သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ကမ္ဘာ့ဖလား ကန်အသင်း စတုတ္တအကြိမ်မြောက်ဗိုလ်စွဲ


ကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန် အမျိုးသမီးအသင်း
ကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန် အမျိုးသမီးအသင်း

၂၀၁၉ FIFA အမျိုးသမီးကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တနင်္ဂနွေနေ့က ကစားကြတာမှာ အမေရိကန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ချန်ပီယံဖြစ်သွားတာပါ။

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲမရောက်ခင် အခြား ဥရောပအသင်းတွေဖြစ်တဲ့ ဆွီဒင်၊ စပိန်၊ ပြင်သစ်နဲ့ အင်္ဂလန် တို့ကို အနိုင်ရခဲ့သလို၊ အခုနောက်ဆုံးဗိုလ်လုပွဲမှာ ဥရောပ ချန်ပီယံဖြစ်တဲ့ နယ်သာလန်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အမေရိကန်အသင်း အနိုင်ရခဲ့တဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက် ဂုဏ်ယူမိသလို၊ သိပ်ကောင်းပြီး သိပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲဖြစ်ကြောင်းနဲ့ အမျိုးသမီးဘောလုံးအသင်းအတွက် အမေရိကန်ပြည်သူတွေ ဂုဏ်ယူမိကြောင်း အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ twitter လူမှုကွန်ယက်အကောင့်မှာရေးသားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ၂ သင်းစလုံး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။ ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၆၁ မိနစ် မှာတော့ ၊ အမေရိကန်အသင်းက အဖွင့်ဂိုးရခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ ပယ်နယ်တီဧရိယာထဲမှာ နယ်သာလန်ဘက်က ဘောလုံးဖျက်တာကြမ်းတဲ့အတွက် ဒိုင်က VAR အဆုံးအဖြတ်နဲ့ပယ်နယ်တီပေးတာကို အသင်းခေါင်းဆောင် Megan Rapinoe က သွင်းယူခဲ့လို့ အမေရိကန်အသင်း ပထမဂိုးရခဲ့ပါတယ်။ အဲဒီနောက် နယ်သာလန်ဘက်က ချေပဂိုးရဖို့ တိုက်စစ်ကို ဖွင့်ပြီး အရှိန်မြင့်ကစားခဲ့ပေမယ့်၊ ၆၉ မိနစ်မှာတော့ အမေရိကန်ကွင်းလယ်က Rose Lavelle က ပယ်နယ်တီဧရိယာစည်းထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့လို့ အမေရိကန်အသင်းက ဒုတိယဂိုးရသွားပါတယ်။ နယ်သာလန်ဘက်က ချေပဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမေရိကန် ၂ ဂိုး ဂိုးမရှိ နဲ့နိုင်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်သွားပါတယ်။ အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ ၁၉၉၁၊ ၁၉၉၉ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း ကမ္ဘာ့ဖလားတွေကို ရထားတဲ့အတွက် ဒါဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ်မြောက် ရပြီး အများဆုံးစံချိန်တင်လိုက်တာပါ။

ဒီနှစ်ကမ္ဘာ့ဖလားမှာ အမေရိကန်အသင်းခေါင်းဆောင် Megan Rapinoe က ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆု နဲ့ ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုတွေကို ရခဲ့ပြီး၊ တိုက်စစ်မှူး အဲလက်စ်မော်ဂန်ကတော့ ဒုတိယဂိုးအများဆုံးသွင်းတဲ့ ငွေဖိနပ်ဆုကို ရခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆု ရွှေလက်အိတ်ဆုကိုတော့ နယ်သာလန်ဂိုးသမားက ရသွားခဲ့ပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား ကန်အသင်း စတုတ္တအကြိမ်မြောက်ဗိုလ်စွဲ
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG