သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေပါဝင်တဲ့ နိုင်ငံတကာ Robot စက်ရုပ်ပြိုင်ပွဲ စတင်


(First Global Team Myanmar Facebook)
(First Global Team Myanmar Facebook)

First Global အဖွဲ့က ပထမဆုံး ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာက ၁၈ နှစ်အောက် ကျောင်းသားလူငယ်တွေ ယှဉ်ပြိင်ကြမယ့် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ယှဉ်ပြိုင်ကြမယ့် မြန်မာလူငယ်အဖွဲ့လည်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်ရှိနေပါတယ်။ အခု အသံလွှင့်ချိန် မတိုင်ခင်မှာပဲ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားစတင်မှာဖြစ်လို့ အခမ်းအနား မစတင်ခင်မှာ First Global Team Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ဇာဇော်ကို ဗွီအိုအေမြန်မာပိုင်းက မခွာညို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ပြိုင်ပွဲဝင်ရမယ့်ပုံစံနဲ့ပတ်သက်လို့ သူက အခုလို စပြောပါတယ်။

ကိုကျော်ဇာဇော်။ ။ ကျနော်တို့ပြိုင်ပွဲကတော့ကဏ္ဍ ၁ ခုပဲ ရှိပါတယ်ခင်ဗျ။ သူက ရေရှားပါးမှု၊ ရေရှိမှုပြဿနာကို အခြေခံပြီးတော့ မော်ဒယ်လ် ပုံစံလေး ပြုလုပ်ထားတာပါခင်ဗျ။ ကျနော်တို့စက်ရုပ်တွေက မြစ်ပုံစံ သဏ္ဍန်ထဲကနေပြီးတော့ ရေဘောလုံးလေးတွေရယ်၊ အညစ်အကြေး ဘောလုံးလေးတွေရယ်ကို သွားယူပြီးတော့ အညစ်အကြေးဘောလုံးဆိုရင် ဓာတ်ခွဲခန်းကို သွားပို့ရမှာဖြစ်ပြီးတော့ ရေဘောလုံးဆိုရင်တော့ ရေသိမ်းတဲ့ သိုလှောင်စရာနေရာကို ပို့ပေးရမှာဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့က တဖွဲ့ပေါ့။ ကျနော်တို့ရဲ့ မဟာမိတ် alliance တခုကို နိုင်ငံ သုံးနိုင်ငံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Aqua Alliance နဲ့ Hydro alliance ဆိုပြီး နှစ်ခုရှိပါတယ်ခင်ဗျ။

မခွာညို။ ။ ဟုတ်ကဲ့။ အခုဆိုရင် ပြိုင်ပွဲဝင်ဖို့ အစစ အဆင်သင့်ဖြစ်နေပြီလို့ ယူဆပါသလား။

ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့၊ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီခင်ဗျ။ ကျနော်တို့ ဒီမှာရှိတဲ့ connection ကိစ္စလေးတွေပဲ ဆွေးနွေးနေပါတယ်။ ကျန်တာတွေက အကုန် ready ဖြစ်နေပါပြီခင်ဗျ။

မခွာညို။ ။ မြန်မာနိုင်ငံကနေ လာတာကတော့ ဒါ ပထမဆုံးဖြစ်မယ်နဲ့တူတယ်နော်။

ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့။ စက်ရုပ်ပြိုင်ပွဲအနေနဲ့ကတော့ မြန်မာနိုင်ငံက ပထမဆုံးပါ။ စက်ရုပ်ပြိုင်ပွဲကြီးကလည်း တကမ္ဘာလုံးအနေအထားနဲ့ ပထမဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။

မခွာညို။ ။ အဲဒီတော့ ဒီပြိုင်ပွဲမှာ လာပြိုင်ရတဲ့အတွက် ထူးခြားချက်က ဘယ်လိုရှိလဲ၊ အနာဂတ်လူငယ်တွေရဲ့ အလားအလာပေါ့နော် နောက် ဒီလို ပြိုင်ပွဲ ဝင်ဖို့ ဘယ်လို ဆက်သွယ်မိသလဲ။

ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကို စပွန်ဆာပေးတာကတော့ USAID ရဲ့ Private Sector Development Activity ကနေပြီးတော့ စပွန်ဆာပေးပါတယ်ခင်ဗျ။ Nathan Associate ကနေပြီးတော့ အကုန်လုံး ကူညီထောက်ပံ့ပေးတာပါခင်ဗျ။

မခွာညို။ ။ အခု ပြိုင်ပွဲဝင်ဖို့ သတ်မှတ်ထားတဲ့အသက်က ၁၅ နှစ်ကနေ ၁၈ နှစ်အထိဆိုတော့ ၁၈ နှစ် မပြည့်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်ရော ပတ်စ်ပို့တို့ ဘာတို့ အဆင်ပြေရဲ့လား။

ကိုကျော်ဇာဇော်။ ။ ဟုတ်ကဲ့၊ အဆင်ပြေပါတယ်ခင်ဗျ။ အကုန်လုံးက US Agency က စပွန်ဆာပေးထားတဲ့အတွက် ကျနော်တို့ J-1 ဗီဇာနဲ့ အကုန်လုံး အဆင်ပြေပါတယ်ခင်ဗျ။

မခွာညို။ ။ ပြိုင်ပွဲမှာရော ဆုရရင် ဘာဆုပေးမယ်လို့ ပြောထားလဲ။

ကိုကျော်ဇာဇော်။ ။ ဆုကတော့ ဆယ်မျိုးရှိပါတယ်ခင်ဗျ။ ပထမ ၊ ဒုတိယ၊ တတိယဆိုပြီးတော့ ခွဲခြားထားပါတယ်။ ပထမ - ဂိမ်းတဖွဲ့လုံးနိုင်တဲ့ ဆု တဆုရှိပြီးတော့ ဂိမ်းတပွဲမှာ ဘယ်နှစ်မှတ်ရလဲ၊ …. ပြီးတွက်တဲ့ ဆုတဆုလည်း ရှိပါတယ်။ ကျန်တဲ့ရှစ်ခုကတော့ အရည်သွေးပေါ်မှာ သူတို့ရဲ့ မေးခွန်းလေးတွေပေါ့။ မေးခွန်းတွေ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေ - အဲလိုမျိုး အခြေခံ တွက်ချက်ပြီးတော့မှ ပေးတာပါခင်ဗျ။

မခွာညို။ ။ အခုလာပြိုင်တဲ့အဖွဲ့ဝင်တွေအကုန်လုံးက Mechatronic Engineer ကျောင်းသားတွေပဲလား။ တခြားဘာသာရပ်ကျောင်းသားတွေ လည်း ပါသေးသလား။

ကိုကျော်ဇာဇော်။ ။ မဟုတ်ဘူးခင်ဗျ ကျနော်တို့က နောက်ခံ background ကတော့ စုံပါတယ်ခင်ဗျ ကျနော်ဆိုရင် Private International School က အခုမှကျောင်းပြီးထားတာပါ။ မိန်းကလေးအဖွဲ့ဝင် ၂ ယောက်ကတော့ ကျောင်းသူ ၂ ဦးပါ။ မက္ကာထရောနစ် ကျောင်းသား၂ ယောက်ကတော့ YTU ကပါ။ တူရကီမှာ ကျောင်းသွားတက်တယ်၊ အခုပြန်ရောက်နေတဲ့ အသင်းဝင် member တယောက်တော့ ရှိပါတယ်ခင်ဗျ။ ကျောင်းသားဖြစ်ပြီး ဒီမှာ ကျနော်တို့ကို mentor အနေနဲ့ ကူညီဆောင်ရွက်ပေးနေတာကတော့ UCSY က နောက်ဆုံးနှစ်ပါခင်ဗျ။

မခွာညို။ ။ ဟုတ်ကဲ့ အခုလာပြီးတော့ ယှဉ်ပြိုင်တာက ခေါင်းစဉ်တခုတည်းအောက်ကနေ အကြောင်းအရာ တမျိုးတည်းကို ပြိုင်ကြရတာလား ၊ ကိုယ်သန်ရာ ကိုယ့်စိတ်ကြိုက်ကို ဖန်တီးပြီးတော့ ပြိုင်ရတာလား။

ကိုကျော်ဇာဇော်။ ။ ဟုတ်ခေါင်းစဉ်တခု Game ဒီဇိုင်းတခုကတော့ တခုတည်းပါခင်ဗျ။ ဒါပေမယ့် ကျနော်တို့က စက်ရုပ်ကို ကျနော်တို့ စိတ်ကြိုက် ဒီဇိုင်း ကျနော်တို့ အိုင်ဒီယာတွေ အကုန်လုံးသုံးပြီးတော့ တည်ဆောက်ရပါတယ်။ သူတို့က First Global ဆိုတဲ့ Organization က ကျနော်တို့ဆီကို Robot ဆောက်လို့ရမယ့် ပစ္စည်းတွေကို ပို့လိုက်တယ် ။ ကျနော်တို့ ဟာကျနော်တို့ ဒီဇိုင်းထုတ်ပြီးတော့ ကြိုက်သလိုမျိုး ပုံစံဖော်၊ Program ရေးပြီးတော့ ပြိုင်ရတာပါခင်ဗျ။

မခွာညို။ ။ အဲဒီအတွက်ကို ပိုက်ဆံပေးရလား။

ကိုကျော်ဇာဇော်။ ။ ကုန်ကျစားရိတ်ကို USAID Agency contractor က အကုန်လုံးကို ဝန်ဆောင်မှု ပေးပါတယ်ခင်ဗျ။

မခွာညို။ ။ အဲဒီတော့ စက်ရုပ်ကလေးတွေ လှုပ်ရှားမှုတွေစဖြစ်လာတဲ့အချိန်အထိ အချိန်ဘယ်လောက် သုံးခဲ့ရသလဲ။

ကိုကျော်ဇာဇော်။ ။ လှုပ်ရှားနိုင်တဲ့ Base အချိန်ကတော့ ၄ နာရီလောက်ပဲ ကြာပါတယ်ခင်ဗျ။ ဒီလိုတခုလုံး အလုပ်လုပ်ဖို့ကတော့ ကျနော်တို့ ဒီဇိုင်း ဖိုတိုအဆန်းတွေပြုလုပ်ပြီးတော့ နည်းနည်း ၂ လခွဲလောက်ကျနော်တို့ အားလုံးနီးပါး အချိန်ယူပါတယ်ခင်ဗျ။

မခွာညို။ ။ ပြိုင်ပွဲဝင်မယ့် စုစုပေါင်းအချိန်က ဘယ်လောက်သတ်မှတ်ထားပါသလဲ။

ကိုကျော်ဇာဇော်။ ။ပြိုင်ပွဲတပွဲကို ၂ မိနစ်ခွဲပြိုင်ရမှာပါခင်ဗျ။ ကျနော်တို့က ပွဲအရေအတွက်ကတော့ ၆ ပွဲပြိုင်ရမှာပါခင်ဗျ။ တပွဲနဲ့ တပွဲနဲ့လည်း ကျနော်တို့ အသင်းတူနိုင်ငံတွေက တပွဲနဲ့တပွဲလည်းမတူပါဘူးခင်ဗျ။

မခွာညို။ ။ အခုမြန်မာလူငယ်တွေ သိရအောင်ပေါ့နော် ဒီလိုအမေရိကန်နိုင်ငံကြီးမှာ နိုင်ငံပေါင်း ၁၆၀ နီးပါးကလူငယ်တွေ လာပြိုင်ကြတယ် အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။ အတော်များများကတော့ ပြောရင်တော့ ငွေမရှိလို့ ၊ ဟိုဟာမရှိလို့မလုပ်နိုင်ဘူးလို့ ပြောရင် အဓိက ကျတာက ငွေလား၊ ဒါမှမဟုတ်ရင် လေ့ကျင့်မှုလေ့လာမှုနဲ့ ပညာအရည်အချင်းအဓိကကျလား။

ကိုကျော်ဇာဇော်။ ။ အဓိကကျတာကတော့ အရည်အချင်းပါ ဟုတ်ကဲ့၊ ကျနော်တို့ Creative ဖြစ်အောင် အကြံအဉာဏ်တွေ ထွက်အောင်လုပ်ပြီးတော့ အချင်းချင်းအတူတူအလုပ်လုပ်နိုင်ရင်အဆင်ပြေပါတယ်ခင်ဗျ။ Funding အပိုင်းကတော့ ပံ့ပိုးမယ့်လူတွေ အဖွဲ့အစည်းတွေရှိပါတယ်ခင်ဗျ။

ပြိုင်ပွဲတွေကိုတော့ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ကြမှာဖြစ်ပြီး ပြိုင်ပွဲဝင်ကြမယ့် မြန်မာအဖွဲ့ကို လာရောက် အားပေးလိုသူတွေအတွက် အချိန်အတိအကျကို First Global Team Myanmar အဖွဲ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြပေးထားမှာ ဖြစ်ကြောင်း ကိုကျော်ဇာဇော်က ပြောပါတယ်။

မြန်မာလူငယ်တွေပါဝင်တဲ့ နိုင်ငံတကာ Robot စက်ရုပ်ပြိုင်ပွဲ စတင်
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG