သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓါးစာခံ လွတ်မြောက်ရေး ၄ ရက်ကြာ ချီတက်ဆန္ဒပြမှု စတင်


တယ်လ်အဗစ်မြို့မှာ အစ္စရေးလက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူတွေစုဝေးပြီး ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့နဲ့ ဖမ်းဆီးခံ ဓားစာခံတွေပြန်လွတ်လာရေး တောင်းဆိုဆန္ဒပြနေကြပုံ။ (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)
တယ်လ်အဗစ်မြို့မှာ အစ္စရေးလက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူတွေစုဝေးပြီး ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့နဲ့ ဖမ်းဆီးခံ ဓားစာခံတွေပြန်လွတ်လာရေး တောင်းဆိုဆန္ဒပြနေကြပုံ။ (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)

အစ္စရေးဓါးစာခံ လွတ်မြောက်ရေး ၄ ရက်ကြာ ချီတက်ဆန္ဒပြမှု စတင်

ဂါဇာမှာ ဟာမတ်စ်ကဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေရဲ့မိသားစုတွေနဲ့ သူတို့ အပေါ် ထောက်ခံဝန်းရံသူတွေဟာ အဖမ်းခံရသူတွေလွတ်မြောက်ရေး အစ္စရေးတောင်ပိုင်းကနေ ဂျေရုဆလင်အထိ လေးရက်ကြာ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲကို ဗုဒ္ဓဟူးနေ့က စတင်လိုက်ပါတယ်။

ဓားစာခံတွေလွတ်မြောက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဟာမတ်စ်နဲ့ အစ္စရေးတို့ကြား သဘောတူညီချက်တခုရဖို့ ကာတာနိုင်ငံမှာ စေ့စပ်ညှိနှိုင်းနေချိန်မှာပဲ ဒီချီတက်ပွဲ စတင်လိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ နှစ်ဖက် သဘောတူညီချက်ရဖို့ အဆင်သင့်အနေအထား ရှိနေပြီလို့ ထုတ်ပြောထားပေမဲ့ အစ္စရေးနဲ့ ဟာမတ်စ်ဘက်ကတော့ ဒီလို အကောင်းမြင်ပြောဆိုမှုအပေါ် သံသယရှိကြောင်း ပြောပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက စေ့စပ်ညှိနှိုင်းသူတွေဟာ ခြောက်ပတ်ကြာ စစ်ရပ်နားထားပြီး အစ္စရေးဘက်ကဖမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဟာမတ်စ်ဘက်ကဖမ်းထားတဲ့ ဓားစာခံတချို့ လဲလှယ်နိုင်ရေး သဘောတူညီချက်တရပ်ရဖို့ ညှိနှိုင်းနေကြတာပါ။ စစ်ပွဲကြောင့် ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဆိုက်နေလို့ နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။

အစ္စရေးရဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးလာကြတဲ့ ပါလက်စတိုင်း ၁.၄ သန်း လောက်ဟာလည်း ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမှာစုပြုံရောက်နေကြပြီး ကယ်ဆယ်ရေးထောက်ပံ့မှုတွေ မလုံလောက်ဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အကူအညီပေးရေးလမ်းကြောင်းတလျှောက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေလို့ နှောင့်နှေးနေရကြောင်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ အစ္စရေးဘက်ကတော့ လုံခြုံရေးအရ စစ်ဆေးမှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

UNRWA လို့ ခေါ်တဲ့ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက စားနပ်ရိက္ခာတွေ ထုတ်ပေးရာနေရာတွေမှာ လူတန်းရှည်ကြီးတွေ တန်းစီစောင့်ဆိုင်းနေကြရတာကို တွေ့မြင်ရပါတယ်။ ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများစုကို အီဂျစ်နယ်စပ် ရာဖာလမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရတာပါ။ ဂါဇာကမ်းမြောင်ဒေသအတွက် ထောက်ပံ့ရေး ကုန်တင်ကား ၁၃၈ စီး ဝင်ရောက်နိုင်ခဲ့ကြောင်း အင်္ဂါနေ့မှာ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာကမ်းမြောင်က ငါးလနီးပါးကြာ စစ်ပွဲအတွင်း ပါလက်စတိုင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ဟာမတ်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အစ္စရေးကတော့ ဟာမတ်စ်အဖွဲ့ဝင် ၁၀,၀၀၀ ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ပြောပေမဲ့ အထောက်အထားတစုံတရာတော့ ထုတ်ဖော်ပြသတာမျိုး မရှိသေးပါဘူး။ ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အစ္စရေး ဘက်က လူ ၁,၂၀၀ သေဆုံးခဲ့ပြီး အရပ်သားအများစု ပါတဲ့ လူ ၂၅၀ ဝန်းကျင်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့နောက်ပိုင်း အစ္စရေးဘက်က ဂါဇာကို စစ်ဆင်ရေးတန်ပြန်ဆင်နွဲနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG