သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် ရခိုင်ပြည်နယ်မှာ လယ်ဧက သောင်းချီပျက်စီး 


ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာမှာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်း (သြဂုတ် ၂၀၂၃) (ဓာတ်ပုံ - DMG)
ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာမှာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်း (သြဂုတ် ၂၀၂၃) (ဓာတ်ပုံ - DMG)

မိုခါမုန်းတိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ဒီလအစောပိုင်းက ရေဘေးဒဏ် ထပ်မံ ကြုံရတာကြောင့် လယ်ဧက ၇ သောင်းကျော် ပျက်စီးသွားပြီး လယ်သမားတွေ အခက်ကြုံနေရပါတယ်။ ဒီနှစ်အတွင်း သဘာဝဘေးအန္တရာယ် နှစ်ကြိမ် ဆက်တိုက် ကြုံခဲ့ရတာကြောင့် ဒေသခံတွေ အတွက် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက် အပြည့်အစုံကို ကိုဝင်းမင်း က တင်ပြပေးပါမယ်။

မိုခါမုန်တိုင်းကြောင့် ထိခိုက် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ဖို့ ကြိုးစားနေကြရတဲ့ အချိန်မှာပဲ ဒီလဆန်ပိုင်းက မိုးအဆက်မပြတ်ရွာပြီး ရေကြီးရေလျှံတာတွေနဲ့ ထပ်မံ ကြုံကြရပြန်ပါတယ်။ ရေဘေးဒဏ် ခံနေရတဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ စပါးစိုက် လယ်ဧက ၇ သောင်းကျော်လောက် ပျက်စီးသွားသလို ကျွဲနွား တိရစ္ဆာန် အမြောက်အမြား သေဆုံးခဲ့တယ်လို့ ရခိုင်တပ်မတော် AA အဖွဲ့ရဲ့ သြဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စပါးစိုက်လယ်ဧက အများဆုံး ပျက်စီးသွားတဲ့ ကျောက်တော်မြို့နယ်က လယ်သမား ဦးမောင်ချမ်းသာ ကတော့ တနှစ်ထဲ သဘာဝဘေးအန္တရာယ်ကို နှစ်ကြိမ် ရင်ဆိုင်ရတာကြောင့် လယ်သမားတွေ စပါးပြန်စိုက်ဖို့အတော်အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“ ကျနော်တို့ရွာမှာ ရေကြီးပြီးတော့ စပါးခင်းတွေ ပျက်တာတော့ အမှန်ပါပဲ။ ကျနော့်မှာလည်း ဧက ၁၀ ကျော်လောက် ဆုံးရှုံးတာပေါ့။ နောက်ကျန်တဲ့ သူတွေမှာလည်း စပါးတွေက ရေနစ်ပြီးတော့ ပျက်သွားပြီလေ။ အကုန်လုံး ခန့်မှန်းခြေ ဧက ၃ဝဝ ကျော် ၄ဝဝ လောက်တော့ ရှိမယ်။ အချိန်မီတော့ မဖြစ်တော့ဘူးလေ။ အခု ပြောသလိုပေါ့။ မိုခါကြောင့်လည်း စပါးစိုက်တာ နောက်ကျတယ်။ အခု နောက်ကျပြီးတော့ ထွန်းယှက် စိုက်ထားတာကို ရေမြှုပ်ပြီးတော့ အကုန်ပျက်စီးသွားတယ်။ လယ်သမားတွေ ကတော့ အရင်လိုပြန်ဖြစ်ဖို့ ထင်တော့ မထင်တော့ဘူး။ ဒါပေမဲ့လည်း ဒီအတိုင်း ထားတာထက်စာရင် လယ်သမားတွေက မရှိ ရှိတာ ရောင်းချပြီးတော့ အခုတော့ ပြန်စိုက်နေတာပေါ။ မျိုးစပါးတွေ စျေးကြီးရင်လည်း လိုက်ရှာပြီးတော့ စိုက်နေကြတယ်။”

လက်ရှိမှာ မိုးစပါးစိုက်ပျိုးဖို့ နောက်ကျနေပြီဖြစ်ပေမဲ့လည်း လယ်သမားတွေအနေနဲ့ ရသလောက် ရှာကြံ စိုက်ပျိုးနေရသလို စစ်ကောင်စီဘက်ကလည်း လယ်ထွန်းစက်တချို့ ထောက်ပံ့တာတော့ ရှိတယ်လို့ လယ်သမား ဦးမောင်ချမ်းသာက ပြောပါတယ်။

လက်ရှိပေါက်စျေးအရ လယ်သမားတွေအနေနဲ့ လယ်တဧက ထွန်ယှက်စိုက်ပျိုးမယ်ဆိုရင် ကျပ်ငွေ နှစ်သိန်းကျော်အထိ ကုန်ကျမှာဖြစ်ပေမဲ့ အချိန်မီမစိုက်ပျိုး နိုင်တဲ့အတွက် အမြတ်အစွန်း မရှိနိုင်ဘူးလို့လည်း လယ်သမားတွေက ပြောပါတယ်။

မိုခါအလွန် ရေကြီးရေလျှံမှုတွေ ထပ်မံ ရင်ဆိုင်လိုက်ရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် စားဝတ်နေရေး အခက်ကြုံနေရပြီး ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရခိုင့်တပ်မတော် AA အဖွဲ့ကလည်း ထုတ်ပြန်ထားပြီး အကူအညီတွေ ပေးကြဖို့ တိုက်တွန်း ထားပါတယ်။

ရေဘေးကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က မြတန်ဆောင်း စစ်ဘေးဒုက္ခသည် စခန်းမှာဆိုရင်လည်း လက်ရှိအချိန်ထိ နေထိုင်ဖို့ ခက်ခဲနေဆဲပဲလို့ စခန်းတာဝန်ခံ မြတ်တန်ဆောင်း ဆရာတော်က မိန့်ပါတယ်။

“စစ်ဘေးဒုက္ခသည်တွေက မိုခါမုန်တိုင်းလည်း တကြိမ်ကြုံထားတယ်။ အဲ့ဒီတုန်းက စခန်းမှာရှိတဲ့ အိမ်တွေ အကုန် ပျက်စီးသွားတယ် ဆိုတော့ အဲ့ဒါတွေကို အကုန် ဘယ်သူကမှ ဘယ်အဖွဲ့အစည်းကမှ ဘာမှ အကူအညီမပေးကြဘူး။ ဘယ်သူ့ဆီကမှ အကူအညီ မရခဲ့ဘူ။ သူတို့က ကိုယ့်အား ကိုယ်ကိုးပြီးတော့ ရှိတာတွေ ထုတ်ရောင်းသူ ရောင်း၊ ပေါင်သူပေါင်နဲ့ ပြန်ဆောက်ထားကြတာ။ အဲ့မှာ အခုတခါ ရေထပ်ကြီးတော့ အိမ်တွေ ထပ် ပျက်တယ်ဆိုတော့ နေစရာနဲ့ အမိုးအကာ ထပ်ပြီးတော့ ခက်ခဲတာပေါ့ လက်ရှိကတော့။”

လတ်တလော စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ကြုံနေရတဲ့ ဒေသခံတွေနဲ့ ရေဘေးဒုက္ခသည်တွေကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဆေးဝါး ကုသတာတွေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ လုပ်ပေးနေတာပါ။ စစ်ကောင်စီဘက်ကလည်း ရေဘေးသင့် တချို့နေရာတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG