သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖင်လန်သမ္မတဟောင်း ကွယ်လွန်


ယခင်မှတ်တမ်းရုပ်ပုံ | နိုဘယ်ငြိမ်းချမ်ရေးဆုချီးမြှင့်ပွဲအတွင်း ဆုတံဆိပ်နဲ့အတူတွေ့ရတဲ့ ဖင်လန်သမ္မတ Martti Ahtisaari (ဒီဇင်ဘာ ၁၀၊ ၂၀၀၈)
ယခင်မှတ်တမ်းရုပ်ပုံ | နိုဘယ်ငြိမ်းချမ်ရေးဆုချီးမြှင့်ပွဲအတွင်း ဆုတံဆိပ်နဲ့အတူတွေ့ရတဲ့ ဖင်လန်သမ္မတ Martti Ahtisaari (ဒီဇင်ဘာ ၁၀၊ ၂၀၀၈)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင် ဆောင်ရွက်ခဲ့ဖူးတဲ့ ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari (မာတီ အာတစ်ဆာရီ) ဒီနေ့ ကွယ်လွန်သွားပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၄ ခုနှစ် မတ်လက The Elders လို့ ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင်တွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ယုံကြည်မှုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း ပဋိပက္ခတွေချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၃၀ နီးပါး ကြားဝင်ဆောင်ရွက်ပေးမှုတွေအတွက် ၂၀၀၈ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ်တွေအတွင်း Kosovo ကနေ Servia တပ်တွေ ဆုတ်ခွာရေး၊ ၁၉၈၀ ခုနှစ်တွေအတွင်း Namibia နိုင်ငံ လွတ်လပ်ရေး တောင်းဆိုမှုတွေနဲ့ ၂၀၀၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ Aceh အာချေးပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ရေး ရဖို့ ကိစ္စတွေမှာ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေအတွင်း မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေးနဲ့ IRA အဖွဲ့ လက်နက် ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်တွေ စောင့်ကြည့်ရာမှာလည်း တာဝန်ယူပါဝင်ခဲ့ပါတယ်။

စစ်တပ်ကြီးစိုးမှုရှိနေဆဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးနဲ့ မြန်မာနိုင်ငံရေးပြောင်းလဲဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား အရေးကြီး ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံခရီးစဉ်တွေအတွင်း တခြား The Elders အဖွဲ့ ခေါင်းဆောင်တွေနဲ့အတူ အကြံပေးပြောဆိုခဲ့ဖူးပါတယ်။ Martti Ahtisaari ဟာ ၂၀၂၁ ခုနှစ်ကတည်းက ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ခံစားနေရခဲ့ရတာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပါပြီ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG