သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ချွတ်ပြင်ရွာနဲ့ မောင်နုရွာ လူ့အခွင့်အရေးစွဲချက် စစ်ခုံရုံးဖွဲ့စစ်ဆေး


မီးရှို့ဖျက်ဆီးခံရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတချို့နဲ့ တိမ်းရှောင်လာသူ တချို့။ (ဓာတ်ပုံ - KM Asad/AFP/Getty Images - စက်တင်ဘာ ၀၄၊ ၂၀၁၇)
မီးရှို့ဖျက်ဆီးခံရသည့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတချို့နဲ့ တိမ်းရှောင်လာသူ တချို့။ (ဓာတ်ပုံ - KM Asad/AFP/Getty Images - စက်တင်ဘာ ၀၄၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ရသေ့တောင် ဘူးသီးတောင်ဒေသ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်ကနေ အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းတဲ့ သတင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နောက်ဆက်တွဲ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုတဲ့ ချွတ်ပြင်နဲ့ မောင်နုကျေးရွာတွေက အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးဖို့ စစ်ဘက်အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာ ယခင်ဖြစ်စဉ်၊ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့လို့က စာရွက်စာတမ်းပေါ်ကနေပြီးတော့ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်တာတွေ ရှိလိမ့်မယ်။ မြေပြင်ဆင်းပြီး စုံစမ်းစစ်ဆေးတာတွေ ရှိလိမ့်မယ်။ သက်သေအထောက်ထားတွေ စုဆောင်းတာတွေ ရှိလိမ့်မယ်။ ဒီစာတွေကိုအဆင့်ဆင့် လုပ်ဆောင်သွားပါမယ်ခင်ဗျာ။ သူက လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပါတယ်။ ခုံရုံးအဖွဲ့ကတော့ သူကခုံရုံးစပြီးတော့ဖွဲ့စည်းခဲ့တဲ့အတိုင်း ကျနော်တို့က ဒါနဲ့ ပတ်သက်ပြီးတော့က စစ်တရားရုံးဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ စစ်တရားရုံးအနေနဲ့ သူကတော့ စစ်တရားရုံးမှာသူတို့ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နိုင်ဖို့ ခုံရုံးကနေပြီးတော့ သူက အဓိက လိုအပ်တဲ့အကြောင်းအရာတွေကို သူက ရှာဖွေပေးရမှာဖြစ်တယ်။ ဖြစ်စဉ်တခုနဲ့ ပတ်သက်လာရင်အပြစ်ရှိတယ်၊ မရှိဘူးဆိုတာ စစ်တရားရုံးက ဆုံးဖြတ်ရတာဖြစ်တယ်။ ဒါမှလည်း တရားဝင်တာဖြစ်တယ်။”

အထူးစုံစမ်းစစ်ဆေးရေးခုံရုံးကို ဗိုလ်ချုပ်မြတ်ကျော်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီးဗိုလ်မှူးကြီးသန်းလှှိုင်နဲ့ ဗိုလ်မှူးကြီးသန်းနိုင်တို့အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန်ထားပါတယ်။

လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့သတင်းထွက်ပေါ်နေတဲ့ ချွတ်ပြင်ကျေးရွာနဲ့ မောင်နုကျေးရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဇွန် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပြီး အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဇူလိုင် ၂ ရက်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။

အခုလို အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့ပီးစစ်ဆေးမယ့်အပေါ် ကြိုဆိုကြောင်း ဒေသခံ ရိုဟင်ဂျာဘာသာရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကျော်လှအောင်က ပြောပါတယ်။

“စစ်ဆေးမဲ့ဟာကို ကျနော်တို့ ထောက်ခံပါတယ်။ စစ်ဆေးကြမှ အဖြေပေါ်မှာကိုး။ မစစ်ဆေးဘဲနဲ့ ဘယ်လို ဆုံးဖြတ်လို့ရမလဲ။ တကယ့် Inquiry ကော်မရှင်စစ်ဆေးတဲ့အနေနဲ့ ရွာစဉ်သွားစစ်တော့ အဲဒီမှာ တွေ့ရမှာပေါ့။ ဟိုဘက်ပြေးသွားတဲ့ လူတွေကိုလည်း ကြည့်ရမှာပေါ့။ ဒါမှပေါ်မှာကိုး။ ဟုတ်လား၊ မဟုတ်လား အမှန်အတိုင်းပေါ်မယ်လေ။ အပြစ်ရှိရင် အပြစ် ပေးရမယ် ခုံရုံးဆိုတာက။”

၂၀၁၇ ခုနှစ်တုန်းက တပ်မတော် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာနဲ့ ဘူးသီးတောင်မြို့နယ် မောင်နုကျေးရွာဘက်မှာ နေအိမ်မီးရှှို့ခံရပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း ရသေ့တောင်မြို့နယ်က မူဆလင်ကျေးရွာဖြစ်တဲ့ ချွတ်ပြင်ရွာပျက်စီးခဲ့တယ်လို့ အနီးနားရွာဖြစ်တဲ့ သက်လူမျိုးတွေ နေထိုင်တဲ့ချွတ်ပြင်ကျေးရွာသား တဦးကပြောပါတယ်။

“ချွတ်ပြင်ရွာက မရှိတော့ဘူးလေ။ ၂၀၁၇ က ဖြစ်တုန်းကလေ။ ရွာတွေမီးရှို့စဉ်က ပါသွားပြီလေ အဲဒီရွာ။ ရွာတွေကို မီးရှို့တယ်မဟုတ်လား ... အဲဒီအချိန်က တပ်က။ မူဆလင်တွေ သူတို့က အဲဒီကတည်းက ပြေးသွားပြီလေ ဘင်္ဂလားဒေ့ရ်ှကို။ ဖြစ်စဉ်တုန်းက အဲဒီချွတ်ပြင်မှာ လူအသေအပျောက်အများဆုံးပဲ။ အသတ်ခံရတာ ၁၀၀ ကျော်ကျော်လောက် သေတယ် ထင်တယ်။”

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ အစီရင်ခံစာအရ ချွတ်ပြင်ကျေးရွာမှာ ARSA တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေအပါအဝင်လူဦးရေ ၁၀၀ နီးပါးနဲ့ မောင်နုကျေးရွာမှာ လူဦးရေ ၁၀၀ နှင့် ၂၀၀ ကြား အသတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွါးခဲ့တဲ့ ဂူတာပြင်ရွာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်က အရေးယူဆောင်ရွက်ခဲ့ပြီး စစ်အရာရှိကြီးတဦး၊ အရာရှိငယ်တဦးနဲ့ အောက်ခြေစစ်သားတဦး စုစုပေါင်း သုံးဦးအပေါ် စစ်တရားရုံးက ပြစ်မှုစီရင် ချက်ချမှတ်ခဲ့ကြောင်းလည်းပြီးခဲ့တဲ့လထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာအမျိုးသားတွေ သတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိသူ တပ်မတော်သားတွေကို ၂၀၁၈ ခုနှစ်ထဲမှာပဲ ထောင်ဒဏ်အပြစ်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း အင်းဒင်ကျေးရွာ သတ်ဖြတ်မှုမှာ အရေးယူခံခဲ့ရတဲ့ တပ်မတော်သားတွေ တနှစ်လောက်အကြာမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် အခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူအခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တာဝန်အရှိဆုံး မြန်မာစစ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နှစ်ဦးကို ဗြိတိန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူ လိုက်ကြောင်းမနေ့တုန်းကပဲ ကြေညာခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာတုန်းကလည်း ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားကြတာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်း ငြင်းဆန်ထားပြီး၊ ကျုးလွန်သူတချို့ကို ဖော်ထုတ်အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG