သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက် ပစ်ခတ်မှုမှာ သေဆုံးသူ မူလတန်း ကျောင်းသူ ၂ ယောက် ဈာပန စတင်ကျင်းပ


(Zawgyi / Unicode)

တက္ကဆက်ပြည်နယ် Uvalde မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆယ်ကျော်သက်ရွယ် သေနတ်သမားတဦးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ မူလတန်းကျောင်းသား ၁၉ ယောက်နဲ့ ဆရာ ၂ ယောက်ထဲက ကလေး ၂ ယောက်ရဲ့ ဈာပနကို အင်္ဂါနေ့မှာ စတင်ကျင်းပပါတယ်။ ပထမဆုံး ဈာပနဖြစ်တဲ့ ၁၀ နှစ်အရွယ် မူလတန်းကျောင်းသူ ၂ ယောက်အနက် Amerie Jo Garza ဟာ ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်သူ၊ ရေကူးနဲ့ ပုံဆွဲရတာကို နှစ်သက်သူဖြစ်ပြီး၊ Maite Yuleana Rodriguez ကတော့ ဂုဏ်ထူးရှင်ကျောင်းသူဖြစ်ပြီး ဝေလငါးတွေ၊ လင်းပိုင်တွေအကြောင်း လေ့လာရတာ ဝါသနာပါပြီး အဏ္ဏဝါဇီဝဗေဒ ပညာရှင်ဖြစ်လာဖို့ စိတ်ကူးထားသူ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက နောက်ထပ် ဈာပန အခမ်းအနားတွေကိုလည်း ဇွန်လလယ်အထိ ကျင်းပသွားမှာပါ။ သမ္မတ Joe Biden ကတော့ ပစ်ခတ်မှုမှာ သေဆုံးသူတွေ၊ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ မိသားစုတွေနဲ့ တနင်္ဂနွေနေ့က Uvalde မြို့မှာ တွေ့ဆုံခဲ့တာပါ။

“အမေရိကန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်တဲ့နေရာကို ဘယ်သမ္မတမှ သူ့လောက် ရောက်ဖူးကြမှာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်တွေ တော်တော်များများဟာလည်း ကြိုတင်ကာကွယ်လို့ ရနိုင်ပါတယ်။” လို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern နဲ့ အိမ်ဖြူတော်မှာ အင်္ဂါနေ့ တွေ့ဆုံရာမှာ သမ္မတဘိုင်ဒင် ပြောဆိုခဲ့တာပါ။

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး သမ္မတ Joe Biden ရဲ့ ကြိုးပမ်းမှုတွေကို အတိုက်အခံ ရီပတ်ဘလစ်ကန်တွေဖက်က ဆန့်ကျင်နေချိန်မှာပဲ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ ကွန်ဂရက်မှာ ဆွေးနွေးဖို့လည်း သမ္မတက ကတိပြုထားပါတယ်။

တချိန်တည်းမှာပဲ ဝါရှင်တန်မြို့တော်မှာတော့ ကမ္ဘာမှာ ဘယ်နိုင်ငံနဲ့မှမတူဘဲ အမေရိကန်မှာ သေနတ်ကိုင် အကြမ်းဖက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကြုံနေရတာကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်အတွက် ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ် Chris Murphy, Kyrsten Sinema ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ John Cornyn, Thom Tillis တို့ အွန်လိုင်းကနေ ဆွေးနွေးကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG