သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်


ယခင်မှတ်တမ်းရုပ်ပုံ | ဒါကာမြို့ မဲဆွယ်စည်းရုံးရေးပွဲတခုကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်အတိုက်အခံခေါင်းဆောင် BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာ (Khaleda Zia) (ဇန်နဝါရီ ၂၀၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ဒါကာမြို့ မဲဆွယ်စည်းရုံးရေးပွဲတခုကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်အတိုက်အခံခေါင်းဆောင် BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာ (Khaleda Zia) (ဇန်နဝါရီ ၂၀၊ ၂၀၂၄)

နေအိမ်အကျယ်ချုပ်နဲ့ နှစ်အတန်ကြာ ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) ကို ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါပြီ။ နိုင်ငံရေးပြိုင်ဘက် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ဒါကာမြို့တော်က ဝန်ကြီးချုပ်စံအိမ်ကို စီးနှင်းဖို့အတွက် ဆန္ဒပြလူအုပ်ကြီးက ချီတက်လာနေချိန်မှာဘဲ ရာထူးကနုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်းကို အခုလို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တာပါ။

မွတ်ဆလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးလောကကို ဒီနိုင်ငံရေးပြိုင်ဘက် အမျိုးသမီး ၂ ဦးက ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုး ချယ်လှယ်ထားခဲ့တာပါ။ အဓိက အတိုက်အခံပါတီကြီးဖြစ် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ရဲ့ အကြီးအကဲ ဝန်ကြီးချုပ်ဟောင်း Zia ကို ရာထူးကထွက်သွားတဲ့ ဝန်ကြီးချုပ် Hasina အစိုးရလက်ထက်မှာ အကျင့်ပျက် ခြစားမှုဥပဒေနဲ့ ၂၀၁၈ ခုနှစ်က ထောင်ဒဏ် ၁၇ နှစ် ချမှတ် ပြစ်ပေးခဲ့တာပါ။

ကျောင်းသားတွေက ဦးဆောင်ပြီး သီတင်းပတ်တွေနဲ့ချီ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီးတဲ့နောက် မနေ့ တနင်္လာနေ့က ဝန်ကြီးချုပ် Hasina ရာထူးက နုတ်ထွက်သွားတာကြောင့် စစ်တပ်အကြီးအကဲက ကြားဖြတ်အစိုးရ ဖွဲ့စည်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ဝန်ကြီးချုပ် Hasina အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် သွေးထွက်သံယိုမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် ယာယီအုပ်ချုပ်ရေး တာဝန်ယူထားတဲ့ စစ်ဦးစီးချုပ်ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ ချက်ခြင်း ရပ်တန့်လိုက်ပြီး ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကတော့ စီးပွားရေး နိုဘဲလ်ဆုရှင် Muhammad Yunus က ကြားဖြတ်အစိုးရကို ဦးဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီတောအတွင်း မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် အထူး စိုးရိမ်ကြောင်း အီးယူ ဥရောပသမဂ္ဂအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG