သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးမြန်မာစစ်လေယာဉ်မှ ရုပ်အလောင်းအချို့ရှာဖွေတွေ့


ပျောက်ဆုံးမြန်မာစစ်လေယဉ်မှ ရုပ်အလောင်းအချို့ရှာဖွေတွေ့
ပျောက်ဆုံးမြန်မာစစ်လေယဉ်မှ ရုပ်အလောင်းအချို့ရှာဖွေတွေ့

ဇွန်လ ၇ရက်နေ့ မွန်းလွဲပိုင်းက ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ်ပါ ခရီး သည်တွေကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြင်းအထန် ဆက်လုပ်နေပါတယ်။ ဘယ်နေရာမှာ လေယာဉ်ပျက်ကျ သွားတယ်ဆိုတာကို အတိအကျ မသိရသေးတဲ့အတွက်လဲ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိနိုင်သေးဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ အခြေအနေအပြည့်အစုံ နောက်ဆုံး သိထားသမျှကို ဗွီအိုအေ မြန်မာပိုင်း သ တင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ်ပါပျောက်ဆုံး ခရီးသည်တွေကို ရှာဖွေနေတာမှာ အခုချိန်ထိ ပြန်တွေ့ထားသမျှနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်နေတဲ့ အခြေအနေကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီး မြတ်မင်းဦးက ဗွီအိုအေကို အခု လိုပြောပါတယ်။

“နောက်ဆုံးသတင်းကတော့ ကျနော်တို့ထုတ်ပြန်ထားပါတယ်ခင်ဗျ ၂၉ လောင်းရတယ် တောက်လျောက်လည်းလုပ်နေပါတယ်။ ကျနော်တို့က ပင်လယ်ထဲဆိုတော့ အားလုံးကို ဆယ်ပြီးမှ ကမ်းကိုလာလာပို့နေတာလေ။ အခုလည်း စပြီးတော့ ကမ်းကို ကပ်နေပြီအလောင်းတွေကလေ။ ကျနော်တို့က ဆိုနာတွေဘာတွေနဲ့လည်းရှာမှာလေ။ ရှာပြီးတော့မှပဲ စာရင်းစစ်မှာပါ အခုလောလောဆယ်ကတော့ ဘယ်လိုမှ မပြောလို့မရသေးဘူး ။ လေယာဉ်က ဘယ်နားမှာပျောက်သလဲဆိုတာ မသိသေးတာကို။”

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို တပ်မတော် စစ်ရေယာဉ်တွေ၊ လေယာဉ်တွေနဲ့အတူ ဒေသခံငါးဖမ်း စက်လှေတွေကလဲ ပူးပေါင်း ပါဝင်လုပ်ဆောင်ပေးနေကြတာပါ။ဒါနဲ့ပတ်သက်လို့တော့ ထားဝယ် နာရေး ကူညီမှုအသင်းက ဦးဟုတ်ရှည်က အခုလိုပြောပြပါတယ်။

“တပ်မတော်က စစ်ရေယာဉ်တွေနဲ့ ဒေသခံ ငါးလှေတွေပေါ့နော် အဲဒါတွေနဲ့ ဝိုင်းပြီးတော့ ပတ်ရှာနေကြတယ် အဲဒီထဲမှာ ရေကူးတတ်တဲ့ တံငါသည်တွေလည်း ပါတယ်။ အခုကတော့ သူတို့ယူလာထားတဲ့အလောင်းတွေကို ကမ်းခြေမှာပဲထားတယ်။ အဲဒီကျနော်တို့ဖြစ်တဲ့နေရာကနေ လာတာ၊ မြစ်ဝကတော့ လှိုင်းကြီးဝင်လို့ စမ်းလှမ်းကမ်းခြေကို ပြန်လှည့်လာတာ။ လှိုင်းကလည်းကြီး မိုးကလည်း တအားရွာနေတယ်ဆိုတော့လေ။”

တပ်မတော် ပို့ဆောင်ရေး Y-8 အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ ဟာ ဇွန်လ ၇ရက်နေ့မှာ မြိတ်မြို့ ကနေ ရန်ကုန်ကို အသွား ဆက်သွယ်မှု ပြတ်တောက်ပြီး ပျက်ကျခဲ့တာဖြစ်ပြီး ဒီလေယာဉ်ပေါ်မှာ လေ ယာဉ်အမှုထမ်း ၁၄ဦးအပြင် တပ်မတော် အရာရှိ ၆ဦး၊ စစ်သည် ၂၉ ဦး၊ မိသားစုဝင် လူကြီး ၅၈ဦးနဲ့ က လေး ၁၅ဦး စုစုပေါင်း ၁၂၂ဦး လိုက်ပါသွားတာလဲ ဖြစ်ပါတယ်။

ပျက်ကျ တပ်မတော်လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတွေကိုတော့ ကျောက်နီမော် ကျေး ရွာရဲ့ အနောက်ဘက် ၁၄မိုင်အကွာ၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂မိုင်အကွာမှာ စတင် ရှာ ဖွေ တွေ့ရှိခဲ့တာပါ။

လောလောဆယ်အထိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်းတွေကို သယ်ယူလာတဲ့ စမ်းလှမ်းကမ်းခြေအပါအဝင် လောင်းလုံမြို့အနီး သင်္ဘောကပ်နိုင်တဲ့ နေရာတွေ အားလုံးမှာ ကူညီ ကယ်ဆယ်ရေးအတွက် အဆင့်သင့် ပြင်ဆင်ထားတယ်လို့ လောင်းလုံမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဗိုလ်ထွေးက ပြောပါတယ်။

“ပင်လယ်ထဲမှာဖြစ်တာဆိုတော့ အခင်းဖြစ်တဲ့နေရာအထိ ပင်လယ်ထဲအပိုင်းတော့ ကျနော်တို့ တာဝန်မယူရပါဘူး Information လည်း ကျနော်တို့မသိပါဘူး။ ဒါပေမယ့် လောင်းလုံမြို့နယ်မှာတော့ သူတို့လာနိုင်တဲ့ ပင်လယ်ဆိပ်ကမ်းတွေမှာပေါ့နော် ကျနော်တို့ လူမှုဝန်ကြီးအဖွ့ဲတွေနဲ့ အမူထမ်းတွေအနေနဲ့ အဆင်သင့်စောင့်နေတဲ့အနေအထားရှိပါတယ်။ ကျနော်တို့ကတော့ ဘယ်လောက်ပဲလာလာ ဒီမှာ ဆေးရုံမှာအဆင်သင့်ပြင်ထားတယ်။ ဒီက သယ်ယူပို့ဆောင်ဖို့ဝန်ထမ်းတွေ အဆင်သင့်ပြင်ထားတယ်။ အကူအညီနေတဲ့သူတွေကို ကျွေးမွေးဖို့လုပ်ထားတယ်။”

ဒီကနေ့ မွန်းလွဲ ၃နာရီခွဲအထိ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း နဲ့ ကလေး ရုပ်အလောင်း ၈လောင်း စုစုပေါင်း ၃၁ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပျက်ကျ တပ်မတော် ပို့ဆောင်ရေး လေယာဉ်မှာ ပါဝင်သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို စာနာတဲ့အနေနဲ့ ရုပ်အလောင်း ဓာတ်ပုံတွေကို လူမှုကွန်ယက်အပါအဝင် သတင်းဓာတ်ပုံအဖြစ် မဖော်ပြကြဖို့လဲ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေတ္တာရပ်ခံ ထားပါတယ်။

ပျက်ကျခဲ့တဲ့ Y-8, 200 F လေယာဉ်ဟာ ၂၀၁၆ မတ်လမှာ တရုတ်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ရောက်လာခဲ့တာဖြစ်ပြီး ပျံသန်းချိန် ၈၀၉ နာရီထိ အသုံးပြုထားပြီးဖြစ်တဲ့ အကြောင်းလဲ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ဇွန်လ ၈ရက်နေ့ မြိတ်လေတပ်စခန်း ဌာနချုပ်မှာ ပျက်ကျလေယာဉ်မှာ ပါဝင်ခဲ့တဲ့ တပ်မတော် အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို တပ်မတော်က ထောက်ပံ့ငွေ ကူညီခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် အခြား လူမှု အဖွဲ့အစည်းတွေကလဲ ဖြစ်စဉ်မှာ ပါဝင်သူအားလုံးအတွက် ကာကွယ်ရေးဝန်ကြီးဌာနထံ ငွေကျပ် သိန်း ချီ ပေးအပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG