ္ကူကူ ေထာက္ပံ့ကူညီႏိုင္ၾကပါေစလို႔ပဲ ဆုေတာင္းရမွာေပါ့။
ေျဖ ။ ။ ဟုတ္ပါတယ္။ မၾကာခင္က အာဆီယံအထူးကိုယ္စားလွယ္၊ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္သြားတဲ့အခါမွာ ရလာတဲ့အထဲမွာေတာ့ လူသားခ်င္းစာနာေထာက္ထားမႈကို ဘယ္လိုေဆာင္႐ြက္ၾကမလဲဆိုတဲ့ ေဆြးေႏြးပြဲဝိုင္းေလးကေတာ့ ပြင့္သြားတဲ့သေဘာမ်ိဳး က်ေနာ္တို႔ သတင္း ထဲမွာ ေတြ႕လိုက္ရတယ္။ ဆိုေတာ့ ဒါေလးေပၚမွာဆက္ၿပီးေတာ့ လုပ္ကိုင္သြားႏိုင္ၾကမယ္။ ေဆာင္႐ြက္သြား ႏိုင္ၾကမယ္ဆိုရင္ေတာ့ အနည္းဆုံး အက်ပ္အတည္းႀကဳံေနရတာေလး သက္သာတာေပါ့။ ဒါေပမဲ့ တကယ့္ ျပႆနာႀကီးေတြကိုေတာ့ အားလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရး မလုပ္ႏိုင္ဘူးဆိုရင္ ဗမာျပည္က ေရွ႕ ေရာက္ႏိုင္ဖို႔ အေၾကာင္းမရွိပါဘူး။

===============

သတင်းကောင်း မျှော်လင့်ချက်
ကုန်ဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အထူးသဖြင့် မြန်မာနိုင်ငံက သတင်းဆိုးတွေနဲ့ ပြည့် နှက် နေခဲ့ပါတယ်။အခု နှစ်သစ်မှာကော သတင်းကောင်းတွေများ ပေါ်ထွက်လာနိုင်ဖွယ်ရှိပါသလား။ VOA (မြန်မာပိုင်း) က သတင်းသမား နှစ်ဦးဖြစ်တဲ့ ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ကြပါတယ်။
မေး ။ ။ ၂၀၂၁ တုန်းကတော့ ပွင့်ပွင့်လင်းလင်း ပြောကြစို့ဆိုရင် သတင်းဆိုးတွေပဲ ရေးခဲ့ကြရပါတယ်။ တိုက်ပွဲ သတင်းတွေ၊ ဖမ်းဆီးတဲ့သတင်းတွေ၊ ထောင်ချတဲ့သတင်းတွေ၊ သေတဲ့သတင်းတွေ အကုန်လုံး အနိဌာရုံ သတင်းတွေလိုပဲ ဆိုပါတော့ဗျာ။ ဖြစ်နိုင်ရင်တော့ ၂၀၂၂ မှာတော့ အဲဒီလိုအခြေအနေက လွတ်ပြီး တော့မှ သတင်းကောင်းလေး ဘာလေးတွေ ရေးချင်တယ်။ ဥပမာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးတာ၊ ငြိမ်းချမ်းရေး ရတာ၊ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ဆန္ဒကို ဖော်ထုတ်ပြီးတော့ မဲဆန္ဒပေးကြတာတို့ ဘာတို့ ဆရာ ဘယ်လို မျှော်လင့်သလဲ။ အဲဒီလိုဟာမျိုး ရေးရလိမ့်မယ်လို့ ထင်သလား။
ဖြေ။ ။ကြားချင်တာရယ်၊ ကြားသင့်တာရယ်၊ ကြားနေတာရယ်၊ ကြားနိုင်တာရယ် (၄) မျိုးပဲ ပြောရမှာပေါ့။ အဲဒီအထဲမှာမှ ကြားနေတာက ဆက်ပြီးတော့ ကြားရမယ့်သဘောရှိမယ် ထင်ပါတယ်။ ဖမ်းဆီးထောင်ချ တာတွေ၊ ဆက်လက်ပြီးတော့ ဆန္ဒပြနေတာတွေ၊ ပြည်သူ့ခုခံရေးတပ်ဖွဲ့လို့ ပြောက်ကျားသဘော တိုက်ခိုက် နေတာတွေကလည်း ဆက်လက်တိုက်ပွဲဝင်နေကြလိမ့်မယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲစဖို့တောင် အများကြီးခက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခုလို ငြိမ်းချမ်းရေးတိုးချဲ့မယ်လို့ အာဆီယံ အထူး ကိုယ်စားလှယ်ကို ပြောလိုက်တာကိုက တဘက်စစ်မျက်နှာမှာ ရပ်နားထားတဲ့ PDF တွေကို ချေးမှုန်းဖို့အတွက် လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေဘက်ကလည်း စဉ်းစားလာမယ်လို့ ကျနော် ထင်ပါတယ်။
မေး ။ ။ ဒီလိုအခြေအနေ တင်းမာနေလို့ အာဏာသိမ်းတဲ့ စစ်ကောင်စီအတွက်ကော ဘာများအကျိုးပိုထူး မလဲဆိုတာကို ကျနော် စဉ်းစားမိတယ်။ သူတို့ရဲ့ interest က ဘာရှိလဲ။ ဒီလိုဆက်လက်နေလို့။
ဖြေ ။ ။ နိုင်ငံရေးလို့ပဲ ယူဆရတာပေါ့။ အထူးသဖြင့် ကျနော်တို့ အကူးအပြောင်းတွေမှာ ကြုံရတတ်တဲ့အတိုင်းပဲ အာဏာလက်လွတ်ဆုံးရှုံးတဲ့အခါမှာ အာဏာလက်လွတ်အဖြစ်နဲ့ နေဖို့ခက်တာ။ တပ်ခေါင်းဆောင်တွေနဲ့ တပ်ထွက် ခေါင်းဆောင်တွေ။ အထူးသဖြင့် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဲဒီလိုဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်။ အာဏာတောင်မှ မရဘူးပေမဲ့လို့ နိုင်ငံရေးအနေနဲ့ လုပ်ကြတဲ့ တချို့ပါတီငယ်လေးတွေကလည်း သူတို့အသံလေးတွေ သူတို့ပါချင်တာပေါ့။ ဒါကြောင့်မို့လို့ အာဏာသိမ်းတဲ့အဖြစ်ကို ရှေ့ရှုသွားတဲ့ဟာ ဖြစ်လာတယ်။ အစောကတည်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ PR စနစ်တွေ ဘာတွေ သွားဖို့ကို ပြောလာတယ်။ ဒီဟာတွေအားလုံးဟာ တပ်နဲ့ ပေါင်းပြီးတော့ အာဏာရယူရေး မဟုတ်ဘူးဆိုရင်တောင် အာဏာနဲ့ပိုပြီးတော့ နီးစပ်သွားနိုင်အောင် ကြိုးပမ်းချက်ပါပဲ။ ဒါက အဓိကကျလိမ့်မယ်ထင်တယ်။ ပြောမပြတဲ့ အချက်တချက်ကတော့ မိမိအပေါ် အရေးယူလာပြီး၊ နိုင်ငံတကာခုရုံးတင်မှာကို ကြောက်တဲ့အတွက်ကြောင့် အဲဒီကြောက်စိတ်ပေါ့။ ဒါကလဲ ထုတ်ဖော်မပြောတဲ့ အချက်တစ်ချက်အနေနဲ့ ပါမယ်လို့ ကျနော်က ဒီလိုထင်တယ်။ ဆရာကော ဘယ်လိုထင်သလဲ။
မေး ။ ။ သူတို့က ဒီလိုဆက်လုပ်နေလို့ကော အခုန ဆရာပြောခဲ့တဲ့ အာဏာမရဘူးတဲ့လူတွေ အာဏာရ ချင်တာတို့။ သူတို့အနေနဲ့ အာဏာဆုံးရှုံးရတာကို ပြန်လည်လိုချင်တာတို့၊ အဲဒီဆန္ဒတွေ ကောင်းကောင်း မွန်မွန်နဲ့ ပြည့်မြောက်ပါ့မလား။ နောက်ပြီးတော့ နိုင်ငံတကာရဲ့ အရေးယူခံရမှာမို့ အာဏာက မဆင်းပေးတော့ ဘူးဆိုလိုကော တသက်လုံးနေလို့ ရမလား။ တချိန်ချိန်မှာ အပြောင်းအလဲ ဖြစ်လာမှာပေါ့။ ဒီအချိန်မှာ အဲဒီလို သူတို့ ပိုပြီးတော့ တင်းကျပ်နေခြင်းအားဖြင့် သူတို့ဘက်ကို ကောင်းကျိုးထက် ဆိုးကျိုးသာ ပြန်ဖြစ်တယ်လို့ တွေးရင် တွေးစရာ ဖြစ်မနေဘူးလား။
ဖြေ ။ ။ ဟုတ်တယ် ဆရာ။ သူတို့ဘက်က ကြည့်တဲ့အခါကြတော့ သူတို့က ဒီလောက်အထိ ဆန့်ကျင်ခံရမယ်လို့ မထင်ထားဘူး။ အခုအချိန်အထိလဲ သူတို့ကို ထောက်ခံကြတယ်လို့ ထင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အများကြီး ရှိတယ်။
မေး ။ ။ ဟုတ်ရဲ့လား ဆရာ။ အဲဒီကိစ္စ သူတို့ကို တကယ်ထောက်ခံနေတယ်လို့ တကယ်ပဲ သူတို့ထင်နေ သလား။ အဲဒါဆိုရင် သူတို့ဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်နဲ့ အလှမ်းဝေးနေတယ်လို့ ပြောရမလားဘဲ။
ဖြေ ။ ။ အခြေအနေမှန်နဲ့ တကယ့်အဖြစ်တွေနဲ့ အလှမ်းဝေးနေတာ ၂၀၁၅ မှာလည်း ကျနော်တို့ ကြားခဲ့ရတယ်။ အဲဒီအချိန်တုန်းက ဝန်ကြီးအဆင့်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောပြတာဆိုရင် နိုင်ငံခြားတခု သွားနေ တဲ့အချိန်မှာ သူတို့က သေချာပေါက် နိုင်မယ်ဆိုပြီးတော့ မနက်ဖြန်မနက်မှ ဆုံကြရအောင်ဆိုပြီး မဲပေးတဲ့နေ့မှာ ဝန်ကြီးတပါးက အဲဒီလို ပြောခဲ့တယ်။ နောက်နေ့ကျတော့ မနက်စာတောင်ဆင်းပြီး မစားနိုင်တော့ဘူးလို့ ပြောတယ်။ ပျော်ပျော်ပါးပါး စားကြမယ်၊ အောင်ပွဲခံမယ်ဆိုပြီးတော့ ပြောခဲ့တာ။ ကျန်တဲ့အချိန်ဟာ သူတို့နားမှာ ဝန်းရံပြီးတော့နေကြတဲ့ လူတွေက မြှောက်ပေးတယ်၊ တဖြည်းဖြည်းနဲ့ ဖြစ်သွားမှာပါ၊ ဗိုလ်ချုပ်ကြီးတို့ကို ထောက်ခံနေကြပြီဆိုတဲ့ လူတွေက အများစုဖြစ်နေကြတယ်။ ဒီလိုလူတွေကိုသာ ရွေးပြီးတော့ ပေါင်းနေသလား လို့တောင် ပြောရမလို ဖြစ်နေတယ်။
မေး ။ ။ နိုင်ငံတကာကတော့ ပြန်လည်သင့်မြတ်ရေး၊ နှစ်ဘက်ဆွေးနွေးညှိနှိုင်းဖို့ဆိုတာကို အဓိကထား ပြောနေကြပါတယ်။ ဒါက သိပ်ဖြစ်သင့်တဲ့ကိစ္စပေါ့။ အကောင်းဆုံး အဖြေရှာနည်းပဲ။ အချို့ အာဖရိက နိုင်ငံတွေမှာလဲ ကုလသမဂ္ဂတို့ ကြားဝင်ပြီးတော့ စေ့စပ်ရေးတွေ လုပ်ပေးနေပြီ။ ကျနော်တို့ဆီမှာ ဘာကြောင့် မဖြစ်နိုင်ဘူးလဲ စဉ်းစားကြည့်ချင်တယ်။ တချိန်တည်းမှာ နိုင်ငံတကာက ဒီအတွက် တွန်းအားပေးနေကြတယ်။ အဓိကတော့ အာဆီယံကိုပဲ ရှေ့တန်းတင်ပြီးတော့ နိုင်ငံတကာက တွန်းနေကြတယ်။ အခု အာဆီယံ တောင်း ဆို ထားတဲ့ သဘောတူညီချက် (၅) ချက်ကိုလည်း စစ်ကောင်စီဘက်က လက်မခံတော့၊ ရှေ့မတိုးသာ ဖြစ်နေ တယ်။ အခု ကမ္ဘောဒီးယားဝန်ကြီး ဟွန်ဆန် ရောက်လာတယ်။ သူကလဲ ဘာများရှေ့တိုးပြီး ဆောင်ရွက် နိုင်ခဲ့သလဲလို့ ကြားမိသလဲ။ သုံးသပ်မိသလဲ။
ဖြေ ။ ။ စစ်ခေါင်းဆောင်တွေမှာတော့ သူတို့လုပ်မယ့် အစီအစဉ်တွေ ရှင်းရှင်းလင်းလင်း ရှိထားပြီသားလို့တော့ ကျနော်ကတော့ ဒီလိုထင်တယ်။ အဲဒါကတော့ NLD ခေါင်းဆောင်တွေကို အကျဉ်းချလိုက်မယ်။ ပြီးရင် PR စနစ် သွားမယ့်ပုံကို ဖော်မယ်။ အဲဒီလိုအဆင့်ကျလို့ရှိရင်တော့ အာဆီယံအထူးကိုယ်စားလှယ်က ညှိနှိုင်းဆွေးနွေး ပေးပါဆိုတာမျိုး သူတို့က လုပ်နိုင်တယ်။ ဆိုတော့ မဟာဗျူဟာတစ်ခုလုံးကလည်း ၂၀၁၀ တုန်းကလိုပဲ NLD ခေါင်းဆောင်တွေကို အကျဉ်းချုပ်အားဖြင့် NLD က သူ့ဟာသူ သပိတ်မှောက်ပြီးတော့ သူတို့လုပ်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲထဲ မဝင်အောင်လို့။ ဒါကတော့ တရားမဝင် ကြေညာတာထက် သူ့စရိတ်နဲ့သူ မဝင်ဘူး ဆိုရင် သူတို့အတွက် ပိုကောင်းတယ်ဆိုတဲ့ တွက်ချက်ချက်တွေကလဲ သူတို့မှာ ရှိပြီသားလို့ ကျနော်က ထင်တယ်။

မေး ။ ။ အဓိကတော့ အဲဒါကို သူတို့ မျှော်မှန်းထားမှာပေါ့။

ဖြေ ။ ။ ဒါပေါ့ … အဲဒီတော့ အခုနပြောထားတဲ့ အာဆီယံ သဘောတူညီချက်ကို ကျနော်တို့က လက်ခံပါတယ်။ လုပ်ပါတယ်ဆိုတာကလဲ အချိန်ကာလ။ မိမိဘက်က ခြေလှမ်းတွေ အတော်အတန် ပြီပြင်သွားပြီဆိုလို့ရှိရင် အဲဒါ နောက်ထပ်ဆက်လာမှာပေါ့။ ဒါကို ဘယ်လိုတားဆီးမလဲဆိုလို့ စဉ်းစားထားချက်၊ NUG နဲ့ အတိုက်အခံ အင်အားစုတွေမှာ ရှိပြီလား။ စပြီးပြောနေပြီလား။ အာဆီယံတွေကို ပြောနေပြီလား။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးမယ့်အထဲမှာ ပါနေပြီလား။ ဒါကိုတော့ ကျနော်တို့ မသိရဘူး။
မေး ။ ။ အဲဒါက စစ်ကောင်စီဘက်က တွက်ထားတာပေါ့။ သူတို့ဆင်ထားတာပေါ့။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့က သူ စဉ်းစားထားတယ်လို့ မှန်းဆပြီး၊ သုံးသပ်ကြည့်တာပါ။ အချက်အလက် အတော်ရဖို့ ဆရာလည်း သိတဲ့အတိုင်းပဲ။ သတင်းသမားအတွက်လည်း တပ်က သတင်းရဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။
မေး ။ ။ ဒါပေမဲ့ အဲဒီလို လုပ်လာရင်ကော သူတို့ဆင်ထားတဲ့အကွက်ကို ပြည်သူက လက်ခံပါ့မလား။ NLD ကို လုံးဝမဝင်စေချင်ဘူး၊ ဘေးဖယ်လိုက်တယ် ဆိုကြပါအုံးတော့ ပြည်သူလူထုက ဒီမိုကရေစီ လိုချင်တဲ့ အများစုက အခုလောလောဆယ်မှာ NLD ကို ပြန်လည်အာဏာအပ်နှင်းရေးအတွက် တိုက်ပွဲဝင်နေကြတာ မဟုတ်ဘူး ဆိုတာ ကျနော် သိနေကြတယ်။ သူတို့ရဲ့ ဒီမိုကရေစီ ဆုံးရှုံးသွားတယ်။ အထူးသဖြင့် လူငယ်တွေဟာ သူတို့ ဘဝ လမ်းပိတ်သွားတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့၊ သူတို့ ဒီမိုကရေစီရေးအတွက် လုပ်နေကြတယ်ဆိုတော့ ပြည်သူတွေ ကျေနပ်ပါ့မလား။

ဖြေ ။ ။ ဘယ်ကျေနပ်ပါ့မလဲ ဆရာရယ်။ ပြည်သူအများစုက ဘယ်လိုမှ စစ်တပ်နဲ့ စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေး ပါတီတွေက အာဏာရလာတာကို ကျေနပ်လက်ခံကြမှာ မဟုတ်ဘူး။ ကျနော်တို့ Gallup Poll တွေ ၂၀၂၀ အောက်တိုဘာလတုန်းက သူတို့လေ့လာသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု ယုံကြည်မှု က (၈၂) ရာခိုင်နှုန်း ရှိတယ်။ ဒါက မဲပေးတဲ့အချိုးထက်ကို များနေတယ်။ ရာခိုင်နှုန်း အင်မတန်ကြီးမားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ပြီးတော့ စစ်တပ်ကပဲ ဖြစ်စေ၊ ဒီမိုကရေစီအင်အားစုထဲကပဲဖြစ်စေ ဆောင်ရွက်လို့ မြန်မာ့နိုင်ငံရေးက မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး ခရီးစဉ်ကိုလည်း သွားလို့ရမှာ မဟုတ်ပါဘူး။ ဒါကတော့ ကျနော်နေခဲ့တဲ့ ကာလတွေအတွင်းထဲ ပြည်သူတွေနဲ့ စကားပြောတယ်။ အစိုးရဝန်ထမ်းတွေနဲ့ စကားပြောတယ်။ လူပေါင်းမျိုးစုံနဲ့ စကားပြောရင်နဲ့ ကျနော့်ရဲ့ ထင်မြင်ချက် ဖြစ်လာတာပေါ့။ ကျနော် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါက ကျနော်တို့နဲ့ မပတ်သက်ဘူး။ လူထုရဲ့ သဘောထားပဲ။
မေး ။ ။ အဲဒီလို အခြေအနေမျိုးမှာ စစ်ကောင်စီက သူတို့အစီအစဉ်အတိုင်း ရွေးကောက်ပွဲလုပ်မယ်ဆိုတာက ၂၀၂၂ တောင်မှ မဟုတ်ဘူး၊ ၂၀၂၃ သြဂုတ်လဆိုတော့ ၂၀၂၃ ရဲ့ သုံးပုံတပုံ ကုန်ပြီပေါ့။ အဲဒီအချိန်အခါမှာမှ လုပ်မယ်ဆိုတော့ အဲဒီလုပ်လာတဲ့ ရွေးကောက်ပွဲကလဲ ဘယ်လိုလုပ်ပြီးတော့ credibility ရှိပါ့မလဲ။ သိပ် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။ နိုင်ငံတကာကကော လက်ခံပါ့မလား။ ပြည်သူလည်း လက်မခံဘူးဆိုတော့ တိုင်းပြည်အခြေအနေကတော့ ဒီလိုပဲ ဆက်သွားနေအုံးမလား။ စိုးရိမ်စရာပဲပေါ့။
ဖြေ ။ ။ အမှန်ပဲ။ ဆရာ စိုးရိမ်သလို၊ ကျနော်လည်း စိုးရိမ်တယ်။ ဒီအတိုင်းသွားလို့တော့ မဖြစ်ဘူးဆိုတာ သိနားလည်ကြတဲ့ စီးပွားရေးသမားတွေ အလုပ်လုပ်လို့ မရဘူးဆိုတာကို သိသွားကြတဲ့ စီးပွားရေးသမားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အခုလို ပေါင်းစားလို့ရနေတဲ့ စီးပွားရေးသမားတွေကတော့ ဒါ ဗိုလ်ချုပ်ရပါတယ်။ ဖြစ်သွားမှာပါဆိုပြီ တွန်းကြမယ်လူတွေကလည်း အများကြီးရှိတယ်။ ဆိုတော့ ကျနော်တို့ နားလည်ထားချက် အရ သတင်းသမားတစ်ယောက်အနေနဲ့ ပြောရရင်တော့ မြန်မာနိုင်ငံက ဒီအတိုင်းဆက်သွားလို့ကတော့ လူရာ ဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ အင်မတန်ခက်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ ကျန်တဲ့ အရေးကိစ္စတွေ အကုန်လုံး။ အခုဆိုရင် ဆရာဝန်သူငယ်ချင်းတွေက သိရတာဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပုံမှန်အလုပ်တွေကို လုပ်ဖို့ ဆိုတာ အင်မတန်ကို ခက်ခဲတဲ့ အခြေအနေကို ရောက်နေတယ်။ ဒီအတိုင်း တိုင်းပြည်က ဆက်သွားလို့ကတော့ မဖြစ်နိုင်ဘူး။ ဒီခေါင်းဆောင်မှုနဲ့ သွားလို့ကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။
မေး ။ ။ ကျနော် ဆုတောင်းတာ တခုပဲ ရှိပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို စာနာမှု အကူအညီတွေ၊ ဘဝအခက်အခဲတွေမှာတော့ လွယ်လွယ်ကူကူ ထောက်ပံ့ကူညီနိုင်ကြပါစေလို့ပဲ ဆုတောင်းရမှာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ မကြာခင်က အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်သွားတဲ့အခါမှာ ရလာတဲ့အထဲမှာတော့ လူသားချင်းစာနာထောက်ထားမှုကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ ဆွေးနွေးပွဲဝိုင်းလေးကတော့ ပွင့်သွားတဲ့သဘောမျိုး ကျနော်တို့ သတင်း ထဲမှာ တွေ့လိုက်ရတယ်။ ဆိုတော့ ဒါလေးပေါ်မှာဆက်ပြီးတော့ လုပ်ကိုင်သွားနိုင်ကြမယ်။ ဆောင်ရွက်သွား နိုင်ကြမယ်ဆိုရင်တော့ အနည်းဆုံး အကျပ်အတည်းကြုံနေရတာလေး သက်သာတာပေါ့။ ဒါပေမဲ့ တကယ့် ပြဿနာကြီးတွေကိုတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်ဘူးဆိုရင် ဗမာပြည်က ရှေ့ ရောက်နိုင်ဖို့ အကြောင်းမရှိပါဘူး။

XS
SM
MD
LG