သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့်ပဲခူးမြို့ခံတွေ သောက်သုံးရေနဲ့ ဆေးဝါးလိုအပ်နေ


ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း သွားလာလှုပ်ရှားနေကြတဲ့ အများပြည်သူများနဲ့ ကူညီကယ်ဆေးအဖွဲ့ဝင်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း သွားလာလှုပ်ရှားနေကြတဲ့ အများပြည်သူများနဲ့ ကူညီကယ်ဆေးအဖွဲ့ဝင်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

အဆိုးရွားဆုံး ရေကြီးမှုကြုံခဲ့ရတဲ့ ပဲခူးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေ အတော်တော်များများ ရေပြန်ကျ သွားပေမယ့် ရေမြုပ်နေဆဲ ရပ်ကွက်တွေ ရှိနေသေးသလို သောက်သုံးရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် နောက်ဆက်တွဲကြုံလာ ရတဲ့ ဝမ်းပျက်ဝမ်းလျှောမှုတွေ တိုးလာနေတာကြောင့် ဆေးအပါအဝင် ကုန်ပစ္စည်းတွေလိုအပ်နေပေမယ့် ရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီသတင်း ရန်ကုန်က စုစည်းတင်ပြလာတာကို မမြသဇင်အောင် ပြောပြပေးပါမယ်။

နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုကြုံခဲ့ရတဲ့ ပဲခူးမြို့မှာ မြို့နယ်တော်တော်များ ရေလွှမ်းတဲ့ ဒဏ်ခံခဲ့ ရတာဖြစ်ပြီး အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းကစလို့ မြို့ပေါ်အဓိက လမ်းမကြီးတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေပြန်ကျသွားပါပြီ။ ဒါပေမယ့် ရေပြန်ကျ သွားတဲ့နေရာ တချို့က ဒေသခံတွေကတော့ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပဲခူးမြို့အတွင်း ရေဘေးသင့်ပြည်သူတွေကို အခမဲ့ ဆေးဝါးကုသပေးနေတဲ့ ဗိမာန်ရှင် ပရဟိတအသင်းက ဆရာဝန် ဒေါက်တာကျော်စိုးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"အဓိကကတော့ကျန်းမာရေးပြဿနာကတော့ ရေကြီးရေလျှံကြောင့်ဝမ်းလျောဝမ်းပျက်တွေရှိတယ်။ နောက်တခုကဘယ်လိုပြောရမလဲစိတ်သောကလေးတွေပေါ့။ အဲဒါတွေကိုကုပေးရတာတွေရှိပါတယ်။ ပဲခူးမြိူ့ပေါ်ရပ်ကွက်တွေမှာကျနော်ဆေးခန်းလာလို့ရှိရင်အဲလိုပေါ့ဝမ်းပျက်တာတို့ဘာတို့ ရုတ်တရက်ရေကြီးတော့သူတို့ပစ္စည်းလေးတွေဆုံးရှုံးရတာတွေရှိတော့ စိတ်သောကပေါ့ အဲလိုလေးတွေကုပေးရတာရှိတယ်။ အုပ်စုလိုက်ကြီးပျက်ကြတာတော့မဟုတ်ဘူးပေါ့နော်။ ဝမ်းလျောဝမ်းပျက်အုပ်စုလိုက်ကြီးတွေမှာဖြစ်တာတော့မဟုတ်ပါဘူး။ တချို့မိသားစုတွေမှာဖြစ်ကြတာပေါ့။"

ဝမ်းပျက်တာအပြင် ရေကြီးမှုကြောင့် ရေအိမ်သာ အခက်အခဲတွေရှိနေပြီး ဆီးချုပ်၊ ဝမ်းချုပ်ဖြစ်တာ၊ နှာစေးချောင်းဆိုးတာနဲ့ ရေဝဲ၊ သဲဝဲ စားတာ စတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရ တယ်လို့လည်းပဲခူးမြို့ခံတွေက ပြောပါတယ်။

ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်ကစလို့ သုံးရက်ကြာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့တဲ့နောက် အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရတာပါ။ ရေကြီးမှုကြောင့် ပဲခူးမြို့နယ် တခုလုံးနီးပါး ရေနစ်မြှုပ်ခဲ့ရတာ ဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ကျေးရွာတွေမှာဆို ရေက ၁၀ ပေကျော် ရှိပြီး၊ အမြင့်ပိုင်း ရပ်ကွက်ပိုင်းတွေ မှာတော့ ၃ ပေနီးပါး ထိ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေကပြော ပါတယ်။

အခုအချိန်မှာ မြို့ပေါ်ရပ်ကွက်တွေမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ အနိမ့်ပိုင်း နေရာတွေမှာ ရေမြုပ်နေဆဲ ဖြစ်ပါတယ်။ အနိမ့်ပိုင်းမှာ ရေမကျသေးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေဆဲ ဖြစ်သလို ရေကျသွားတဲ့ နေရာတွေမှာလည်း သန့်ရှင်းဖို့ ဆေးကြောဖို့ အတွက် သုံးရေ အခက်အခဲတွေ ရှိနေ သေးတယ်လို့ ပရဟိတ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုကုလားက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"အခက်အခဲကတော့ တခြားနေရာအခက်အခဲကတော့ကျနော်တို့မသိရပါဘူး။ ကျနော်တို့ဘက်အခက်အခဲကတော့ သောက်သုံးရေတွေ အခက်အခဲပထမရှိတယ်။ ခုလက်ရှိကျတော့ သုံးရေအခက်အခဲ ရှိလာတယ်ပြောကြတယ်။ ဘာလို့အခက်အခဲရှိလဲဆို မီးကတော့လာတယ်။ လျှပ်စစ်မီးရပေမယ့်လည်း ရေမောင်းဖို့ကျတော့ ရေစက်တွေကရေမြုပ်သွားတဲ့အခါ အများစုကမော်တာတွေပြန်သုံးလို့မရဘူး. တုံကင်တွေမရှိတဲ့ သူတွေကျတော့ အခက်အခဲရှိနေတာပေါ့။ သုံးရေလိုအပ်နေတာပေါ့။"

ပဲခူးမြို့အတွင်းက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ပဲခူးမြို့အတွင်းက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

လက်ရှိ အချိန်ထိ ရေပြန်မကျသေးတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကျန်နေသေးတာ ဖြစ်ပြီး ရေဘေးသင့် ပြည်သူ တွေကို ကယ်ဆယ်ရေး အဖွဲ့တွေက နေရာ ရွှေ့ပြောင်းနေရတာတွေရှိနေဆဲပါ။ ကုန်စည်စီးဆင်းမှုပုံမှန် မဖြစ်သေး တာမို့ ကုန်ပစ္စည်းတချို့ ဝယ်ယူဖို့ခက်ခဲတာအပြင် ကုန်ပစ္စည်းတွေရှားပါးတာတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်းဒေသကြီး အထက်စည်တီး ကျေးရွာက ဒေသခံတဦးကပြောပါ တယ်။

"ဒီဘက်ဘယ်လိုအခက်အခဲရှိလဲဆိုတော့ အိမ်တွေပျက်သွားတာရှိတယ်။ လူကြီးပိုင်းကခံနိုင်ရည်အားရှိပေမယ့် ကလေးပိုင်းတွေကျတော့ နောက်ဖေးသွားတာခက်တော့ ကလေးတွေဝမ်းရောဂါဖြစ်တာ ရှိကြတယ်။ ဘာတွေလိုအပ်တာရှိလဲဆိုရေသန့်တို့ဘာတို့ အဓိကကစားသောက်စရာပေါ့နော်။ ဆန်တို့ဘာတို့ ကျနော်တို့ဘက်ကကျတော့ဝယ်မရဘူး။ မြို့နဲ့ကျတော့ဝေးတယ်။ တချို့နေရာတွေက ကားလမ်းတွေဘာတွေ သွားရလခက်တယ်။ ကျနော်တို့ဘက်ကျတော့ ရေတော့ကျတယ်။ တချို့ကန်တွေကျချောင်းရေတွေ ဝင်သောက်မရတော့ဘူး။ တုံကင်ရှိတာကလည်းမီးတွေကပျက်တာမလာသေးဘူးပေါ့။ နှာစီးချောင်းဆိုးတွေလည်းဖြစ်နေကြတယ်။"

ရေကျသွားပေမယ့် ပဲခူးမြို့တချို့နေရာတွေမှာ ခုချိန်ထိ သွားလာရေး အခက်အခဲနဲ့ ကုန်စည်စီးဆင်းမှု တွေ ကြန့်ကြာနေဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။ အနိမ့်ပိုင်းလမ်းပိုင်းတွေမှာ ရေမြုပ်နေဆဲ ဖြစ်တာတဲ့အတွက် ကုန်းမြင့်ရာလမ်းတွေကနေ ရှောင်ပြီး သွားလာနေကြရတာ ကြောင့်အသွားအလာ ခက်ခဲပြီး အဆင်မပြေ ဖြစ်နေကြတာပါ။ ဒါ့အပြင် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလည်း အဆင်မပြေသေးသလို လျှပ်စစ်မီးဖြတ်ထား တာကြောင့် ဖုန်းအားမသွင်းနိုင်ပဲ ဆက်သွယ်ရေး အခက်အခဲတွေလည်း ခုထိ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ပဲခူးမြို့မှာ ရေဘေးရှောင်ပြည်သူ ၄ သောင်းကျော်ရှိခဲ့ပြီး ကယ်ဆယ်ရေး စခန်း ၃၀ ကျော် ဖွင့်လှစ် အကူညီပေးခဲ့ရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအသင်း တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG