သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပျက်ကျမှု နောက်ဆုံးအခြေအနေ


ဇွန်လ ၇ရက်နေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကိုအသွားပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ်ပေါ်က ခရီးသည်အလောင်း ၃၁ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့ပါတယ်။

ပျက်ကျလေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့ ရုပ်အလောင်းတွေကို တနင်္သာရီတိုင်း ကျောက်နီမော်ကျေးရွာရဲ့ အနောက်ဘက် ၁၄ မိုင် အကွာ၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂မိုင်လောက်အကွာ ပင်လယ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

ကြာသပတေးနေ့ညနေ ၇ နာရီအထိ အမျိုးသားအလောင်း ၂ လောင်း၊ အမျိုးသမီးအလောင်း ၂၁ လောင်းနဲ့ ကလေးအလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို တေ့ွရှိဆယ်ယူနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အလောင်းတွေအပြင် Y-8 လေယာဉ်ရဲ့ ဘီးတစ်ခု၊ အသက်ကယ်အင်္ကျီတွေနဲ့ ပစ္စည်းထည့်တဲ့အိတ်တချို့ကိုလည်း ဆယ်ယူရရှိခဲ့ပါတယ်။

ဆယ်ယူရရှိသော ရုပ်အလောင်း ၂၉ လောင်းကို ထားဝယ်မြို့က တပ်မတော်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေကို ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးတဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက မြိတ်လေတပ်စခန်းကနေ ထွက်ခွာသွားတဲ့ Y-8 အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ ဟာ မုတ္တမပင်လယ်ကို ဖြတ်ပျံသန်းနေစဉ် နေ့လည်ပိုင်းမှာ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ်ပေါ်မှာ တပ်မတော်အရာရှိ မိသားစု ၁၀၆ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၄ ယောက်ပါသွားပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတာ ခုချိန်မှာ မသိနိုင်သေးပေမယ့် ရာသီဥတုကြောင့်ဖြစ်နိုင်တယ်လို့ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကိုပြောပါတယ်။ မမျှော်လင့်ဘဲ ကံကြမ္မာဆိုးနဲ့ကြုံတေ့ွခဲ့ရတဲ့ လေယာဉ်နဲ့ တပ်မတော်မိသားစုခရီးသည်တွေအတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG