သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ရခိုင်လူငယ်တွေ လုံခြုံရေးစိုးရိမ်


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေးအဖွဲ့ဝင်များ စစ်ဆေးနေတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဧပြီ ၂၇၊ ၂၀၁၆)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေးအဖွဲ့ဝင်များ စစ်ဆေးနေတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (ဧပြီ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာလာကြတဲ့ လူငယ်တော်တော်များကို ပြီးခဲ့တဲ့ လတွေ ကစပြီး ရန်ကုန်နဲ့ တခြားမြို့တွေမှာ စစ်ကောင်စီဘက်က တိုးပြီး စစ်ဆေးဖမ်းဆီးလာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။ ဖမ်းဆီးစစ်ဆေးမှုတွေ တိုးလာတာနဲ့အမျှ ရခိုင်တိုင်းရင်းသား လူငယ်တွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ မြို့နယ်ကို လက်လွတ်ဆုံးရှုံးပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေကို ရောက်လာတဲ့ ရခိုင်ဒေသခံ လူငယ်တွေကို အဓိကထားပြီး ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်တွေ ပေါ်မှာ ပျံ့နှံ့နေသလို ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေကလည်း အတည်ပြု ပြောဆိုကြပါတယ်။ ဒီနှစ်ဆန်းပိုင်းက စလို့ ဖမ်းဆီးစစ်ဆေးမှုတွေ များလာနေပြီး ရန်ကုန် သမိုင်းနဲ့ ကျောက်မြောင်းဘက်တွေမှာ‌နေတဲ့ ရခိုင်လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ညီမနဲ့သိတဲ့ အသိတယောက်ရဲ့နီးစပ်တဲ့သူတွေထဲမှာတော့ ရှိတယ်ရှင့်။ ဟိုတလောတုန်းက သတင်းထဲမှာပါတဲ့ အတိုင်းပဲ။ သမိုင်းဘက်မှာ သင်တန်းတက်နေတဲ့ ရခိုင်လူငယ်ကို ဖမ်းသွားတယ်ဆိုတာ တခုကြားတယ်။ ပြီးတော့ ကျောက်မြောင်းဘက်မှာလည်း ရခိုင်လူငယ်နှစ်ယောက်ကို ည ၇ နာရီလောက်မှာ ဘီယာဆိုင်က ဖမ်းသွားတယ် လို့ ကြားရတယ်။ အဲဒါက ညီမ ပတ်ဝန်ကျင်းက ကြားတဲ့ သတင်းပေါ့ရှင်။ Online ကနေ ဖတ်ရတဲ့ သတင်းတော့ မဟုတ်ဘူး။”

အခုလို ဖမ်းဆီး စစ်ဆေးမှုတွေကြောင့် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေကို ရောက်နေတဲ့ ရခိုင်ဒေသခံတွေကြား စိုးရိမ်နေတဲ့အကြောင်း သူကဆက်ပြောပါတယ်။

“ညီမတို့ ကျောင်းတွေဘာတွေ သွားရင်ဆိုရင်တောင် ဘယ်လောက်ထိ စိတ်လုံခြုံမှုမရှိဘူးလဲဆိုရင် ရှေ့က သူတို့ကားဖြတ်သွားရင်တောင် ကိုယ်က ၁၁/ ဆိုတဲ့ အသိစိတ်နဲ့ ငါ့ကိုများ သူတို့ တခုခုစစ်ပြီးတော့များ အပြစ်ရှာမလား၊ အဲလို စိတ်ကတော့ ရှိတယ်ရှင့်။ ရခိုင်တယောက်ဖြစ်နေတာ အပြစ်သားလို့ သူတို့က ဆက်ဆံနေတဲ့ ပုံစံမျိုးတွေရှိတဲ့အခါကျတော့ အဲတာကြောင့် စိုးရိမ်စိတ်ကတော့ အရမ်းရှိတယ်။ သွားတယ်လာတယ်ဆိုရင်တောင် ဆင်ခြင်နေရတာ။ တော်ရုံတန်ရုံဆို အပြင်တောင် မထွက်ဘူးပေါ့နော်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကြော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလကုန်ပိုင်းလောက်က စပြီးတော့ ရခိုင်ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး ဘေးကင်းမယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အဲဒီက လူငယ်တော်တော်များများနဲ့ ပိုက်ဆံတတ်နိုင်တဲ့ ရခိုင်ဒေသခံတွေကတော့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေနဲ့ တခြားမြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင်ကြ ပါတယ်။

ဒီ ရခိုင်လူငယ်တွေဟာ ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် ရောက်လာတာရှိသသလို တချို့ဟာလည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်တခုခုလုပ်ကိုင်နိုင်ဖို့ လာကြတာဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေရှိနေပေမယ့် စားဝတ်နေရေးအတွက် ဆက်လက်နေထိုင်နေရဆဲပဲလို့ ရန်ကုန်မှာ သင်တန်းတက်နေတဲ့ ရခိုင်ဒေသခံ လူငယ်တယောက်က ပြောပါတယ်။

“တော်တော်များများ လူငယ်တွေကတော့ ကျနော်ြမင်သလောက်ဆိုရင် လက်ရှိ ကျနော်တို့ ရခိုင်မှာဆိုရင် အဆင့်မြင့်ပညာရေးတို့၊ တက္ကသိုလ်ပညာရေးလို ပညာရေး အခွင့်အလမ်းတွေကို လက်လှမ်းမီဖို့ လုံးဝကို မရှိတဲ့ အခြေအနေ၊ အဲဒါကြောင့် ကျနော်တို့က ရန်ကုန်မှာနေပြီးတော့ ပြည်ပနိုင်ငံတခုခုမှာ ကျောင်းတက်လို့ရမလား၊ အလုပ်, လုပ်ခွင့် တခုခုရမလားပေါ့။ အဲလို ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းလာကြတဲ့ လူငယ်တွေ များတယ်။ တော်တော်များများကတော့ သင်တန်းတက်ကျောင်းတက်လို့ ရုန်းကန်နေကြတဲ့ လူငယ်တွေလို့ပဲ မြင်တယ်။”

စစ်ကောင်စီအနေနဲ့ အခုလို ရခိုင်လူငယ်တွေကို ဘာကြောင့်ပစ်မှတ်ထားပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်သလဲဆိုတာ တိတိကျကျမသိပေမယ့် ရခိုင်ပြည်နယ်က မြို့နယ်တချို့ကို လက်လွတ်ဆုံးရှုံးခဲ့တဲ့အတွက် ဖြစ်နိုင်တယ်လို့ ရခိုင်ပြည်နယ်က ပြောင်းရွှေ့နေထိုင်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။

“ရခိုင်ဘက်မှာ စစ်ရှုံးပြီးတော့ ပြည်မရောက်နေတဲ့ လူငယ်တွေကို တမင်တကာ ညစ်တာလို့ ကျမမြင်တယ်။ ကြွက်မနိုင်လို့ အိမ်မီးရှို့ချင်တဲ့ သဘောပဲ။ သူတို့ လက်ထဲရောက်နေတဲ့ လူတွေကို အပြစ်ရှာတာပေါ့နော်။ ညီမကတော့ အဲလိုပဲမြင်တယ်။”

အခုလို ရန်ကုန်နဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့လာတဲ့ ရခိုင်လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ဒါ့အပြင် ဗွီအိုအေအနေနဲ့လည်း လက်ရှိ ပြည်မရောက် ရခိုင်ဒေသခံဘယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလဲဆိုတာ တိတိကျကျအတည် မပြုနိုင်သေးသလို ဖမ်းဆီးတာတွေနဲ့ သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ တခြားမြို့တွေကို ပြောင်းရွှေ့လာတဲ့ ရခိုင်ဒေသခံတွေကတော့ ဖမ်းဆီးခံရမှာကို နေ့စဉ်နဲ့ အမျှ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG