သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာအနီးကျေးရွာတွေမှာ လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်လို့ နှစ်ဖက်သေဆုံးမှုရှိ


မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ဓါတ်ပုံ ။Kaung Thar / Face Book- Wei Moe Naing)
မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ဓါတ်ပုံ ။Kaung Thar / Face Book- Wei Moe Naing)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း မုံရွာ - ယာကြီးလမ်းမှာ စစ်တပ်နဲ့ ကျေးရွာဒေသခံတွေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာကြောင့် ဒေသခံတွေရော စစ်တပ်ဖက်ကပါ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြင်းခြံမြို့က ရွာတွေမှာလည်း စစ်တပ်က ရှာဖွေစစ်ဆေးတာတွေလုပ်နေသလို ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ သပိတ်မှာပါဝင်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦး ကပြောပြပါမယ်။

ဧပြီ ၁၉ ရက်ညပိုင်းက မုံရွာ - ယာကြီးလမ်းက ဆက်သွယ်ရေး တာဝါတိုင်မှာလုံခြုံရေး ယူနေတဲ့ စစ်သား ၅ ဦးကို ဒေသခံတွေက ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ဒေသခံတွေဘက်က လက်နက်အချို့ရရှိသွားတဲ့ အတွက် အခင်းဖြစ်ပွားတဲ့ အနီးက ပလောက်ကျေးရွာကို ဧပြီ ၂၀ ရက် ညနေပိုင်းမှာ စစ်တပ် ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ချိန် ၂ ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားတာခဲ့တာပါ။ မြန်မာရုပ်မြင်သံကြားထုတ်လွှင့်ချက်ထဲမှာတော့ စစ်သား တဦး သေဆုံးပြီး၊ လက်နက်ခဲယမ်းတချို့ ရရှိသွားတာကြောင့် လိုက်လံရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တာလို့ဆိုပါတယ်။

ဒီလို တပ်က ကျေးရွာတွေကို ရှာဖွေစစ်ဆေးရာမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်လို့ ဒေသခံတွေဘက်ရော စစ်တပ်ဖက်ကရော ထပ်မံ သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ဝင်းကုန်းမှာဝင်နေတယ်။ ဝင်နေတဲ့အတိုင်းအတာမှာ ဝင်းကုန်းမှာ ထိပ်တိုက်တွေ့မှု ပစ်ခတ်မှု မရှိဘူး။ ဝင်းကုန်းကိုကျော်ပြီး ပလောက်ရွာဘက်ကို တက်တာတဲ့အခါမှာ ပြည်သူတွေက အစောတုန်းက မပစ်သေးဘူး။ သူတို့က ကျေးရွာအတွင်းမှာရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ပြန်လည်အပ်နှံကြဖို့ အော်ပြီး သေနတ် ဖောက်တယ်။ ဖောက်တဲ့အချိန်မှာ ပြည်သူတွေက သူတို့ကို ပစ်ပြီဆိုပြီး ကိုယ့်ရှိတဲ့ လက်နက်နဲ့ ခုခံတဲ့ အခါမှာ ထိပ်တိုက်တွေ့ဆုံမှုတွေရှိတယ် ပစ်ခတ်မှုတွေဖြစ်တယ်။ ထိပ်တိုက်တွေ့ဆုံမှုအတိုင်းအတာအရ လတ်တလော ကျဆုံးမှုက ပြည်သူဘက်က ၆ ဦး၊ သူတို့ဘက်ကတော့ ၃၀ ဝန်းကျင်ခန့် ခန့်မှန်းရတာပေါ့ဗျာ။ အတုန်းအရုန်း ဖြစ်ကုန်တာပေါ့။ ကျွန်တော်တို့ ပိုင်နက်ထဲလည်း ရောက်လာတာဆိုတော့ အထိအခိုက်ကျဆုံးမှုက သူတို့ဘက်က အတော်များသွားတယ်။ သူတို့ကဘက်က ကျွန်တော်တို့ ပစ်လိုက်တဲ့ ပစ်ချက်တွေကော ဖောက်ခွဲရေးကောဆိုတော့ ထိခိုက်ကျဆုံးမှုက တော်တော်များတယ်။ ပြီးရင်သူတို့ဘက်က မသွားနိုင်မလာနိုင် ဒရွတ်တိုက် ပြန်ဆွဲတင်တာတွေလည်း မြင်ရတယ်။ လတ်တလော သူတို့ စစ်သချိုင်းမှ မြုပ်ထားတဲ့ ကျင်း အနေအထားကောဆိုရင် ၃၀ ဝန်းကျင်ကျဆုံးမှုရှိတယ်လို့ပဲ ခန့်မှန်းရတာပေါ့။ အခုမနက်ကတော့ သူတို့ဘက်ကလည်း နောက်ပြန်ဆုတ်တယ်။ တပ်ကဝင်းကုန်းမှာ ချထားတာ ဝင်းကုန်းကို ပြန်ဆုတ်သွားပြီးတော့ ပြန်ပြီး ရှေ့ဆက်မတက်ဘူး ကျွန်တော်တို့ ပြည်သူတွေကလည်း ကိုယ်နေရာနဲ့ကိုယ် ရှေ့ဆက် မတက်တဲ့အခါကျတော့ လောလောဆယ် ထိပ်တိုက်တွေ့ဆုံမှုကတော့ မရှိဘူး။ သူ့ကိုယ်လည်း စောင့်ကြည့် ကိုယ့်ကိုယ်လည်းစောင့်ကြည့် အဲ့လို အနေအထားမှာပဲရှိနေတယ်။”

သေဆုံးသူစာရင်းကိုတော့ ဗွီအိုကေ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ မြန်မာစစ်ကောင်စီဖက်ကလည်း သေဆုံးစာရင်း ထပ်မံ ထုတ်ပြန်တာမရှိသေးပါဘူး။

မြင်းခြံမြို့အနီးက ကျေးရွာတွေမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က မနေ့ညပိုင်းမှာ သေနတ်ဖောက်ပြီး ရှာဖွေတာတွေ ပြုလုပ်နေသလို ဒီကနေ့မှာလည်း ဆက်လက်ရှာဖွေနေတာတွေလုပ်နေပါတယ်။ ဒီအခြေအနေကို မြင်းခြံဒေသခံ တဦးက အခုလိုပြောပါတယ်။

“မြင်းခြံရဲ့တောင်ဘက် ကိုင်းရွာ ညောင်ပင်ရွာ ကျွဲခြံပေါ့နော်။ ဒီရွာ ၃ ရွာကို စစ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းလောက်နဲ့ ရွာထဲကိုဝင်ပြီးတော့ ရှာဖွေတာတွေ လုပ်တယ်ဗျ။ ရွာမှာရှိတဲ့ သပိတ် ခေါင်းဆောင်တွေများ လာပြီးဖမ်းချင်လို့လား လူစိမ်းတွေများ လာပြီးဖမ်းချင်လို့လား အဲ့လိုမျိုးတွေ ထင်ကြတာပေါ့။”

စစ်ကောင်စီက သပိတ်ခေါင်းဆောင်တွေ၊ သပိတ်မှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း သပိတ်မှာ ပါဝင်သူ ၁ ဦးကို ဖမ်းဆီးသွားပြီး နောက်၁ ဦးကိုတော့ ဖမ်းဆီးရာမှာ နေအိမ်မှာ မတွေ့ရှိတဲ့အတွက် အမေဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ မြစ်ကြီးနား မြို့ခံ တဦးကပြောပါတယ်။

“ဒီမနက် ၆ နာရီခွဲမှာ မြစ်ကြီးနား ကွန်ပျူတာ တက္ကသိုလ်ဝင်းထဲက သူ့ရဲ့နေအိမ်မှာ သူ့အမေက ဝန်ထမ်းဆိုတော့ သူ့ကိုဝင်စီးတယ်။ သူကတကယ်တော့ သူ့အိမ်မှာမအိပ်ဘူး။ မနေ့က ညမှပဲ အဲ့မှာ အိပ်မိတယ်ပေါ့နော်။ အဲ့မှာ ရဲနဲ့စစ်ကား ၈ စီးလောက် ကွန်ပျူတာ တက္ကသိုလ် ဝင်းထဲ ဝင်လာပြီးတော့မှ သူ့ကို ဖမ်းသွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ မြစ်ကြီးနားရဲ့ ပင်မသပိတ်စစ်ကြောင်း မှာပါတဲ့ သူ့အိမ်ကို လိုက်ရှာတာ အဲ့မှာ ကိုအဏ္ဏဝါဆိုတဲ့သူကို မတွေ့တော့ သူ့အမေကို ဖမ်းသွားတယ်ပေါ့နော်။ အဲ့ဒါက ဒီမနက် ၈ နာရီလောက် မြစ်ကြီးနားရဲ့ ရမ်ပူရပ်ကွက်မှာ။”

ဒါ့အပြင် တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်ကောင်စီဆန့်ကျင်ရေး သပိတ်ဖြစ်တဲ့ ထားဝယ်ပင်မသပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းတာကြောင့် ဆန္ဒထုတ်ဖော်သူ ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အခုလို ဖမ်းဆီးခံရပေမယ့် ထားဝယ်ခရိုင်ထဲက လောင်းလုံမြို့မှာတော့ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေပေမယ့်လည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ပုံစံမျိုးစုံနဲ့ နေ့စဉ်ပြုလုပ်နေကြပါတယ်။

............................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG