သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရခိုင်လူငယ် ၇ ဦးကို ရဲဘက်လွှဲအပ်


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ တပ်မတော်စစ်ကြောင်း တခုက ဖမ်းဆီးသွားသူ ရွာသားလူငယ် ခုနစ် ဦးနဲ့ ရာအိမ်မှူးတဦးကို ကျောက်ဖြူရဲစခန်းကို လွှဲပြောင်းပေးလိုက်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

မြန်မာစစ်တပ်ဘက်က မသင်္ကာလို့ ဖမ်းဆီးသွားတဲ့ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေ ကျေးရွာက လူငယ် ခုနစ်ဦးနဲ့ စိုင်ခြုံ ဒွိန်ကျေးရွာရာအိမ်မှူး တဦး စုစုပေါင်း ရှစ် ဦးကို ဓညဝတီရေတပ်စခန်းကနေ ကျောက်ဖြူမြို့မ ရဲစခန်းကို မနေ့နှောင်းပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း ကပ်သပြေကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်ခင်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

“သူတို့ အခြေအနေက ရဲစခန်းကို ရောက်နေပြီး။ ရှစ်ယောက်။ ရဲစခန်းကတော့ ဘယ်သူနဲ့မှတော့ အတွေ့မခံရသေးဘူး။ ဘယ်နှစ်ဦးဆိုတော့ စိုင်ခြုံဒွိန်က တဦးရယ်။ ကပ်သပြေရွာက ခုနစ်ယောက်။ ၁၀ ဦးမှာ ၂ ဦးက လွတ်သွားပြီလေ။”

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ညက ကပ်သပြေရွာသားတွေနဲ့ စိုင်ခြုံဒွိန်ကျေးရွာ ရာအိမ်မှူးတဦးအပေါင်း ၁၀ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး သစ်ပုတ်တောင် ဓညဝတီ ရေတပ်စခန်းဘက်ကို ဖမ်းဆီးခေါ်ယူသွားရာကနေ မနေ့က ရှစ် ဦးကို ကျောက်ဖြူရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်ဦးကိုတော့ ဇူလိုင် ၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့ကို ဘယ်အမှုနဲ့ တရားစွဲမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တဲ့သူတွေကို စိစစ်အရေးယူမဲ့အခြေအနေကို သိရှိဖို့ ကျောက်ဖြူမြို့မ ရဲစခန်း တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မသင်္ကာဖွယ်ရာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေရွာကလူတွေကို တချို့ပြန်လွှတ်ပေးပြီး တချို့ကို ရဲစခန်းကို လွှဲပြောင်း ပေးခဲ့ကြောင်းအတည်ပြုပြောဆိုပါတယ်။

“အဲဒီမှာ ပြန်လွှတ်ပေးတဲ့လူလည်း ရှိတယ်။ လွှဲပြောင်းပေးထားတဲ့ လူလည်း ရှိပါတယ်။ မသင်္ကာဖွယ်လူတွေနဲ့က ကျနော်တို့က ဘယ်သူတွေက အမာခံတွေဖြစ်တာဆိုတာလဲ ကျနော်တို့က ထုတ်ဖေါ်ထားပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လကုန်မှာ လစာငွေထုတ်တဲ့ တပ်မတော်ယာဉ်တန်း တစ်ခု ကျောက်ဖြူမြို့နယ် ပျားတဲနဲ့ ကပ်သပြေ ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရအပြီး အနီးနားရွာသား ၁၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

မနေ့ကနဲ့ ပြီးခဲ့တဲ့ရက်တွေက ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ဘက် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့ကတော့ ရသေ့တောင်ဘက်မှာ အောင်သာစည်ကျေးရွာအနီးမှာ ကျနော်တို့ AA သောင်းကျန်းသူတွေနဲ့ ထိတွေ့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာ ကျနော်တို့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး။ ၃ ရက်နေ့တုန်းက ကျနော်တို့ မြောက်ဦးဘက် မြောင်းဘွေရွာနားလေးကပဲ။ AA သောင်းကျန်းသူ ၅ ဦးလောက် လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းကို ရွာကို အကာကွယ်ယူပြီး ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ ရန်သူ့ဆီက လက်ပစ်ဗုံးတွေရယ်။ ခဲယမ်းတွေ တချို့သိမ်းဆည်း ရမိတာ ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲ အခြေအနေကို ပြောပါတယ်။

“ရသေ့တောင်မြို့နယ်ဘက်မှာ လွန်ခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကနေ စပြီးတော့မှ မြန်မာစစ်တပ်ဘက်ကနေ ထိုးစစ်ဆင်နေတာ ရှိတယ်ဗျ။ ကျောက်တန်းနဲ့ အောင်သာစည်ရွာ တဝိုက်ကို နေ့တိုင်းနီးပါးထိုးစစ်ဆင်နေတာပေါ့။ ဒီနေ့ ဒီ ဇူလိုင်လ ၆ ရက်နေ့အထိဆိုရင်တော့ ၁၁ ရက်မြောက်နေ့ ဝင်လာပြီးလို့ ပြောလို့ရတာပေါ့။ အဲဒီမှာကလည်း မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်ပေါ့နော။ ပလက်ဝမြို့နယ်ဘက်မှာလည်းပဲ ထိတွေ့ပစ်ခတ်မှုတွေတော့ ဇူလိုင်လ ၁ ရက်နေ့ကနေ မနေ့က ဇူလိုင်လ ၅ ရက်နေ့အထိ ထိတွေ့ပစ်ခတ်မှု ၅ ကြိမ်ခန့်ရှိခဲ့တယ်လို့ သိရတယ်ဗျ။”

ရသေ့တောင်မြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေ့မှာ တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှာမို့ ကျောက်တန်းကျေးရွာအနီး တဝိုက်ရွာက ရွာသားတွေနယ်မြေကနေတိမ်းရှောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရကနေ ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်ပိုင်း သောင်းနဲ့ ချီတဲ့ရွာသားတွေ နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

ဇွန်လ ၂၆ ရက်စွဲနဲ့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲ အခြေအနေကြောင့် ရွာသားတွေ နေရပ်ရင်းကို မပြန်နိုင်သေးပါဘူး။

အလားတူအမ်းမြို့နယ်ဘက်မှာလည်း မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲ အခြေအနေကြောင့် ထောင်နဲ့ချီတဲ့ ရွာသားတွေ အမ်းမြို့အတွင်းနဲ့ နီးစပ်ရာရွာတွေမှာ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားတနှစ်ကျော်အကြာ တိုက်ပွဲစဉ်အတွင်း အရပ်သား ၂၀၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အတွက် အမြန်ဆုံး အပစ်အခတ်ရပ်ဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ဇွန်လကုန်မှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





















XS
SM
MD
LG