သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ဖျားနာကုဆေးခန်းတွေ ကြုံနေရတဲ့စိန်ခေါ်မှုများ


COVID 19 ရောဂါရှိမရှိ swab နမူနာယူနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Community Fever Clinic - Yangon Network- စက်တင်ဘာ ၁၄၊ ၂၀၂၀)
COVID 19 ရောဂါရှိမရှိ swab နမူနာယူနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Community Fever Clinic - Yangon Network- စက်တင်ဘာ ၁၄၊ ၂၀၂၀)

(ZAWGYI/UNICODE)
ဒီသီတင်းပတ်ရဲ့ မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာတော့-မြန်မာနိုင်ငံတွင်း ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်မှုအများဆုံးတိုင်းဖြစ်တဲ့ ရန်ကုန်တိုင်းတွင်း ကိုဗစ်ရောဂါ လက္ခဏာရှိသူတွေ နေ့စဉ် ရာနဲ့ချီ လာရောက်ဆေးကုသမှုခံယူနေကြတဲ့ - စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်တဲ့ အခမဲ့ COMMUNITY FEVER CLINIC ဆေးခန်းတွေရဲ့ စိန်ခေါ်မှု၊ စေတနာ့ဝန်ထမ်း ဆေးပညာရှင် ဆရာဝန်တွေရဲ့ အကူအညီ အရေးပေါ် လိုအပ်လာနေတဲ့အခြေအနေ၊ လက်ရှိ ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်နဲ့ ကူးစက်သူ ငါးသောင်းကျော် လာတဲ့ အနေအထားမှာ လူထုအထူးသတိထားရမယ့် ကျန်းမာရေး ဆိုင်ရာဆောင်ရန်ရှောင်ရန် အချက်တွေအကြောင်း ပြည်သူလူထု သိသင့်တဲ့ အချက်တွေကို COMMUNITY FEVER CLINIC အခမဲ့ ဖျားနာကုဆေးခန်းများ ရန်ကုန်ကွန်ရက်ရဲ့တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းကို ကျမဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

‌‌ဒေါက်တာကျော်မင်းထွန်း- Fever Clinic တာဝန်ခံ
‌‌ဒေါက်တာကျော်မင်းထွန်း- Fever Clinic တာဝန်ခံ

မဆုမွန်။ ။ မင်္ဂလာပါ ဒေါက်တာရှင့်။ အခု ဆရာတို့ရဲ့COMMUNITY FEVER CLINIC အခမဲ့ဖျားနာကု ဆေးခန်းတွေကို ရန်ကုန်တိုင်းတတိုင်းလုံးမှာ ဖွင့်လှစ်ထားတာ အခုဆိုရင်(၂၀)ကျော်သွားပြီပေါ့နော်။ ဆိုတဲ့အခါကျတော့ ကပ်ရောဂါ COVID 19 Second Wave ဒုတိယအကြိမ်ဖြစ်တဲ့အခါမှာဆိုရင် ဆရာတို့ရဲ့ ဖျားနာကုဆေးခန်းတွေမှာ အတော်လေးကိုမှ လူနာတွေလည်း တအားများလာတယ်။ ပြီးတော့ ဆေးကုသမှုမှာ အများကြီးစိန်ခေါ်မှုတွေဖြစ်လာတော့ အခမဲ့ဖျားနာကုဆေးခန်းတွေရဲ့ လက်ရှိအခြေအနေ ဖွင့်လှစ်ထားနိုင်တဲ့အနေအထားနဲ့ လူထုကို အဓိက လက်ရှိလုပ်ဆောင်ပေးနိုင်တဲ့အခြေအနေတွေရှင်းပြပေးပါဆရာ။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော်တို့လက်ရှိအခု COVID 19 Second Wave မှာဆိုရင် လူထုအခြေပြု ဖျားနာကုဆေးခန်းတွေကို မြို့နယ်တော်တော်များများမှာ တိုးချဲ့ပြီးဖွင့်လှစ်ထားပါတယ်။ ထပ်ပြီးတိုးချဲ့ဖွင့်ဖို့လည်း မြို့နယ်တော်တော်များများမှာ စီစဉ်ထားပါတယ်။ First Wave နဲ့မတူပဲ Second Wave မှာကျတော့ လာပြတဲ့လူဦးရေက အရမ်းကိုများလာတယ်။ First Wave မှာတုန်းက လူဦးရေက ဆယ်ဂဏန်းပဲရှိတယ် ဥပမာ ၂၀၊ ၃၀ လောက်ပဲရှိတယ်။ Second Wave မှာကျတော့ လူဦးရေက အရမ်းကိုများတယ် ၁၀၀ ဝန်းကျင် တချို့ရက်တွေဆို ၂၀၀ ဝန်းကျင်လောက်အထိ ကိုဖြစ်လာတယ်။ ရာဂဏန်းအထိဖြစ်လာတယ် လာပြတဲ့နှုန်းထားကပေါ့နော်။ နောက်တခုက First Wave မှာတုန်းက လာပြတဲ့လူနာတွေထဲ ကိုဗစ်လက္ခဏာကို သိပ်မတွေ့ရဘူး။ အခုSecond Wave မှာကျတော့ လာပြတဲ့လူနာ ၃ပုံ ၂ပုံက ကိုဗစ်လက္ခဏာတွေပြတယ် အနံ့ပျောက်တယ် ဖျားတယ် မောတယ်။ ချောင်းဆိုးတယ် ဝမ်းလျှောတယ်ပေါ့နော်။ စစ်လိုက်ရင်လည်း အဲ့လိုလူနာတွေမှာ Positive တွေ့ကြတယ်။ လာပြတဲ့လူနာတွေကို First Wave မှာတုန်းက ဆေးပေးတယ် အိမ်ပြန်လွှတ်တယ်။ အခုSecond Wave မှာကျတော့ အဲ့လူနာတွေကို Test စစ်နိုင်ရေး ပိုးရှိ-မရှိ စမ်းသပ်စစ်ဆေးနိုင်ရေး ကြိုးပမ်းတယ်ပေ့ါနော်။ အခု Test and Care Center နဲ့ ကျနော်တို့ Community Fever Clinic ရှိတဲ့မြို့နယ်ငါးမြို့နယ်ပူးပေါင်းပြီး ဧရာဝတီ Test and Care Center ကို ချိတ်ဆက်ပြီးတော့ တရက်ကို အယောက် ၂၀ ပို့ဆောင်နေတယ်။ Test and Care Center နဲ့ မချိတ်ဆက်ထားတဲ့မြို့နယ်တွေကိုကျတော့ ကျနော်တို့က Register လုပ်၊ လုပ်ပြီးတော့ အဲ့ဒီ့Test and Care Centerက ပို့ပေးတဲ့ QR CODE ရက်နဲ့အချိန်ကို ယူပြီး သွားပြီး စစ်ဆေးမှုခံယူရမယ်ပေါ့နော် အဲ့တာတခုပေါ့။

ပြီးတော့ တချို့ Emergency ဆို ချက်ခြင်းဆေးရုံကိုလွှတ်တာရှိတယ်။ ကိုဗစ်နဲ့မတူတဲ့လူနာတွေကိုဆိုရင်တော့ ဆေးပေးတယ် အိမ်ပြန်လွှတ်တယ် သူတို့ကိုစောင့်ကြည့်တယ်ပေါ့နော်။ ကိုဗစ်လက္ခဏာနဲ့တူတယ်ဆိုရင်တော့ Swab စစ်နိုင်ရေး ကြိုးပမ်းတယ်ပေါ့နော်။ အနံ့ပျောက်တယ်ဆိုရင်လည်း မြို့နယ်အစီအစဉ်နဲ့ အနံ့ပျောက်စင်တာတွေမှာ ထားပေးတယ်ပေါ့နော်။ မြို့နယ် (၅)မြို့နယ်မှာ နေထိုင်သူတွေဆိုရင်တော့ Fever Clinic မှာ Register လုပ်ပြီး နောက်ရက်မှာ စစ်လို့ရအောင်လုပ်ပေးထားပါတယ်။ နောက် အရေးပေါ် Emergency မျိုးပေါ့ ဥပမာ အောက်ဆီဂျင်အရမ်းကျလာတယ်။ မောလာတယ်ဆိုရင် အဲ့လိုလူနာတွေကို ကျနော်တို့က ချက်ခြင်း ဆေးရုံကို လွှဲပြောင်းကုသပေးတယ်။ Community Fever Clinic တိုင်းမှာ အရေးပေါ်လူနာတင်ကား Ambulance ကား Stand By ရှိတယ်။ အရေးပေါ်ဖြစ်လာရင် ဆေးရုံကို ချက်ခြင်းချိတ်ဆက်လွှဲပြောင်းပေးတယ်ပေါ့နော်။ အဲ့လိုလေးတွေတော့ လက်ရှိကျနော်တို့ဆောင်ရွက်နေပါတယ်။ ဒီ Second Wave မှာဆိုရင် တော်တော်များများ လာပြသမျှ လူနာ ၃ပုံ ၂ပုံမှာ ကိုဗစ်ရှိနေကြတာများတယ် စစ်လိုက်ရင်လည်း တော်တော်များများ ပေါ့စတစ်တွေတွေ့လာကြတယ်။

(ဓာတ်ပုံ -Community Fever Clinic - Yangon Network)
(ဓာတ်ပုံ -Community Fever Clinic - Yangon Network)

မဆုမွန်။ ။ ဟုတ်ကဲ့ အခုလိုမျိုး လာပြတဲ့လူနာတွေထဲ ပေါ့စတစ်လူနာတွေလည်း တော်တော်လေးများလာနေတဲ့ အနေအထားမှာ ဆရာတို့ ဒီCommunity Fever Clinic အခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ကျန်းမာရေးကုသစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေ ဆေးပညာရှင်တွေ စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်အားတွေ ပေးနိုင်တဲ့အချိန်အားဖြင့် ဆေးကုသစောင့်ရှောက်မှုလုပ်ပေးနေရတဲ့အချိန်မှာ ဘယ်လိုမျိုးစိန်ခေါ်မှုတွေနဲ့ လုပ်အားအခက်အခဲတွေရှိပါသလဲရှင့်။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော်တို့ ဒီSecond Wave မှာ လူနာတွေ အရမ်းများလာတဲ့အပေါ်မှာ ဆေးခန်းတွေရဲ့ ဖွင့်ချိန် ဖွင့်ရက်တွေကို သတ်မှတ်ရက်တွေထက်ပိုတိုးထားတယ်။ ခါတိုင်းဆို ကျနော်တို့ တစ်ပတ်ကို ၃ရက်ဖွင့်တယ်ဆိုရင် ဒီSecond Wave မှာ လူနာတွေ တအားများလာတော့ တပတ်ကို ၅ရက်ဖွင့်ပေးတယ်။ တချို့ဆို တပတ်လုံးပိတ်ရက်မရှိ ဖွင့်ပေးလိုက်တာရှိတယ် တချို့ဆေးခန်းတွေဆိုရင်။ ပြီးတော့ အချိန်တွေလည်း တိုးထားတယ်ပေါ့နော်။ အရင်တုန်းကဆို ၉-၁၁ ဖွင့်တယ် နောက်ပိုင်း ၉-၁၂ ဆွဲဆန့်ထားတယ်။ ပြီးတော့ အခုလူနာတွေ တအားများလာတဲ့အပေါ်မှာ ဆရာဝန်အင်အားတွေလည်း ပိုတိုးပြီး လိုအပ်လာတယ်ပေါ့နော်။ ကျနော်တို့က ၉နာရီကနေ ၁၂နာရီသတ်မှတ်ထားတဲ့အပေါ်မှာ လူနာတွေက အရမ်းများလာတော့ မပြီးဘူး။ တချို့ရက်တွေဆို ၅နာရီထိုးသွားတဲ့အချိန်အထိရှိတယ်။ အရင်တုန်းက ဆရာဝန်တယောက် သူနာပြုတယောက် ဗော်လံတီယာ ၂ယောက်ပေါ့။ အခုဆိုရင် Double ပေါ့ ဆရာဝန် ၂ယောက် သူနာပြု ၂ယောက် ဗော်လံတီယာ ၄ယောက်လောက်အထိ တိုးချဲ့ပြီးတော့ Community Fever Clinic တခုချင်းစီမှာ တိုးချဲ့ထားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လာပြတဲ့လူနာတွေ အရမ်းများတယ် လာပြတဲ့လူနာတိုင်းကိုလည်း ကျနော်တို့က ပြန်မလွှတ်ချင်ဘူး။ ချက်ခြင်း တုံကင်ဘယ်လောက်နဲ့ဖြတ်ပစ်မယ်ဆိုတဲ့အစီအစဉ်လည်း မလုပ်ထားဘူး။ လာတဲ့သူတွေကို အဆင်ပြေအောင် ကြည့်ရှု့ပေးတယ်။ တချို့ရက်တွေဆိုရင်တော့ ဆရာဝန်တွေက မလာနိုင်တော့ဘူးဆို လူနာကို ဖြတ်လိုက်ရတဲ့ရက်တွေလည်းရှိတယ်။ အဲ့တာလည်းအမြဲတမ်းမဟုတ်ပါဘူး တချို့တလေရက်တွေမှာပါ။

fever clinic
fever clinic

များသောအားဖြင့်တော့ လာတဲ့လူနာတိုင်းအဆင်ပြေအောင် ကျနော်တို့ လူနာအကုန်လုံးကိုကြည့်လို့ရအောင် ဆရာဝန်အင်အား သူနာပြုအင်အား ဗော်လံတီယာအင်အား တိုးချဲ့ပြီး ဝိုင်းကူညီပေးကြဖို့ အကူအညီတောင်းပါတယ်။ လာပြီးလည်း ကူညီပေးကြပါတယ် တော်တော်များများ ဆရာဝန်တွေက ဒီ Second Wave မှာတော့ အားလုံး စည်းလုံးညီညွတ်စွာနဲ့ လာရောက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြတာတွေရှိပါတယ်။ လောလောဆယ်မှာတော့ စိန်ခေါ်မှုအပိုင်းကတော့ လူနာတွေ အရမ်းများလာတဲ့အပေါ်မှာ Manpower လိုအပ်တယ်။ နောက်တခုက အလှူရှင်အင်အားလည်း လိုအပ်ပါတယ်။ ကျနော်တို့ Community Fever Clinic တော်တော်များများက အလှူရှင်အားနဲ့ရပ်တည်နေရပါတယ် အကုန်လုံးက။ အလှူရှင်တွေဆီက ရတဲ့အလှူငွေတွေနဲ့ ဆေးပစ္စည်းတွေဝယ်ရတယ်။ PPE အသုံးအဆောင်တွေ ကာကွယ်ရေးအသုံးအဆောင် ဆေးဝါးတွေ အကုန်ဝယ်ရတယ်။ လိုအပ်တဲ့နေရာ ပိုးသတ်ဆေးဖြန်းဖို့ ဆေးရည်တွေပေါ့ အဲ့လိုအစရှိသဖြင့် လိုအပ်တဲ့ဆေးပစ္စည်းတွေကို အလှူရှင်တွေရဲ့အားနဲ့ ရပ်တည်နေရတယ် စိန်ခေါ်မှုမှာတော့ အလှူရှင်တွေရဲ့အားလည်း အရမ်းလိုအပ်ချက်တွေရှိတယ်။ First Wave ဧပြီ ၁ရက်နေ့ Community Fever Clinic တွေ စတည်ထောင်ကတည်းက အလှူရှင်တွေရဲ့အားနဲ့ ရပ်တည်ပြီးတော့ လည်ပတ်နေပါတယ်။ ဖြစ်နိုင်ရင် အလှူရှင်တွေလည်း ဝိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံပါတယ် အခုကူညီပေးနေတဲ့အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုက လူနာတွေက တအားများတယ်။ များလာချိန်မှာ ကိုဗစ်ကာလ ဆေးရုံဆေးခန်းတွေ လာပြတဲ့အခါမှာလည်း သူတို့အတွက် အန္တရာယ်ရှိနိုင်တဲ့အနေအထားရှိတယ်။ ဆိုတော့ ဒီဖျားနာကုဆေးခန်းတွေကို မလာခင်မှာ ဆရာတို့နဲ့ ကြိုပြီးတော့ ဆွေးနွေးဖို့ တယ်လီဖုန်းနဲ့ အကြံညဏ်တောင်းတာမျိုးတွေ လုပ်ကြဖို့ကို ဆရာတို့ အရင်တုန်းက မေတ္တာရပ်ခံထားတာရှိပါတယ်။ ဆိုတော့ အဓိက ကျန်းမာရေးနဲ့ပတ်သက်ပြီး Counseling လုပ်တာတွေကို ဆရာတို့ ဖျားနာကုဆေးခန်းတွေနဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အနေအထားလည်းသိရတော့ လူနာတွေ ကိုယ်တိုင် ဆေးကုသမှုမခံရင် ဘယ်လိုအကြံပေးမှုဆောင်ရွက်ပေးလဲ လူနာတွေကိုရောဘယ်လိုအကြံပေးချင်တာရှိပါသလဲရှင့်။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော်တို့ရဲ့Community Fever Clinic တွေကို အခုလက်ရှိ ဆိုရင် ၂၅မြို့နယ်မှာ တိုးချဲ့ ဖွင့်လှစ်ထားတယ် လက်ရှိ Community Fever Clinic ရန်ကုန်နပ်ဝပ်ရဲ့ Page မှာလည်း တာဝန်ခံဆရာဝန်တွေရဲ့ ဖုန်းနံပတ်တွေ ထည့်ပေးထားတယ်ပေါ့နော်။ အဓိက ပြည်သူလူထုတွေက စုံစမ်းချင်တယ် သိချင်တယ် မေးမြန်းချင်တယ်ပေါ့နော် ရောဂါနဲ့ပတ်သက်လို့ရှိရင် အဲ့တာတချက်ပေါ့နော်။ အခုက လူနာတွေက တော်တော်များများဆက်တယ် အရမ်းကိုဆက်လာတယ် ဖြေလို့မရတော့တဲ့အတိုင်းအတာအထိရောက်လာတယ်ပေါ့နော်။ လူနာကြည့်ရမလား ဖုန်းဖြေရမလားဆိုတဲ့အခြေအနေအထိ ရောက်လာတယ်။ အဲ့လိုဆိုတော့ အခုက Call Center ကလည်း အကူအညီပေးတယ် မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကူညီပေးတယ်။ (၂၀၁၉ 2019 ) COVID Call Centerကလည်း ကူညီပေးပါတယ်။ နောက်ဆုံး အသစ် C ၃လုံးပေါ့ Community Covid Call Center ကလည်း အကူအညီပေး ပံ့ပိုးပေးတယ် အဲ့တော့ ကျနော်တို့ လက်ရှိ Call Center ချည်းပဲ ပေါင်းလိုက်မယ်ဆိုရင် 2019 Call Center ရယ် ဟိုက်ကာ Call Center ရယ် MMA Call Center ရယ် C ၃လုံး Community Covid Call Center ရယ် လောလောဆယ် ၄ခု က ကျနော်တို့ကို ကူညီပံ့ပိုးပေးတယ်။ အခုချိန်က လူနာတွေက အရမ်းလာနေပြီး ကျနော်တို့လည်း အရမ်းကိုအလုပ်တွေရှုပ်တော့ ဘယ်လိုမှ ဖုန်းလက်ခံဖြေလို့မရတဲ့အပိုင်းတွေရှိတော့ Call Center တွေအပိုင်းက ဝင်ရောက်ကူညီပေးတော့ ကျနော်တို့ဘက်က အရမ်းကျေးဇူးတင်တယ် နောက်လည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူလူထုအနေနဲ့ တခုခုသိချင်တာ မေးမြန်းချင်တာ စုံစမ်းချင်တာ ရှိရင်လည်း Call Center ကို ဆက်သွယ်ပါ။ Call Center ဘက်ကလည်း သေသေချာချာ ရှင်းပြပြီး ဖြေကြားပေးမှာပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုလို စေတနာ့ဝန်ထမ်း ဆရာဝန်တွေဘက်က အင်တိုက်အားတိုက်နဲ့ကို လူအင်အားရော စိတ်ဓာတ်အင်အားနဲ့ပါ အပြည့်လုပ်ဆောင်ပေးနေကြတယ်။ အဲ့ဒီ့အချိန်မှာ သက်ဆိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကရော နောက်ပြီးတော့ ရပ်ကွက်မြို့နယ်တွေမှာ ရှိတဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေအပိုင်းကရော ဆရာတို့ကို ဘာတွေ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ လိုအပ်တာရှိလဲရှင့်။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော်တို့ လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းတခုဖွင့်ဖို့အတွက်ဆို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပါတယ် ဆောင်ရွက်ပြီး စိစစ်ပြီးတော့ ဖွင့်ပါတယ် နောက်ပိုင်းမှာ အဓိက မြို့နယ် ကျန်းမာရေးဆရာဝန်ကြီးရဲ့ ကျနော်တို့ တိုင်ပင်ဆွေးနွေးပြီး လုပ်ကြပါတယ် ပြီးတော့ အလှူရှင်အင်အားတွေနဲ့ရပ်တည်လာကြပါတယ်။ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးပါတယ်။ Fever Clinic မြို့နယ်အဆင့်တခုဖွင့်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အားကလည်း လိုအပ်တယ် တော်တော်များများကလည်း ကူညီကြပါတယ်။ နောက်ပိုင်းတွေမှာ မြို့နယ်အဆင့်တွေနဲ့ပဲ ဆက်ပြီး လည်ပတ်သွားကြရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုနောက်ဆုံးအနေနဲ့မေးချင်တာကတော့ မြန်မာနိုင်ငံမှာ COVID 19 စပြီးဖြစ်တုန်းက ပထမလှိုင်းတုန်းက ကူးစက်မှုကလည်းနည်းတယ်။ လူသေဆုံးမှုကလည်း သိပ်ပြီးတော့ မရှိခဲ့ဘူးပေါ့နော်။ အဲ့တော့ လူထုဘက်ကစိုးရိမ်မှုက အတိုင်းအတာတခုအထိ စိတ်သက်သာရာ ရခဲ့ကြတဲ့အနေအထားဖြစ်ခဲ့တယ်။ အခု ဒုတိယလှိုင်းဖြစ်လာတော့ ကူးစက်သူက ငါးသောင်းကျော်အထိဖြစ်လာတယ်။ သေဆုံးသူကလည်း တစ်ထောင့်နှစ်ရာကျော်လောက်အထိ အခုဆိုရင် နောက်ဆုံးစာရင်းအရ သိရပြီ။ ဒီလိုအနေအထားမျိုးမှာ ဆရာတို့လို လူထုအခြေပြုစေတနာ့ဝန်ထမ်းဆေးကုသမှုပေးနေတဲ့ဆရာဝန်တယောက်အနေနဲ့ ပြည်သူလူထုကို အဓိက ဘယ်လိုကျန်းမာရေးပညာပေး သတိပေးစကားပြောချင်တာရှိပါလဲရှင်။

ဒေါက်တာကျော်မင်းထွန်း။ ။ ကျနော် အဓိက ကာကွယ်ရေးနဲ့ ကုသရေး (၂)ခုကို ပြောချင်ပါတယ်။ တိုင်းပြည်တပြည်မှာ အဲ့ဒီ့အချက် ၂ခု အရမ်းလိုအပ်တယ် ပြည်သူလူထုအတွက်ရော ဆရာဝန်တွေအတွက်ရောပေါ့နော်။ အဓိကပြောချင်တာ ပြည်သူလူထုတွေဘက်က အခုချိန်အထိပေါ့နော် ကာကွယ်ရေးအပိုင်းမှာ ကျနော်တို့ တွေ့တွေ့နေရတာ စည်းကမ်းပိုင်းမှာ အခုအချိန်အထိ စည်းကမ်း အတော်တော်လေး မလိုက်နာတွေတွေ့နေရပါတယ်။ Mask မတပ်ဘူး လမ်းတွေပေါ် သွားလာနေကြတုန်းပဲ။ Mask ချည်း မေးမှာ ချထားတယ်။ တကယ်တမ်းက ကာကွယ်ရေးက အရေးကြီးဆုံးပဲ မိမိကိုယ်ကို ကာကွယ်နိုင်မှ တခြားသူကို မကူးစက်မှာ တခြားလူကိုမကူးနိုင်မှ လူမှုဝန်းကျင်နဲ့ ကပ်ဆိုက်နေတဲ့ တိုင်းပြည်ကို ကာကွယ်နိုင်မှာ ။ တခုနဲ့ တခုက Linkတွေ ရှိတယ် အဲ့ဒီ့Link တွေ ပျက်စီးသွားလို့မရဘူး။ အဲ့ဒီ့အတွက် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ တကယ့်ကိုလိုအပ်မှ အိမ်ပြင်ကိုထွက်ပါ။ ဖြစ်နိုင်ရင် အိမ်ထဲမှာနေပေးပါ။

အကယ်လို့ အပြင်ထွက်မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက လိုက်နာရမယ့်ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ သေချာလေး ချမှတ်ထားပေးတယ်။ ကျန်းမာရေးဝန်ကြီးဌာနဘက်က အတတ်နိုင်ဆုံး သေချာလေး အကောင်းဆုံးပြင်ဆင်ပြီး ချမှတ်ပေးထားတယ်။ အဲ့ဒီ့စည်းမျဉ်းစည်းကမ်းတွေကို အတတ်နိုင်ဆုံး လူထုက လိုက်နာပေးကြပါ။ Mask တပ်ပါ လက်ကို ခဏ ခဏဆေးပါ ဆိုတာက တကယ်တမ်း လမ်းတွေမှာ သီချင်းတွေလည်း ဖွင့်ပေးထားတယ်။ ဒါဟာ သီချင်းမဟုတ်ပါဘူး ကျန်းမာရေး အသိပေးတာပါ။ ဆောင်ပုဒ်တွေလည်း ချပေးထားတယ်။ ဘီနိုင်းတွေလည်း ထုတ်ပေးထားတယ်။ အဲ့တာလေးတွေကို သေချာလေး ဖတ်ပေးပါ လိုက်နာပေးပါပေါ့နော်။ ပြည်သူလူထုကို အဓိက Message ပေးချင်တာ ပြည်သူလူထုအနေနဲ့ ကိုယ့်ကိုကိုယ် နိုင်အောင် အရင်ဆုံးကာကွယ်ပေးပါ။ ဒီSecond Wave မတိုင်ခင်ကလည်း ကျနော်တို့ အဓိက ပြည်သူကို ပညာပေးခဲ့ကြပါသေးတယ်။

နောက်တခုက ကျနော်တို့ကုသရေးပေါ့နော်။ ပြည်သူလူထုဘက်က ကုသရေးအပိုင်းမှာ စောစီးလျှင်မြန်စွာ ကုသမှု ခံယူဖို့အရမ်းအရေးကြီးတယ် လိုအပ်ပါတယ်။ ဆရာဝန်တွေဘက်ကလည်း ကျနော်တို့က ပြည်သူတွေဘက်က တက်လာတဲ့ မတ်ဆေ့တွေ အင်ဖော်မေးရှင်း သတင်းအချက်အလက်တွေရတာနဲ့ ချက်ခြင်းစစ်မယ် ချက်ခြင်းကုတယ်။ ကျနော်တို့ဘက်က လုပ်ပေးနိုင်တာ လူနာတွေဘက်ကလည်း စောစီးစွာကုသမှု ခံယူဖို့က အရေးကြီးတယ်။ အမေက အသက်ကြီးပြီ ဆေးရုံသွားရင် အဆင်ပြေပါ့မလား အိမ်မှာ နည်းနည်းနေကြည့်လို့မရဘူးလားဆိုတဲ့ အောက်ဆီဂျင်ပေးပြီးနေကြည့်မယ်ဆိုတဲ့ မတ်ဆေ့လေးတွေ တက်လာတယ်။ တကယ်တမ်းက အဲ့တာ အန္တရာယ်ရှိတယ် မောတာပဲဖြစ်ဖြစ် နေမကောင်းတာ ချောင်းဆိုးနှာဈေးတာပဲဖြစ်ဖြစ် ကနဦး စဖြစ်တာနဲ့ Call Center ဖုန်းနံပတ်တွေပေးတယ် ကျနော်တို့ဆရာဝန်တွေဆီပဲဖြစ်ဖြစ် ချက်ခြင်းဆက်ပြီး အကြောင်းကြားပါ။ လိုအပ်တဲ့ Guild Lines တွေ ချပေးပါမယ်။ လိုအပ်တာလေးတွေ Manage လုပ်ပေးမယ် လိုအပ်တာတွေဖြေကြားပေးမယ်ပေါ့နော်။ ဖုန်းနံပတ်တခုမရရင် နောက်တလုံးထပ်ဆက်ပါ ဖုန်းနံပတ်တွေ အများကြီးနဲ့ Call Center တွေလည်း အများကြီးဖွင့်ပေးထားပါတယ်။ ဘာဖြစ်ဖြစ် တခုခု ကိုဗစ်နဲ့ပတ်သက်လို့ တခုခု တစုံတရာဖြစ်တာနဲ့ ကျနော်တို့ဆီ ဆက် ကျနော်တို့ဆီ ဆက်လို့မရရင် Call Center ကိုဆက် တလုံးမအားရင် နောက်တလုံးဆက် အဲ့ဒီ့နံပတ်တွေကိုဆက်ပြီးတော့ ကုသမှုခံယူနိုင်အောင် အကြောင်းကြားပါ။ အကြောင်းကြားပြီးတော့ ဆေးကုသမှုတွေကို စောစီးစွာ ခံယူပေးပါပေါ့နော်။ အဲ့တာလေးတွေက အရမ်းအရေးကြီးပါတယ် အဲ့တာမှ ကူးစက်မှုလျော့မယ် သေဆုံးမှုလျော့မယ်။ အဲ့တာဆို ကိုဗစ်၁၉ ရောဂါလက္ခဏာဆိုတာကို စိုးရိမ်စရာမရှိတော့ပဲ စောစောစီးစီး ကုသမှုခံယူမယ် ကြိုသိမယ် ကြိုကာကွယ်နိုင်မယ်ဆိုရင် မိသားစုကို မိမိကအစ ရောဂါကူးစက်မှုလျော့သွားနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ကာကွယ်ပါ ကုသမှုစောစီးစွာခံယူပါဆိုတဲ့ ၂ခုစလုံးကို အသေအချာ လိုက်နာပေးကြပါလို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံပါတယ်ခင်ဗျ။

ကမ္ဘာ့ကပ်ရောဂါကိုဗစ်၁၉ ဖြစ်ပွားနေစဉ်ကာလ ပြည်သူလူထုအထူးသတိထားရမယ့် ကျန်းမာရေး ဆိုင်ရာဆောင်ရန်ရှောင်ရန် အချက်တွေအကြောင်း ပြည်သူလူထုသိသင့်တဲ့အချက်တွေကို COMMUNITY FEVER CLINIC အခမဲ့ ဖျားနာကုဆေးခန်းများ ရန်ကုန်ကွန်ရက်ရဲ့တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းကို ကျမဆုမွန်က ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ တင်ဆက်ထားတာပါ။

#YangonFeverClinic #BurmaForum #Covid19 #VOABurmese #ရန်ကုန်ဖျားနာကုဆေးခန်းများ #ကိုဗစ်

တိုက်ရိုက် လင့်ခ်


(UNICODE)







ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Fever Clinic မြင်ကွင်း။ (ဓာတ်ပုံ - Ahlone Fever Clinic - အောက်တိုဘာ ၂၀၊ ၂၀၂၀)
ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Fever Clinic မြင်ကွင်း။ (ဓာတ်ပုံ - Ahlone Fever Clinic - အောက်တိုဘာ ၂၀၊ ၂၀၂၀)



Community Fever Clinic - Yangon Network
Community Fever Clinic - Yangon Network









XS
SM
MD
LG