သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် မာလီကို ပြင်သစ်ကူညီမည်


ပြင်သစ်သမ္မတ Emmanuel Macron နဲ့ မာလီသမ္မတ Ibrahim Boubacar Keita တို့ကို G5 Sahel ညီလာခံမှာတွေ့ရ (July 2, 2017)

အကြမ်းဖက်ဝါဒ အမြစ်ဖြတ်ခြေမှုန်းရေးအတွက် အနောက်အာဖရိကနဲ့ ပြင်သစ်နိုင်ငံတို့ အတူတကွ ပူးတွဲလုပ်ဆောင်ကြမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က တနင်္ဂနွေနေ့ မာလီနိုင်ငံ Bamako မှာကျင်းပတဲ့ ဒေသတွင်း ဂျီဟတ်ခြေမှုန်းရေးတပ်ဖွဲ့ ဖွဲ့စည်းတဲ့ ညီလာခံဖွင့်ပွဲမှာ ပြောကြား လိုက်ပါတယ်။

ဒီဒေသတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားတွေ သွေးကွဲအောင်နဲ့ ဘာသာရေး ဘန်းပြပြီး အကြမ်းဖက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို နေ့တိုင်း ရင်ဆိုင်နေရတာမို့ သူတို့တွေ လုံးဝ မရှိစေဖို့ ချေမှုန်းရမှာ ဖြစ်ကြောင်း မာလီသမ္မတ Ibrahim Boubacar Keita ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း အကြမ်းဖက်သမားတွေကို ချေမှုန်းမယ့် နိုင်ငံစုံပါဝင်တဲ့ တပ်ဖွဲ့သစ်အတွက် ဗျူဟာသုံးယာဉ် အစီးပေါင်း ၇၀ နဲ့ တခြား စစ်ရေး အထောက်အကူတွေကို ပြင်သစ် အစိုးရက ပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

G5 Sahel လို့ခေါ်တဲ့ မာလီ၊ Burkina Faso ချတ်၊ Mauritania နဲ့ Niger နိုင်ငံတွေ ပါဝင်တဲ့ အဖွဲ့ ကလည်း သူတို့ နိုင်ငံတွေမှာ လှုပ်ရှား နေတဲ့ ဂျီဟတ်တွေရဲ့ တိုက်ခိုက် မှုတွေနဲ့ တနေ့တခြား ဆိုးဝါးလာနေတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် သူတို့ နိုင်ငံတွေကလည်း တပ်သားတွေ စေလွှတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒေသတွင်း လုံခြုံရေးအတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်သား တသောင်း တထောင်နဲ့ ပြင်သစ်တပ်သား လေးထောင် အပြင် အခု G5 Sahel တပ်ဖွဲ့ဝင်တွေပါ အားဖြည့်လာမှာဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေမှာ ဂျီဟတ်တိုက်ခိုက်မှု အန္တရာယ် တိုးလာနေကြောင်း နိုင်ငံ ၆ နိုင်ငံက ခေါင်းဆောင်တွေ ပြောကြားနေချိန်မှာပဲ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေနဲ့ Nusrat al-Islam အဖွဲ့က မကြာခင် နှစ်တွေအတွင်း သူတို့ ဖမ်းဆီးထားတဲ့ အနောက်နိုင်ငံသား ဓါးစာခံတွေ အသက်ရှင်နေကြောင်း ပြသတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့တာပါ။

XS
SM
MD
LG