သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျစစ်လေယာဉ်မှ ရုပ်အလောင်း ရှာဖွေရေး ဆက်လက်ကြိုးစားနေ


ပျက်ကျစစ်လေယာဉ် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြစဉ်။
ပျက်ကျစစ်လေယာဉ် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြစဉ်။

ပျက်ကျ တပ်မတော် ပို့ဆောင်ရေး လေယာဉ်နဲ့ လေယာဉ်ပေါ်ပါ ခရီးသည်တွေကို ရှာဖွေနေတာမှာ ဒီကနေ့တော့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးဝါးတာကြောင့် အခက်အခဲ ရှိပေမယ့်လဲ တပ်မတော် စစ်ရေယာဉ်တွေနဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေ ပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ ဇွန်လ ၇ ရက်နေ့က မြိတ်မြို့ကနေ ရန်ကုန်ကို အသွား ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ် ပေါ်ပါ ခရီးသည်တွေထဲက လက်ရှိအချိန်ထိတော့ ရုပ်အလောင်း ၃၁ လောင်း တွေ့ရှိထားပြီး ၉၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒီ အခြေအနေ အပြည့်အစုံနဲ့ နောက်ဆုံး သိထား သမျှကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဇွန်လ ၉ ရက် ဒီကနေ့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးဝါးတာကြောင့် ပျက်ကျ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ရာမှာ အခက်အခဲ ရှိတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီး မြတ်မင်းဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့က ကျနော်တို့ မနက်ပိုင်း တမနက်လုံး ရာသီဥတုက ဆိုးလာတယ်။ ရာသီဥတုဆိုးတော့ ဘယ်လိုမှ လုပ်မရဘူးဖြစ်နေတယ်။ အခုတော့ ရေငုတ်သမားတွေရော အကုန်လိုက်ရှာနေပါပြီ။ အခက်အခဲက နည်းနည်းမဟုတ်ဘူး အများကြီးဖြစ်တာခင်ဗျ။ လှိုင်းရှိပြီဆိုရင် ဘယ်လိုမှ ဟို လှိုင်းလေရှိပြီဆိုရင် ကျနော်တို့က ထွက်ဖို့က တော်တော် ခက်တာလေ။ လှိုင်းလေက ထန်တော့ ဒေသခံတွေလည်း သွားဖို့က ခက်ကုန်ပြီ သူတို့လည်း သူတို့စက်လှေတွေနဲ့ဆို နည်းနည်းအခက်အခဲဖြစ်တာပေါ့။ ဒါပေမဲ့ အခု လုပ်တော့ လုပ်နေပါပြီ မနက်ပိုင်းတပိုင်းလုံး ရာသီဥတုဆိုးတော့ အခုညနေပိုင်းတော့ လုပ်နေကြပါပြီ။"

ရာသီဥတု ဆိုးဝါးပေမယ့်လဲ တပ်မတော် စစ်ရေယာဉ်တွေနဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေ ပူးပေါင်းပြီး ဆိုနာစနစ်နဲ့ ရှာဖွေတာတွေ၊ ငါးဖမ်းပိုက်တွေနဲ့ တရွတ်ဆွဲရှာဖွေတာတွေအပြင် ကျွမ်းကျင်ရေငုပ် စစ်သည် တွေနဲ့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ပင်လယ်ပြင်က ရာသီဥတုအခြေအနေအရ ကယ်ဆယ်ရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အခက်အခဲရှိနေပြီး လောလောဆယ်အထိ ထူးခြားဖြစ်စဉ် မရှိသေးဘူးလို့ ထားဝယ်ဒေသခံ ကိုဟိန်းထက်က ပြောပါတယ်။

" လတ်တလောအခြေအနေအထိကတော့ ထူးခြားဖြစ်စဉ်က ဘာမှ မတွေ့ရသေးဘူး။ ရတာမျိုး တွေ့ရှိတာမျိုး မတွေ့သေးဘူး။ မနေ့က သူတို့ထုတ်ပြန်တဲ့အထဲမှာ လေယာဉ်ဘီးတွေ ရတယ်ဆိုတာပဲ တခြားထူးခြားဖြစ်စဉ်တွေကတော့ ကျနော်တို့ မကြားရသေးဘူးခင်ဗျ။ လတ်တလောအခြေအနေမှာ အမှန်အတိုင်းပြောရရင်တော့ ပင်လယ်ပြင်ရဲ့ ရာသီဥတုအနေအထားအရဆိုရင် ဒါဟာ အခက်အခဲဖြစ်မယ်ဆိုတာက လုံးဝ သေချာတာပေါ့။"

ဇွန်လ ၈ရက် ကြာသပတေးနေ့ ညအထိ ပျက်ကျ တပ်မတော် လေယာဉ်ပေါ်ပါ အမျိုးသားအလောင်း ၂ လောင်း၊ အမျိုးသမီးအလောင်း ၂၁လောင်း၊ ကလေးအလောင်း ၈လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်း ရှာဖွေတွေ့ရှိထားပြီး ၉၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းတွေကို ထားဝယ်မြို့ တပ်မတော်ဆေးရုံမှာ ဆေးဘက်ဆိုင်ရာ စစ် ဆေးမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေ ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် ရုပ်အလောင်း ၁၆ လောင်းကို တော့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါ တယ်။

ဒီကနေ့ မွန်းလွဲ ၂နာရီမှာတော့ ဆယ်ယူရရှိထားတဲ့ထဲက သက်ဆိုင်ရာ မိသားစုတွေ ရောက်ရှိလာတဲ့ ရုပ်အလောင်း၁၀လောင်းကို ထားဝယ် သံဝေဂလမ်းသင်္ချ ိုင်းမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို ရန်ကုန်ကနေ ထားဝယ်ကို ပို့ဆောင်ပေးနေပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေအတွက် ကူညီပေးသွားမယ်လို့ ဗိုလ်မှူးကြီးမြတ်မင်းဦးက ပြောပါတယ်။

" အခုတော့ ကျနော်တို့ သူတို့မိသားစုတွေကို ရန်ကုန်ကနေ ခေါ်ပေးတယ်။ အဲ့ဒီ့မှာ သူတို့ကို ဆွမ်းသွပ်ပေးတာပေါ့နော်။ အဲ့တာက တပိုင်း နောက်တပိုင်းကတော့ သူတို့အတွက် ထောက်ပံ့ကြေးတွေကတော့ စစ်သားကတော့ စစ်သားလိုပေါ့ သူ့ကိုပေးရမယ့် ဆုကြေးတွေ ရှိတယ်လေ။ အဲ့ဒီ့အတိုင်း ဆက်လုပ်ပါမယ်။ သူ့ရဲ့တပ်မတော်ထုံးစံနဲ့ ဆက်လုပ်ပါမယ်။ ကျန်တဲ့မိသားစုတွေကတော့ ထောက်ပံ့ကြေးတွေ ပေးပါလိမ့်မယ်ခင်ဗျ။ လက်ရှိလည်း ကျနော်တို့ပေးလည်းပေး ထားတယ်ဆိုတော့လေ။ "

ဗုဒ္ဓဟူးနေ့မှာ မြိတ်မြို့ကနေ ရန်ကုန်ကို အသွား တပ်မတော် ပို့ဆောင်ရေး Y-8 အမျိုးအစား လေယာဉ် အမှတ် ၅၈၂၀ဟာ မုတ္တမပင်လယ်ကို ဖြတ်သန်းနေစဉ် မွန်းလွဲပိုင်းမှာ ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျခဲ့တာပါ။ အဲ့ဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၀၈ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ဦး ပါ သွားပါတယ်။

လောလောဆယ် အထိတော့ လေယာဉ် ဘီးတလုံးအပါအဝင် အစိတ်အပိုင်းတချို့ကိုပဲ ရှာဖွေတွေ့ရှိထားသေးပြီးလေယာဉ် ဘယ်နေရာမှာ ပျက်ကျတယ်ဆိုတာ အတိအကျ မသိရသေးတဲ့အတွက် လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို မထုတ်ဖော်နိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG