သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းစကားစစ်ထိုးပွဲအပေါ် တုံ့ပြန်ချက်များပြင်းထန်


စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တဲ့ သမ္မတလောင်း နှစ် ယောက်ရဲ့ ပထမအကြိမ် စကားနိုင်လုပွဲ မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၀)
စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တဲ့ သမ္မတလောင်း နှစ် ယောက်ရဲ့ ပထမအကြိမ် စကားနိုင်လုပွဲ မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အင်္ဂါနေ့ညကလုပ်ခဲ့တဲ့ အမေရိကန်သမ္မတလောင်းနှစ်ဦးကြား ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအပေါ် တုံ့ပြန်ကြတာ အများစုကတော့ ကိုယ်ထောက်ခံတဲ့ပါတီဘက်၊ ကိုယ်ထောက်ခံတဲ့ သမ္မတလောင်းဘက်က လိုက်ပြီး ပြောကြတာပဲ များပါတယ်။ ဒါပေမဲ့လည်း တယောက်နဲ့တယောက် အပြိုင်အဆိုင် စကားလုပြောပြီး ထိုးနှက်ကြတဲ့အပေါ် အပြင်းအထန် ဝေဖန်သူတွေလည်းရှိပါတယ်။

နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန်ကော်မတီ (RNC) ရဲ့ဥက္ကဋ္ဌ Ronna McDaniel က "သမ္မတထရမ့်ပ်ဟာ သူ ပြန်ပြီးရွေးကောက်ခံရရေးအတွက် မိနစ် ၉၀ ကြာ ယုံကြည်မှုအပြည့်နဲ့ အခိုင်အမာ ပြောသွားပါတယ်။ အခွန်တွေတိုးကောက်မယ့်၊ အလုပ်အကိုင်တွေ ဆုံးရှုံးစေမယ့်၊ ကျမတို့လူထု ဘေးကင်းလုံခြုံမှု ကင်းမဲ့စေမယ့် အစွန်းရောက်မူဝါဒတွေကို ထောက်ခံတဲ့ Joe Biden ကို အပြင်းအထန် ထိုးနှက်ခဲ့ပါတယ်။" လို့ စကားစစ်ထိုးပွဲပြီးတဲ့နောက် Twitter မှာ ရေးပါတယ်။

ဒါပေမဲ့ Joe Biden နဲ့အပြိုင် သမ္မတလောင်းဖြစ်ဖို့ ကြိုးစားခဲ့သူ နယူးဂျာစီပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Cory Booker လို ထင်ရှားတဲ့ ဒီမိုကရက်တွေကတော့ ဒုသမ္မတဟောင်း Joe Biden အသာရတယ်လို့ပြောကြပြီး သမ္မတထရမ့်ပ် နောက်တကြိမ်သက်တမ်း ဆက်မရှိသင့်ဘူးဆိုတာ ဒီစကားစစ်ထိုးပွဲက အခိုင်အမာပြနေတယ်လို့ ဆိုကြပါတယ်။

"Donald Trump ဟာ အလိမ်အညာတွေ၊ တယူသန်အပြောနဲ့ လုပ်ရပ်တွေ၊ ဆင်ခြင်တုံတရားမဲ့တဲ့ ခေါင်းဆောင်မှုတွေနဲ့ ဒီနိုင်ငံကို ဒုက္ခရောက်အောင် လုပ်ခဲ့ပါတယ်။" လို့ အထက်လွှတ်တော်အမတ် Cory Booker က Twitter မှာရေးပါတယ်။ လူဖြူကြီးစိုးရေးဝါဒီတွေကို ပြစ်တင်ရှုတ်ချဖို့ သမ္မတထရမ့်ပ်က ငြင်းခဲ့တဲ့အပြင် "အဆင်သင့်ရှိကြဖို့" ပြောဆိုခဲ့တဲ့အပေါ် မစ္စတာ Booker အထူး ပြစ်တင်ဝေဖန်ပါတယ်။

စကားစစ်ထိုးပွဲအတွင်း သမ္မတလောင်းနှစ်ဦးကြား စကား အပြိုင်လုပြီး အော်ကြီးဟစ်ကျယ် အခြေအတင် ရုတ်ရုတ်သဲသဲ ပြောဆိုခဲ့ကြတဲ့အပေါ် ဒီပွဲကို စောင့်ကြည့်ခဲ့သူ အတော်များများက ဝေဖန်ကြပါတယ်။

ဗာဂျီးနီးယားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Larry Sabato ကဆိုရင် "နောက်လုပ်မယ့် သမ္မတလောင်း စကားစစ်ထိုးပွဲတွေကို ဖျက်ပလိုက်ပါတော့" လို့တောင်မှ Twitter မှာ ခပ်ပြတ်ပြတ်ပဲ ရေးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG