သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့်ပ် ဖေ့စ်ဘုတ် ရက်အကန့်အသတ်မရှိ Facebook က ပိတ်လိုက်


အမေရိကန်သမ္မတ Donald Trump။
အမေရိကန်သမ္မတ Donald Trump။

[Zawgyi/Unicode]

အမေရိကန်သမ္မတ Donald Trump ရဲ့ Facebook နဲ့ Instagram လူမှုကွန်ယက် အကောင့်တွေကို အချိန်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး အနည်းဆုံးတော့ ငြိမ်းချမ်းစွာ အာဏာလွှဲပြီးတဲ့အချိန်အထိ ဖြစ်လိမ့်မယ်လို့ Facebook ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကပြောကြားလိုက်ပါတယ်။ သမ္မတသက်တမ်း ကျန်တဲ့ကာလအတွင်း သမ္မတကို သူတို့ဝန်ဆောင်မှု ဆက်ပြီးပေးသုံးရင် အန္တရာယ်သိပ်ကြီးတယ်လို့ Mark Zuckerberg ကသူ့ရဲ့ Facebook post မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ခဲ့တဲ ထိတ်လန့်စရာဖြစ်ရပ်တွေကို ကြည့်ရင် သမ္မတ Donald Trump ဟာ ရွေးကောက်ပွဲအနိုင်ရသူ Joe Biden ကို ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ အာဏာလွဲပေးရေးကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ရှင်းလင်းပေါ်လွင်တယ်လို့ Zuckerberg ကဆိုပါတယ်။ Trump အပေါ်ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို ဗုဒ္ဓဟူးနေ့က အတင်းဝင်ရောက် ဖျက်စီးခဲ့ကြချိန်ထဲက Facebook နဲ့ Instagram လူမှုကွန်ယက်တွေက သမ္မတရဲ့ အကောင့်တွေကို ၂၄ နာရီပိတ်ထားလိုက်တာပါ။

Twitter ကလည်း သမ္မတအကောင့်ကို ၁၂ နာရီပိတ်ထားပါတယ်။ လွှတ်တော်ထဲ အတင်းဝင်ရောက်သူတွေကို အိမ်ပြန်ကြဖို့သမ္မတ ထုတ်ပြန်တဲ့ ဗီဒီယိုကိုလည်း လူမှုကွန်ယက်တွေဖယ်ရှားခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ ရွေးကောက်ပွဲဟာ မသမာဘူးလို့ သမ္မတက ပြောကြားထားသလို လွှတ်တော်အဆောက်အဦးဆီသွားကြဖို့ သမ္မတက ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

သမ္မတရဲ့ ပြောကြားချက်တွေဟာ အထောက်အထားမရှိသလို အကြမ်းဖက်မှုကို ဆက်ဖြစ်စေနိုင်တာမို့ အရေးပေါ် ဆောင်ရွက်တာဖြစ်တယ်လို့ Facebook ကပြောခဲ့သလို သမ္မတရဲ့ ဗီဒီယိုဟာ အကြမ်းဖက်မှုအားပေးရာရောက်တယ်လို့ဆိုပြီး Twitter ကလည်း ထပ်မံဆင့်ပွား Tweet လုပ်တာတွေကို ပိတ်ပင်ခဲ့ပါတယ်။ YouTube ကလည်း မမှန်ကန်တဲ့အချက်အလက်တွေ ဖော်ပြထားတဲ့ ဗီဒီယိုဖြစ်တာမို့ သူတို့ ကုမ္ပဏီမူဝါဒနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။

[Unicode Version]





XS
SM
MD
LG