သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ်မှရုပ်အလောင်းရှာဖွေမှု ၈၃ လောင်းရရှိထား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြိတ်ကနေ ရန်ကုန်ကိုအသွား ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အ လောင်း ၈၃လောင်းကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ တွေ့ရှိထားပြီး ခရီးသည် အားလုံး တွေ့တဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ လေယာဉ် ပျက်ကျတဲ့ အကြောင်းရင်းကိုသိနိုင်ဖို့ အ ရေးကြီးတဲ့ လေယာဉ်အစိတ်အပိုင်းတွေ ရှာဖွေတာမှာတော့ အခက်အခဲ တချို့ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ပျက်ကျ တပ်မတော်လေယာဉ် Y-8 ပေါ်ပါ ခရီးသည်တွေ အားလုံးကို ရှာဖွေတွေ့ရှိတဲ့အထိ ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးကြီး မြတ်မင်းဦးက ပြောပါတယ်။

“ရှာဖွေကယ်ဆယ်ရေးကတော့ ကျနော်တို့ကတော့ အားလုံးတွေ့တဲ့အထိ ကျနော်တို့ကတော့ ရှာမှာပဲ။ ဒါပေမယ့် မတွေ့နိုင်လောက်ဘူးလို့ ဆုံးဖြတ်တဲ့အချိန်အထိပေါ့နော်၊ အဲလောက်အထိတော့ရှာကိုရှာမှာ။ ကျနော်တို့က မတွေ့တွေ့အောင်ရှာဖို့ကြိုးစားနေပါတယ်။ နောက်ဆုံးလုံးဝမတွေ့တော့ပါဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ကျနော်တို့ရပ်မှာ ကျနော်တို့ကတော့ ကြိုးစားရှာမှာပါ။”

ဒီကနေ့ ဇွန်လ ၁၂ရက်နေ့ ညနေပိုင်းအထိ ပျက်ကျ တပ်မတော် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ် အလောင်း ၈၃လောင်း ရှာတွေ့ထားပြီး ၃၉ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျက်ကျ လေယာဉ်ပေါ်ပါ ကလေး ၁၅ယောက်စလုံးရဲ့ ရုပ်အလောင်းတွေကိုတော့ ရှာတွေ့ထားပြီလို့ ဆိုပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတာ သိနိုင်ဖို့အတွက် လေယာဉ်ရဲ့ အရေးကြီးအစိတ်အပိုင်းတွေ ကို ရှာဖွေတာမှာတော့ အခက်အခဲတချို့ရှိနေတယ်လို့ ဗိုလ်မှူးကြီး မြတ်မင်းဦးက ပြောပါတယ်။

“ကျနော်တို့လေယာဉ်ရှာတော့ ရေငုတ်တာကတော့ အားလုံးငုတ်တယ် ဒါပေမယ့် အောက်မှာက ပေ၁၀၀ လောက်ဆိုရင် မမြင်ဘူးဖြစ်နေတာ ၊ အဲလိုဖြစ်နေတော့ ကျနော်တို့မှာ အခက်အခဲလည်းဖြစ်နေတယ်၊ ရာသီဥတုလည်းဆိုးတော့ အဲလိုမျိုးဖြစ်နေတယ်။ Black Box လိုမျိုး Recorder တွေလည်းရှိတယ်ခင်ဗျ အဲဒါမျိုးတွေရှာရမယ်။ အဲဒါရမှပဲ အဖြေသိရမှာပေါ့နော်။ ကျနော်တို့ကလည်း weather မကောင်း အောက်မှာကလည်း ပေ ၁၀၀ ကျော်ဆိုတော့မြင်အားမရှိတော့ဘူးလေ ၊ အဲလိုဖြစ်တော့ ကျနော်တို့က တော်တော်လေးကို အခက်အခဲဖြစ်နေတာ။”

လေယာဉ် ပျက်ကျတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ Black Box လိုမျိုး လေယာဉ်ရဲ့ အဓိက အစိတ်အပိုင်း တွေကို ရှာတွေ့ဖို့လိုပြီး လတ်တလောမှာတော့ လေယာဉ်ဘီးတလုံးပဲ ရှာတွေ့ထားတာဖြစ်ပါတယ်။

လေယာဉ် ပျက်ကျတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ တပ်မတော် စစ်ရေယာဉ်တွေ၊ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အပါအဝင် ဒေသခံ ငါးဖမ်းစက်လှေတွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုး မြှင့် လုပ်ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပျက် ကျခဲ့တဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်ကို မတွေ့တွေ့အောင်ရှာမယ်လို့ ပြောကြားထားပြီး Y-8 လေယာဉ် ပျက်ကျမှုဟာ တပ်မတော်ရဲ့ သမိုင်းမှာ ပထမဆုံးနဲ့ အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှု ဖြစ်စဉ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တပ်မတော်အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ Y-8 ပို့ဆောင်ရေး လေယာဉ်ဟာ ဇွန်လ ၇ရက် နေ့ မြိတ်ကနေ ရန်ကုန်ကိုအသွား ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျခဲ့တာပါ။

လေယာဉ် ပျက်ကျတယ်လို့ ဆိုရာမှာ ပေါက်ကွဲပစ္စည်းတွေ၊ လေယာဉ်မောင်းသူရဲ့ အားနည်းချက် အပါ အဝင်၊ ရာသီဥတုနဲ့ စက်ပိုင်းဆိုင်ရာ ချု့ိယွင်းချက်တွေကို ထည့်တွင်းစဉ်းစားရမယ်လို့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG