သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမှာ ဒေသခံတွေမလုံခြုံသေး


တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီးဒေသခံတွေ စစ်ဘေးရှောင်နေကြရ (စက်တင်ဘာ၊ ၂၀၂၃)
တိုက်ပွဲတွေကြောင့် ကြာအင်းဆိပ်ကြီးဒေသခံတွေ စစ်ဘေးရှောင်နေကြရ (စက်တင်ဘာ၊ ၂၀၂၃)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒေသအခေါ် ဝင်းရော်ဒေသ ခလယ်ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေပြင်းထန်ခဲ့လို့ ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန်ပြီး ဘေးလွတ်ရာ ပြေးခဲ့ကြရပါတယ်။ အခုလက်ရှိ တိုက်ပွဲတွေ ငြိမ်နေလို့ တချို့ အိမ်ပြန်သွားသူရှိပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်နေတာကြောင့် သတိနဲ့ သွားလာနေကြရပါတဲ့ အခြေအနေ သတင်းပေးပို့ချက်ကိုအခြေခံပြီး အလိမ္မာက ဆက်ပြီးပြောပြပါမယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာတဝိုက်မှာ စက်တင်ဘာ ၁၄ ရက်နေ့က စလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ရွာခံနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီပေးနေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းတက်လာချိန် မြို့ဟောင်းရွာနဲ့ ခလယ်ကျေးရွာချင်းဆက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖက်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အကြောင်းကို ဒေသခံက ခုလို ပြောပြပါတယ်။

“ကြီးကြီးကျယ်ကျယ်ဖြစ်ကြတယ်။ မိုင်းတွေ ဘာတွေကွဲတယ်။ အဲ့ဒါပြီးတော့ လေယာဉ်နဲ့ လာပစ်တာတွေ့တယ်။ လေယာဉ်နဲ့ပစ်တော့ ဒီဘက်ကတယောက်ကျတယ်ဟုတ်။ အဲ့ဒါတော့သိကြတယ်ပေါ့။”

တိုက်ပွဲဖြစ်လို့ ခလယ်ကျေးရွာ၊ မြို့ဟောင်းရွာ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ၊ ခလယ်ရွာလေး စတဲ့ အဲဒီဒေသတဝိုက် ကျေးရွာတွေက ဒေသခံ ၅၀၀၀ ထက်မနည်း အိုအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်စကပြီး တိုက်ပွဲတွေငြိမ်နေတာမို့ တချို့စစ်ပြေးဒုက္ခသည်တွေ နေအိမ်တွေကို ပြန်ခဲ့ကြပါတယ်။ အိမ်ရှင်တွေပြန်သွားချိန် နေအိမ်အတော်များများ ဖောက်ထွင်းခံထားရပြီး တန်ဖိုးရှိပစ္စည်းတွေ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ အတိအကျမသိပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာပြီးနောက်ပိုင်း နေအိမ်ဖောက်ခံရတာလို့ ပြောကြပါတယ်။

“ဒီတချည်မှာ ကျနော်တို့ အရှောင်ရဆုံးတော့ ခလယ်ရွာ၊ မြို့ဟောင်း၊ ခလယ်ရွာကလေး အဲ့ရွာတွေက အဓိကရှောင်ကြရတယ်။ ရွာလုံးကျွတ်နီးပါးပေါ့။ အခုတော့ အချို့တဝက် တော်တော်လေးများပြန်လာကြပြီး အိမ်တွေဘာတွေ ဖောက်ထွင်းခံရတာတို့ အဲ့လိုမျိုးတွေနဲ့ တော်တော်များများကြုံရတော့ နောက် တိုက်ပွဲလည်း မဖြစ်နေတော့ ပြန်လာကြတယ်။ ဖောက်ထွင်းခံရတဲ့ ရွာက အဓိက ခလယ်တို့ မြို့ဟောင်းတို့ကျတော့ စစ်ကောင်စီဝင်လာပြီးမှ ဖြစ်တယ်ပေါ့။”

အခုလို ကြာအင်းဆိပ်ကြီးဘက်က အခြေအနေကို မေးနိုင်ဖို့ ဗွီအိုအေက စစ်ကောင်စီဖက်ကို ဆက်သွယ်ခဲ့ပေမယ့် မရသေးသလို စစ်ကောင်စီဖက်ကလည်း တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုင်းရင်းသတင်းတွေမှာတော့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၂ နဲ့ နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၁) တပ်ရင်းတို့က အင်အား ၁၀၀ လောက် ခလယ်ကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပေမဲ့ လူနေကျေးရွာတွေရှိတဲ့ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေသလို စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ သတိနဲ့ သွားလာနေထိုင်နေရတဲ့အကြောင်း စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးသူတဦးက ပြောပါတယ်။

“၂ ရက် ၃ ရက်လောက်ရှိပြီ ငြိမ်သွားတာ၊ ဒါပေမယ့် ငြိမ်တယ်လို့ ပြောမရဘူး။ ညညဆို လက်နက်ကြီးကျတုန်းပဲ။ (တိုက်ပွဲ)အဲ့ဒီစက်တင်ဘာ ၁၄ ရက်နေမှာ စဖြစ်တယ်ပေါ့၊ ခလယ်ရွာမှာ စဖြစ်တယ်ပေါ့။ (တိုက်ပွက)တစ်ပတ်လောက်ကြာတယ်။ အခုချိန်ထိ လက်နက်ကြီးတွေက ညအချိန် တချက်တချက် သေးတယ်။ နေရာတိုင်းမှာတော့ တင်းမားတယ်။ အကုန်လုံးက စစ်ကြောင်းလည်း တက်လာ၊ ဒီဖက်မှာလည်း ဘယ်လိုပြောမလဲ သူချ ကိုယ်ချ အဲ့လိုပဲပေါ့။ တနေရာမှမငြိမ်ဘူး သွားသတိ လာသတိ နေသတိနဲ့ ပဲ ရွာသားတွေက နေရတာပေါ့။”

ဝင်းရော်ဒေသမှာ လက်ရှိ စစ်ပြေးဒုက္ခသည်တွေ ၁၀,၀၀၀ လောက်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်အားနည်းနေသလို စားရေးသောက်ရေး စတဲ့ အကူအညီအမျိုးမျိုး လိုအပ်နေကြတာလို့လည်း ပြောပြပါတယ်။

“စစ်ရှောင်ကလည်း တစ်သောင်းကျော်တယ်ဆိုတော့ အရေးပေါ်ဆန်တွေ အဝတ်အထည်တွေ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေက များတယ်ဆိုတော့ အစစအရာရာလိုအပ်တယ်။ စစ်ရှောင်ကများတယ်ဆိုတော့ လိုအပ်ချက်တော့ အများကြီးရှိနေဆဲပဲ။”

စစ်တပ်နဲ့ KNLA/ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ နှစ်ဘက်အဖွဲ့အစည်းတွေက လမ်းပန်းဆက်သွယ်ရေး တားဆီး ပိတ်ပင်တာတွေ လုပ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေ အစားအသောက်နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရရှိနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG