သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း−မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း မီးလောင်


ထိုင်း−မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၄)
ထိုင်း−မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၄)

မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံ နေထိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းမှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မီးလောင်လို့ ဒုက္ခသည်စခန်းတွင်းက နေအိမ် ၃ လုံး ပျက်ဆီးသွားခဲ့ရပါတယ်။ ဒီမီးလောင်မှုကြောင့် ပျက်ဆီး ဆုံးရှုံးမှု ကတော့ ဘတ်ငွေ ၁ သိန်းကျော်ဖိုးလောက် ရှိတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲမှာရှိတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ နို့ဖိုး ဒုက္ခသည်စခန်းမှာ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့ မနက် ၉ နာရီကျော်လောက်က မီးလောင်ခဲ့တာပါ။ စခန်းတွင်းက အိမ်တလုံးမှာ ဝါယာကြိုးကနေ စ လောင်ခဲ့တာပါ။ အဲ့ဒီနောက် မီးဖိုထဲက ဂက်စ်အိုး ပေါက်ကွဲခဲ့ပြီး တခြားအိမ်တွေကိုပါ ကူးဆက် လောင်ခဲ့တာ ဖြစ်တယ်လို့ နို့ဖိုးစခန်းအတွင်းက ဒုက္ခသည်တဦးက ပြောပါတယ်။

“ရပ်ကွက် ၆ မှာ ဖြစ်တာ။ အိမ်က ဝါယာကြိုးကနေ စလောင်တာတဲ့။ အိမ် ၃ လုံး လောင်သွားတယ်။ ပြောမယ်ဆိုရင် အိမ် ၃လုံးပေါ့။ အကုန်လုံး ၃ လုံး ဖြစ်သွားတယ်။ ၂ လုံးကတော့ ပြာကျသွားတယ်။ ၃ အိမ်မြောက် အလုံးကတော့ တခြမ်း ပါသွားတယ်။”

အခုမီးကြောင့် လူ ၂၅ ယောက်လောက် အိုးအိမ်မဲ့ ဖြစ်သွားရပြီး ထိခိုက် သေဆုံးသူတော့ မရှိခဲ့ပါဘူး။ ဒုက္ခသည်တွေ ကတော့ အတော်လေး စိုးရိမ်ထိတ်လန့် ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“စိုးရိမ်စိတ်တော့လည်း ဖြစ်တာပေါ့။ အကြီးအကျယ်ပဲ ငိုတဲ့သူကလည်း ငိုတယ်။ သူ့ အိမ်ပါမလား။ ကိုယ့်အိမ် ပါမလား ဆိုပြီး ဒီမှာလည်း ဝိုင်းဆွဲနေရတယ်။ ပြီးတော့ အကုန်လုံး တယောက်မှ အလုပ် မလုပ်နိုင်တော့ဘူး။ လက်တွေ ခြေတွေ တုန်ပြီး တဝုန်းဝုန်းနဲ့ ပြေးကြတာ။ ငိုတဲ့သူကလည်း ငို။ အဲ့နားကလူတွေကတော့ ပိုဆိုးတာပေါ့။ အဒေါ်ကြီးတယောက်ဆိုရင် အထုတ်ဆွဲပြီးတော့ မတ်တက်ကြီးကိုရပ်ပြီး သတိလစ်နေတာ။ သူ့ကို ခေါ်လို့လည်း မရဘူး။ အဲ့လိုဖြစ်နေတာ။”

နို့ဖိုး ဒုက္ခသည်စခန်းမှာ ၂၀၁၉ ခုနှစ် မတ်လတုန်းကလည်း မီးလောင်ခဲ့ဖူးပြီး အိမ်ခြေ ၅၀ ကျော် မီးလောင်ခဲ့သလို၊ လူ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နို့ဖိုး ဒုက္ခသည်စခန်းဟာ လူဦးရေ ၁၄,၀၀၀ ခန့်ရှိတဲ့ ဒုက္ခသည်စခန်းကြီး တခု ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ ကရင်ဒုက္ခသည်တွေကို ထားဖို့ ဒီစခန်းကို ၁၉၉၇ ခုနှစ်ကစပြီး တည်ထောင်ခဲ့တာပါ။ ထိုင်း−မြန်မာနယ်စပ်မှာ နို့ဖိုးစခန်း အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၉ သောင်းကျော် ခိုလှုံနေထိုင်နေတာ ဖြစ်ပါတယ်။

ထိုင်း−မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း မီးလောင်
please wait

No media source currently available

0:00 0:02:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG