လူ့အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲချက်တွေ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကို ရဲတပ်ဖွဲ့က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ မနီလာမြို့လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
ပြည်ပခရီးစဉ်တခုကနေ ပြန်ရောက်လာတဲ့ သမ္မတဟောင်း Duterte ကိုဖမ်းဖို့ ICC က တရားဝင်ထုတ်ပြန်တဲ့ ဖမ်းဝရမ်းကို မနီလာမြို့မှာရှိတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က ဒီကနေ့ မတ်လ ၁၁ ရက်မနက်မှာ လက်ခံရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ မတ်လ ၁၀ ရက်နေ့တုန်းကတော့ ICC က ဖမ်းဝရမ်းထုတ်မယ်ဆိုရင် အဖမ်းခံဖို့ အသင့်ရှိကြောင်း ဟောင်ကောင်မှာရောက်နေတဲ့ သမ္မတဟောင်း Duterte က ပြောကြားခဲ့ပါတယ်။
သူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း “War on drug” လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်အတွင်း လူ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေအတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါအဝင် ပြည်တွင်း၊ ပြည်ပရဲ့ ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ မကြာသေးခင် ကာလတွေကတော့ သူ့ကိုဖမ်းဝရမ်းထုတ်နိုင်ဖို့ ICC က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ရာဇဝတ်မှုတွေတိုက်ဖျက်မှုအတွက် ထင်ရှားတဲ့ မြို့တော်ဝန်အဖြစ်ကနေ မူးယစ်ဆေးဝါး နှိမ်နင်းရေး မဲဆွယ်စည်းရုံးမှုတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ Duterte လက်ထက်မှာ မူးယစ်ဆေးဝါးမှုနဲ့ လူပေါင်းထောင်ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။
Forum