ပါလက်စတိုင်းကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂရဲ့ ထပ်လောင်းရန်ပုံငွေအဖြစ် ထည့်ဝင်ဖို့ ဆိုင်းငံ့ထားမယ့်နိုင်ငံတွေထဲမှာ သြစတြီးယားဟာ နောက်ဆုံးနိုင်ငံအဖြစ် ပါ၀င်ပါလာပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ရန်ပုံငွေထည့်ဝင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာကို တိုက်တွန်းခဲ့ပြီး နောက်နေ့မှာပဲ သြစတြီးယားက အခုလိုကြေညာခဲ့တာပါ။
ရန်ပုံငွေ ရပ်ဆိုင်းရေးအတွက် သြစတြီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ အောက်တိုဘာလက အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ် စစ်သွေးကြွတွေထဲက တဒါဇင်နီးပါးဟာ ပါလက်စတိုင်းဒေသက ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ (UNRWA) ထဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လျင်မြန်ပြီး ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်သင့်တယ်လို့ ဖော်ပြထားပါတယ်။
UNRWA အဖွဲ့ရဲ့ ရန်ပုံငွေ ၆၀ ရာခိုင်နှုန်း ပါဝင်နေတဲ့ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံ စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံကလည်း ရန်ပုံငွေ ထောက်ပံ့မှုကို ဆိုင်းငံ့ထားပါသေးတယ်။ နော်ဝေနိုင်ငံကတော့ ဒီစွပ်စွဲချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမဲ့လည်း ရန်ပုံငွေထည့်ဝင်မှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ တနင်္ဂနွေနေ့ကပဲ ပြောပါတယ်။
UNRWA အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာသာမက တခြားနေရာတွေမှာရှိတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide က X လူမှုကွန်ယက်မှာ ပြောထားပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကတော့ UNRWA အဖွဲ့မှာ လုံလောက်တဲ့ ရန်ပုံငွေ မရှိပေမဲ့လည်း ဂါဇာရှိ ပါလက်စတိုင်း ၂ သန်းကျော်အတွက် အကူအညီတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေစပြီး တတ်နိုင်သမျှမြန်မြန် ပေးသွားမယ်လို့ ပြောပါတယ်။