သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်လွှမ်းမိုးမှုကင်းဖို့ အမည်တင်သွင်းခံ FBI အကြီးအကဲသစ် ကတိပြု


FBI ညွှန်ကြားရေးမှူးသစ် အဖြစ် အမည်စာရင်းတင်သွင်းခံရသူ Christopher Wray ကို အထက်လွှတ်တော် ကြားနာပွဲ။
FBI ညွှန်ကြားရေးမှူးသစ် အဖြစ် အမည်စာရင်းတင်သွင်းခံရသူ Christopher Wray ကို အထက်လွှတ်တော် ကြားနာပွဲ။

အမေရိကန်ပြည်ထောင်စု၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ညွှန်ကြားရေးမှူးသစ် အဖြစ် ခန့်ထားဖို့ သမ္မတ Donald Trump က အမည်စာရင်းတင်သွင်းထားတဲ့ Christopher Wray ဟာ သူ့ကိုခန့်ထားရေး စမ်းစစ်ကြားနာပွဲအဖြစ် ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် တရားရေးဆိုင်ရာကော်မတီရှေ့မှာ အထက်လွှတ်တော်အမတ်တွေက မေးမြန်းတာတွေကို ဖြေကြားရပါတယ်။

FBI ညွှန်ကြားရေးမှူးဟာ သူ့ကိုခန့်ထားတဲ့ သမ္မတနဲ့ သီးခြားကင်းလွတ်စွာ ဒီအဖွဲ့ကို ဦးဆောင်နိုင်ပါ့မလား ဆိုတဲ့အပေါ် အထက်လွှတ်တော်အမတ် အတော်များများက စိတ်ပူနေကြတာပါ။ ဒီအကြောင်း ကိုကျော်ကျော်သိန်းက ဆက်ပြော ပြပါမယ်။

တရားပြိုင် ရှေ့နေတဦးလဲဖြစ်၊ တရားရေးဌာန တာဝန်ရှိသူတဦးလည်း ဖြစ်တဲ့ Wray ဟာ တရားရေးကော်မတီရဲ့ကြားနာပွဲမှာ အမတ်တွေရဲ့ စိုးရိမ်ချက်ကို ချက်ချင်းပဲ ကြားခဲ့ရပါတယ်။

FBI ညွှန်ကြားရေးမှူးဟာ သမ္မတအတွက် အလုပ်လုပ်တာ မဟုတ်တဲ့အကြောင်း၊ အခြေခံဥပဒေနဲ့ တရားဥပဒေ အတိုင်း လုပ်ဆောင်ရပြီးအမေရိကန်လူထုအတွက် လုပ်ဆောင်ရတာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပယောဂနဲ့ ဝင်စွက်ဖက်ဖို့ ဘယ်လိုကြိုးစားတာ မျိုးကိုပဲမဆို ကြံ့ကြံ့ခံ ရပ်ဆိုင်နိုင်တဲ့ စွမ်းအားနဲ့ ရိုးသားတည်ကြည်မှု ရှိရမှာဖြစ်ကြောင်း ဒီမိုကရက် အထက်လွှတ်တော်အမတ် Dianne Feinstein က သူ့ရဲ့ အဖွင့်အမှာစကားမှာ ပြောသွားပါတယ်။

Wray က အဲဒီအတိုင်း သူလုပ်ဆောင်မှာ ဖြစ်တယ်ဆိုတာ အထက်လွှတ်တော်အမတ် Feinstein ကိုရော၊ ကျန်တဲ့ ကော်မတီဝင် တွေကိုပါ ချက်ချင်းပဲ အာမခံ ပြောဆိုပါတယ်။

“ ဒီတာဝန်ကို ထမ်းဆောင်ဖို့ မှန်ကန်တဲ့နည်းလမ်း တခုပဲ ရှိတယ်ဆိုတာ ကျနော် အခိုင်အမာ ယုံကြည်ထားပါတယ်။ အဲဒါ ကတော့ လုံး၀ သီးခြားလွတ်လပ်ရမယ်။ စည်းကမ်းအတိုင်း အတိအကျလုပ်ရမယ်။ အခြေခံဥပဒေအပေါ် သစ္စာရှိရမယ်။ တရား ဥပဒေတွေအပေါ် သစ္စာရှိရမယ်။ဒီအဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းတွေ အပေါ် သစ္စာရှိရပါမယ်။ ကြောက်မနေဘဲ၊ မျက်နှာသာမပေးဘဲ၊ ဒါ့အပြင် ပါတီစွဲ နိုင်ငံရေးအရ ဘယ်လို သြဇာလွှမ်းမိုးမှုမျိုးကို မဆို ထည့်မတွက်ဘဲ လုပ်ဆောင်ရပါမယ်။ ”

တယောက်ယောက် အပေါ်ရာဇဝတ်ကြောင်းအရ တရားဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ နေရာမှာ သမ္မတ အိမ်ဖြူတော်အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေမှ ပါဝင်ဖို့ မသင့်တဲ့အကြောင်းလည်း မစ္စတာ Wray က ပြောပါ တယ်။

သူ့အနေနဲ့ အချက်အလက်တွေက ညွှန်ပြတဲ့နောက်ကိုပဲ လိုက်သွားမှာဖြစ်ပြီး FBI ရဲ့စုံစမ်း စစ်ဆေးမှုတခုခုကို ဆက်မလုပ်ဖို့ ဘယ်သူကမှ သူူ့ကို ဖိအားပေးလို့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

“ စနစ်တကျ တည်ဆောက် ပြင်ဆင်ထားပြီး လုပ်သင့်လုပ်ထိုက်တဲ့ စုံစမ်းစစ်ဆေးမှုတခုကို ဆက်မလုပ်ဖို့ ဒါမှမဟုတ် စွန့်လွှတ်လိုက်ဖို့ စည်းရုံးလှုံ့ဆော်တဲ့ လုပ်ရပ် ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုနဲ့ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ကျနော့်ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။”

FBI ညွှန်ကြားရေးမှူးဟောင်း Robert Mueller ကို အထူးစံုံစမ်း စစ်ဆေးသူအဖြစ် မေလမှာ တာဝန်ပေးခန့်အပ်ပြီး FBI နဲ့အတူ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတခု လုပ်နေတာရှိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump အသာစီးရအောင် ရုရှားက ဝင်နှောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်စုံစမ်းစစ်ဆေးနေတာပါ။

ဒီစုံစမ်းစစ်ဆေးမှု အပေါ် သမ္မတထရမ့်ပ်က နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စုံစမ်းစစ်ဆေးမှုအဖြစ် သိပ်မကြာသေးခင်ကပဲ သမ္မတထရမ့်ပ်က ပြောထားတာပါ။ ဒါနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ် Lindsey Graham က ထပ်ခါတလဲလဲ မေးတဲ့အခါ Christopher Wray က -

“ ညွှန်ကြားရေးမှူး Mueller ဟာ ရည်ရွယ်ချက်နဲ့ ပစ်မှတ်ထား စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ကျနော် မယူဆပါဘူး။” ဆိုပြီး ပြန်ပြောပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာထရမ့်ပ် အနိုင်ရဖို့အတွက် သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး အဖွဲ့ထဲက လူတွေဟာ ရုရှားတာဝန်ရှိသူ တွေနဲ့ပေါင်းပြီး ကြံစည်လုပ်ဆောင်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်စုံစမ်းစစ်ဆေးမှုမျိုးစုံကို မစ္စတာထရမ့်ပ် ရင်ဆိုင် နေရတာ လအတော်ကြာနေပါပြီ။

၄ နာရီနီးပါးကြာတဲ့ ဆန်းစစ်ကြားနာပွဲအတွင်း တရားရေးကော်မတီဝင် အထက်လွှတ်တော် အမတ်တွေက အကြောင်းအရာမျိုးစုံနဲ့ပတ်သက်ပြီး Wray ရဲ့ သဘောထားတွေကို မေးမြန်းခဲ့ကြတာပါ။ အရင်က FBI ညွှန်ကြားရေးမှူး James Comey ကို သမ္မတ ထရမ့်ပ်က ထုတ်ပစ်လိုက်ပြီးတဲ့နောက် Christopher Wray ကို အစားထိုး ခန့်ထားဖို့ အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်လွှမ်းမိုးမှုကင်းဖို့ အမည်တင်သွင်းခံ FBI အကြီးအကဲသစ် ကတိပြု
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG