သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်အတွင်း နိုင်/ကျဉ်းလေးဦး ရိုက်နှက်တိုက်ပိတ်ခံရ


အင်းစိန်အကျဥ်းထောင် အပေါ်စီးမြင်ကွင်း။ (ယခင်မှတ်တမ်းရုပ်ပုံ)
အင်းစိန်အကျဥ်းထောင် အပေါ်စီးမြင်ကွင်း။ (ယခင်မှတ်တမ်းရုပ်ပုံ)

ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီးနောက် တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီ အကျဉ်းသားတွေကို တိုက်ပိတ်ထားတဲ့အပြင် ဆေးကုသခွင့်နဲ့ ဧည့်တွေ့ခွင့်၊ ပါဆယ်ပို့ခွင့်တွေပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း အကျဉ်းသားတွေ ကိုယ်ကာယအားကစားချိန်မှာ စကားများကြရာကနေ နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီအကျဉ်းထောင်ဝန်ထမ်းတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးအကျဉ်းသားအရာရှိ (ခေါ်) တန်းစီးဆိုသူတွေက ရိုက်နှက်ခဲ့ကြတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးကပြောပါတယ်။

“ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာပေါ့။ တန်းဖွင့်တဲ့အခါမှာ အကျဉ်းသားတွေအကုန် ဘောလုံးဝါသနာပါတဲ့သူကလည်း ဘောလုံးပေါ့။ အားကစားလုပ်ကြတယ်။ အားကစားလုပ်နေရင်း ဘောလုံးကန်တဲ့အပေါ်မှာ အမြင်မတူဘဲ အချင်းများကြတယ်။ အဲလိုများတဲ့အပေါ်ဖြေရှင်းပေးခြင်းမရှိဘဲနဲ့ အဲမှာရှိတဲ့ သူကြီးတွေ၊ စည်းကမ်းထိန်းသိမ်းရေးလုပ်သူတွေက အကျဉ်းထောင်အာဏာပိုင်တွေနဲ့တူတူ ဝင်ရိုက်တယ်။ တကယ်က ပြဿနာဖြစ်ရင် သူတို့ဝင်ဖြေရှင်းရမှာ။ ဘာမှဖြေရှင်းတာမရှိဘဲနဲ့ ဝင်ရိုက်တယ်။ နံပါတ်တုတ်တွေ၊ သစ်သားတုတ်တွေ ပါတယ်။ ပေါက်ပြဲဒဏ်ရာများတယ်။ တောက်လျှောက်လည်း မိန်းဂျေးတို့ တိုက်ပိတ်တဲ့နေရာအထိ ရိုက်နှက်ပြီးခေါ်ဆောင်သွားတယ်။ တိုက်ပိတ်ခံရချိန်မှာလည်း ဆေးလာကုပေးတာမရှိဘူး။ အဓိကတိုက်ပိတ်ခံရတာက ၄ ယောက်ပါ။”

ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသား ၄ ဦးဟာ ကိုထက်၊ ထွေးလေး၊ မြတ်နိုးမောင် ခေါ် အာနိုးနဲ့ ကိုသော်ဇင်ဦးတို့ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။ လက်ရှိ တိုက်ပိတ်ပြစ်ဒဏ်အပြင် တခြားပြစ်ဒဏ်တွေပါခံနေရတယ်လို့ ဦးသိုက်ထွန်းဦး ကပြောပါတယ်။

“ခုသိတာ ၆ လက်မဒေါက် ထပ်ခတ်ခံရတယ်။ ထောင်မှာက အဲလို ၆ လက်မဒေါက်ခတ်တာက ဆိုးဆိုး ရွားရွားလူတွေကိုခတ်တယ်။ ပုံမှန်ဆို သေဒဏ်သမားတွေ၊ အရမ်းဆိုးသွမ်းတဲ့သူတွေကိုခတ်တာ။ ခုလက်ရှိ နိုင်ငံရေးအကျဉ်းသား ၄ ယောက်က ဒေါက်ခတ်ခံထားရတယ်။ တိုက်ပိတ်ခံထားရတယ်။ ဆေးကုသခွင့်မပေးထားဘူးပေါ့နော်။ အဲဒါအပြင်မိသားစုက ပေးပို့ခွင့်ပါဆယ်ကိုပါ တလပိတ်ခံထားရတယ်။ အဖြတ်ခံထားရတယ်လို့သိထားရတယ်။”

ဒီဖြစ်စဉ်အတွက် အင်းစိန်အကျဉ်းထောင်နဲ့နေပြည်တော်အကျဉ်းဦးစီးကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ပြန်ဖြေဆိုတာ မရှိခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ အခုလိုအလားတူဖြစ်ရပ်မျိုးတွေ မြန်မာနိုင်ငံတွင်း ထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရန်သူသဖွယ်ဖိနှိပ်အကြမ်းဖက်နေတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ထောင်တော်တော်များများမှာ အာဃာတနဲ့ ရန်သူသဖွယ်သတ်မှတ်ပြီးတော့ ဖိနှိပ်နေတာ၊ အကြမ်းဖက်နေတာတွေက ထောင်အသီးသီးမှာကို အဲလိုဖြစ်နေတဲ့အခါကျတော့ ဒါကြီးက ဘယ်လိုမှလက်သင့်ခံလို့မရဘူး။ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ကို ခေါင်းထောင်ထမလာနိုင်အောင် ဦးချိုးထားတာ။ အဲဒီအတွက်ကြောင့် ဘယ်လောက်တောင်မှ နိုင်/ကျဉ်းတွေဟာ ထောင်အသီးသီးမှာ အသက်ရှုကျပ်နေသလဲဆိုတာကို အခုလို ဖြစ်ရပ်တွေက လက်တွေ့သက်သေခံနေတယ်။ အသက်ရှုရပ်သွားသူတွေလည်း ထောင်အသီးသီးမှာရှိနေတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကော၊ NUG အစိုးရအနေနဲ့ကော အခုလိုအကြမ်းဖက်တာတွေရပ်အောင် နိုင်ငံတကာဘက်က အားလုံးပူးပေါင်းပြီးတော့ဖိအားပေးဖို့လိုတယ်။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကစပြီး ဒီနှစ် မတ် ၄ရက်ထိစာရင်းအရ အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၂၂၀) ဦးရှိပြီး အဲဒီထဲက (၂၀,၁၅၆) ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရသူတွေက (၈,၈၂၉) ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့အသုံးအနှုံးကိုလက်မခံဘဲ တည်ဆဲဥပဒေတွေကိုချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်းသားတွေအဖြစ်ပဲ အသိအမှတ်ပြုပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG