စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော် AA အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေဟာ အခုအခါ ရခိုင်ပြည်နယ်မှာ သာမက အနီးအနား ကျန်ဒေသတွေမှာပါ ကျယ်ပြန့်လာနေပြီလို့လည်း သတင်းထုတ်ပြန်ထားတာပါ။ ရခိုင်ပြည်နယ် စစ်ရေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တွေမြို့အနီးမှာလည်း စစ်ရေးတင်းမာနေပါတယ်။ စစ်တွေမြို့အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီဘက်က ကြည်း၊ ရေ ၊လေ တပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ နေ့တိုင်းဆိုသလို ပစ်နေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မနေ့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တချို့ မီးလောင်ပျက်စီးသွားခဲ့တဲ့အကြောင်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကို ကာကွယ်ဖို့အတွက် မြို့အနီးတဝိုက်က ဒေသခံတွေကို ပြီးခဲ့တဲ့ လတွေကတည်းက မြို့ပေါ်ကို ရွှေ့ပြောင်းခိုင်းထားပြီး မြို့ဝင်မြို့ထွက် လမ်းတွေ ကို ပိတ်ပင်ထားပါတယ်။ လက်နက်ကြီးတွေ သံတွေ နေ့တိုင်းကြားနေရတာကြောင့် စိုးရိမ်နေကြပေမယ့် မြို့ပေါ်မှာတော့ ပုံမှန်လည်ပတ်နေတာကို တွေ့ရတယ်လို့ စစ်တွေ မြို့ခံတဦးက ပြောပါတယ်။
“မြို့ပေါ်မှာကတော့ ပုံမှန်အတိုင်းတော့ ရှိနေပါတယ်၊ဆိုင်တွေလည်း ဖွင့်ပါတယ်၊ ဒါပေမယ့် တခုရှိတာ ကတော့ မြို့ပေါ်မှာနေတဲ့ လူတွေတော့ မဟုတ်ဘူး စစ်တွေမြို့ ပတ်ဝန်းကျင်က သင်ပုန်းတန်းတို့ အဲဘက်က လူတွေကို သူတို့က ရွှေ့ပြောင်းခိုင်းလိုက်တော့ အားလုံးက မြို့ပေါ်ကို ပုံလာသလို တော့ ဖြစ်သွားတာပေါ့။ မြို့ပေါ်ပဲ အကုန်လုံးက ပြေးလာကြတော့ လူတွေလည်း မြို့ပေါ်မှာ တော်တော် များများမြင်ရပါတယ်။ လက်ဖက်ရည်ဆိုင်တွေ မုန့်ဆိုင်တွေလည်း ဖွင့်ပါတယ် ဆိုတော့ မြို့လယ် ကောင် တဝိုက်ကတော့ ပုံမှန်လည်ပတ်နေတဲ့ ပုံစံတော့ တွေ့မြင်နေရပါတယ်။”
အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့ ၁၄ မြို့ကို သိမ်ပြီးတဲ့နောက် ကျန်နေသေးတဲ့ ကျောက်ဖြူ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကို ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်တာတော့ မရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေ အမ်း တောင်ကုတ်နဲ့ ဂွမြို့နယ်တွေကစစ်စခန်းအားလုံးကို လက်လွတ်လိုက် ရပြီး ရခိုင်ရိုးမတောင်တန်းနဲ့ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ် ၊ ရခိုင်- ပဲခူး အစပ်တွေမှာ AA နဲ့ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပဲလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမ်းမြို့နယ်အတွင်းက ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းစတဲ့ ကျေးရွာအနီး အမ်း-ပဒန်း ကားမတွေမှာ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံ တပ်ရင်းတွေ မကွေး ကပစ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ နှစ်ဘက်အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန်နေတာ တပတ်ကျော်လောက်ရှိနေပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်သား စစ်သုံ့ပန်းတချို့ဖမ်းဆီးမိခဲ့သလို လက်နက်ခဲယမ်းတော်တော်များများ သိမ်းစည်းရမိခဲ့ တယ်လို့လည်း AA က ပြောပါတယ်။ တိုက်ပွဲတွေ ထိခိုက်ဒဏ်ရာရ ကျဆုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို VOA အနေနဲ့လည်း သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ ဧရာဝတီတိုင်း အစပ်က နေရာတချို့နဲ့ ပွိုင့် (၃၆၈) ကုန်း အပါအဝင် ဧရာဝတီတိုင်း ရေကြည်မြို့ ချင်းစုကျေးရွာအနီးမှာလည်း နှစ်ဘက်တိုက်ပွဲတွေဆက်လက် ပြင်းထန် နေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် AA ရဲ့ မနေ့က ထုတ်ပြတ်ချက်မှာ ဖော်ပြထားပါတယ်။
Forum