သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်ရှိနေဆဲ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း သေဆုံးခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း သေဆုံးခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေချိန်မှာပဲ နောက်ထပ် သေဆုံးသူတွေလည်း ရှိနေတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ငတောက်တူချေကျေးရွာမှာ မိုင်းပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းက စစ်တွေဆေးရုံမှာ သေဆုံးသွားပါတယ်။

သူဟာ ငတောက်တူချေ ကျေးရွာအနီး လယ်ကွင်းပြင်မှာ မနေ့တုန်းက နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆေးရုံကို ကိုယ်တိုင်ကူညီ လိုက်ပို့ပေးခဲ့တဲ့ ကိုဘက္ကာက ပြောပါတယ်။

"ရသေ့တောင်မြို့နယ် ငတောက်တူချေ ကျေးရွာပေါ့။ ရသေ့တောင်မြို့နဲ့ဆိုရင် တစ်မိုင်ခွဲလောက်ဝေးတယ်ဗျာ။ အဲဒီနားမှာ ဦးအောင်ကျော်သန်းက သူ့ရဲ့ အိမ်နောက်ဘက်က လယ်ကွင်းမှာ နွားကျောင်းနေတာ မြေမြှုပ်မိုင်းကို နင်းမိပြီးတော့ ပေါက်ကွဲသွားတယ်။ အဲဒီအနာရှိန်တွေနဲ့ ဆေးကုသမှုခံယူတာ ကြာနေတာနဲ့ ဒီနေ့ မနက်ပိုင်းက စစ်တွေဆေးရုံမှာ ဆုံးသွားတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲစဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်း စတင်ပြီး မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိပါတယ်။

ဒီကနေ့အထိ ရခိုင်မြောက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၇ ယောက်ထက်မနည်း ရှိတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က စာရင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူတွေဟာ လက်နက်ကြီးတွေ ထိမှန်မှုတွေ မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ ရှိသလို၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရသူတွေလည်း တိုးလာနေတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့လည်း ပြည်တွင်းပြည်ပက တိုက်တွန်းနေကြတာပါ။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း အရပ်သားတွေ ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားဖို့ တိုက်ခိုက်မှုတွေ ရပ်ဖို့လိုတယ်လို့ ပြောပါတယ်။

"တိုက်ပွဲတွေ မရှိစေချင်ဘူး ငြိမ်းချမ်းရေး ရစေချင်တယ်။ တိုက်ပွဲတွေရှိနေတော့ မိုင်းထောင်တာကို မထောင်ပါနဲ့ဆိုရင်လည်း ထောင်ကြမှာပဲ။ ပြည်သူတွေကတော့ ကုသိုလ်ကံမကောင်းတဲ့ သူတွေကတော့ ကြုံတွေ့ကြရမှာပါပဲ။ အဓိကကတော့ တိုက်ပွဲမရှိဖို့ လိုတယ်။ ဒါကိုဘယ်သူမှလည်း တာဝန်မယူကြဘူး။ ဒါကိုင်လုပ်တယ်လို့ ဘယ်သူမှလည်း ပြောမှာမဟုတ်ဘူး။ တိုက်ပွဲတွေ ရပ်သွားမယ်ဆိုရင်တောင် မိုင်းတွေက ဘယ်နေရာမှာ ဘယ်လိုရှိမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူးလေနော်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာနဲ့အမျှ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရွာတွေ၊ အိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း သတိပေးနေပါတယ်။

မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့ကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ AA အဖွဲ့တွေကြား အပြန်အလှန် အပြစ်ဖို့ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG