သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G 20 ထိပ်သီးတွေ ဘယ်လောက်ညီညွတ်ကြမလဲ


အမေရိကန်သမ္မတ Donald Trump ဟာ G-20 ဆွေးနွေးပွဲအတွက်ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ်မှ ကြိုဆိုစဉ်
အမေရိကန်သမ္မတ Donald Trump ဟာ G-20 ဆွေးနွေးပွဲအတွက်ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ်မှ ကြိုဆိုစဉ်

အမေရိကန်သမ္မတ Donald Trump ဟာ G-20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ အိုဆာကာ မြို့ကို ရောက်ရှိနေပါပြီ။ မဟာမိတ် နိုင်ငံတွေက သမ္မတ Trump ရဲ့ သူတို့အပေါ် သဘောထား ဘယ်လိုရှိနေမယ် ဆိုတာကို စိုးရိမ်နေကြချိန်မှာပဲ သမ္မတ Trump က မဟာမိတ်တွေကို အလေးထားကြောင်း အာမခံစကား ပြောကြားခဲ့ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ စတင်ကျင်းပမယ့် G-20 အစည်းအဝေးဟာ ဘဏ္ဍာရေးတည်ငြိမ်မှုနဲ့ ရေရှည်ဖွံဖြိုးမှုတိုးလာစေဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပေမယ့် တက်ရောက်လာသူ အများစုက ကုန်သွယ်ရေးနဲ့ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုလို ကိစ္စမျိုးကိုလည်း ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ ရှိနေတာပါ။

အိုဆာကာမြို့ကို ရောက်နေတဲ့ Steve Herman နဲ့ Henry Ridgwell တို့ ရဲ့ သတင်းတွေပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

အမေရိကန်သမ္မတ Donald Trump ရဲ့ အိုဆာကာမြို့က ပထမဆုံး တွေ့ဆုံပွဲ ဟာ သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ ဖြစ်ပြီး ခေါင်းဆောင် ၂ ဦးရဲ့ အလုပ်သဘော ညစာ အတူစားရင်း တွေ့ဆုံကြတဲ့ပွဲမှာ သမ္မတ Trump က သူဟာ မဟာမိတ်တွေနဲ့ အတူ လက်တွဲ အလုပ် လုပ်နေကြောင်းပြောကြားခဲ့တာပါ။

အာရှ ပစိဖိတ်ဒေသတွင်းက အမေရိကန်နဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတချို့ဟာ အမေရိကန်ရဲ့ တယောက်ထဲ သဘောနဲ့ ချဉ်းကပ်တဲ့ ပုံစံကြောင့် ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး သတင်းထောက် တဦးကမေးမြန်းရာမှာ သမ္မတTrump က သူဟာ မဟာမိတ်တွေကို အလေးထားကြောင်း ပြောကြားခဲ့သလို အမေရိကန်ဘက်က နစ်နာမှုတွေကိုပါ ထုတ်ပြောခဲ့ပါတယ်။

“အရင်လူတွေလက်ထက် မဟာမိတ်နိုင်ငံတွေနဲ့ ကျနော်တို့ ကုန်သွယ်ရေး လိုငွေပြတဲ့ အခြေနေကို ကျနော်က ဆက်ခံခဲ့ရတဲ့ အပြင် မဟာမိတ်တွေရဲ့ စစ်အသုံးစားရိတ်ကိုလည်း ကျနော်တို့က ကူညီပေးနေရတာပါ။”

G-20 ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ သောကြာနေ့မနက် အိုဆာကာမှာ တွေ့ဆုံတဲ့အခါ သမ္မတ Trump ဆီက သူတို့အတွက် ထောက်ခံအားပေးစကား ကြားရမယ်လို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းက သမ္မတ Trump က အမေရိကန်- ဂျပန် ၂ နိုင်ငံကြား ကာလကြာရှည် တည်ရှိလာတဲ့ ကာကွယ်ရေး မဟာမိတ်အဖြစ် ရပ်တည်မှုဟာ တရားမျှတမှု ရှိပါရဲ့လားလို့ မေးခွန်းထုတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

သောကြာနေ့ စတင်တော့မယ့် G 20 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင် တွေဟာ ဂျပန်နိုင်ငံ အိုဆာကာ မြို့ကို ဦးတည်လာနေကြပါပြီ။ ဒီအစည်းဝေးရဲ့ ရည်ရွယ်ချက်ကတော့ ဘဏ္ဍာရေး တည်ငြိမ်မှုနဲ့ ရေရှည်ဖွံဖြိုးမှု တိုးမြှင့်ဖို့ ဖြစ်ပေမယ့် ကုန်သွယ်ရေး နဲ့ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုလို ကိစ္စမျိုးမှာတော့ ခေါင်းဆောင်တွေကြား သိသာတဲ့ ကွဲပြားမှုတွေ ရှိလာနိုင်တာပါ။

ဒီဆွေးနွေးပွဲမှာ အဓိက အာရုံ အစိုက်ခံရတဲ့ နိုင်ငံကြီး ၂ ခုကတော့ အမေရိကန်နဲ့ တရုတ်တို့ပဲ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်စည် တွေအပေါ် အမေရိကန်က အခွန်တိုးမြှင့် လိုက်တဲ့အတွက် ကုန်သွယ်ရေး စစ်ပွဲ အဆင့်ကို ရောက်ရှိသွားပြီး ကမ္ဘာ့စီးပွားရေး ကိုပါ ခြိမ်းခြောက်လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ ၂ နိုင်ငံ ဆွေးနွေးမှုတွေ ပြန်လည် စတင်ပြီး လေသံ ပျော့လာတာ တွေ့ရတဲ့ အတွက် ပြေလည်မှု ရရှိလေမလား ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက် လာတယ်လို့ ဒီဆွေးနွေးပွဲကို ရောက်နေတဲ့ G- 20 သုတေသနအဖွဲ့ ဒါရိုက်တာ John Kirton ကပြောပါတယ်။

“သမ္မတ Trump နဲ့ သမ္မတ Xi တို့ ၂ ဦးထဲ တွေ့ဆုံမယ့် ကိစ္စကို လူတိုင်းက စောင့်စားနေကြပါတယ်။ ဒီတွေ့ဆုံမှုရဲ့ နောက်ကွယ်မှာ ပြဿနာ အမျိုးအစားအလိုက် အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုတွေ အများကြီး ရှိမှာ ဖြစ်သလို သူတိုနဲ့ သက်ဆိုင်နေတဲ့ နိုင်ငံတွေက သူတို့ ၂ ဦး ပိုမိုနီးစပ်ပြီး ပိုမိုပြေလည်လာအောင် တွန်းအားပေးမယ့် သဘောရှိပါတယ်။”

အိမ်ရှင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ သူ့ရဲံ မျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်းပဲ ပြောထားတာပါ။

“အမေရိကန်နဲ့ ဂျပန်တို့ဟာ သူတို့ ကုန်သွယ်ရေး တင်းမာမှုကို အပြုသဘောနဲ့ ဆွေးနွေးလုပ်ဆောင်မှုကနေ တဆင့် ဖြေရှင်းနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ အပြင်းအထန် ဆွေးနွေးဖို့ရှိတဲ့ နောက်အကြောင်းအရာ တခုကတော့ အမေရိကန်နဲ့ အီရန်ကြားက ပြဿနာ ဖြစ်ပြီး ဒါဟာ ကမ္ဘာ့ရေနံဈေးတွေကို ထိုးတက်လာစေတာပါ။

နောက် ပြင်းထန်ဆုံး ဆွေးနွေးဖို့ ဖြစ်လာနိုင်တဲ့ အကြောင်းအရာတခုကတော့ ဥတုရာသီပြောင်းလဲမှု ပြဿနာ ဖြစ်ပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron ကတော့ ဒီ ညီလာခံမှာ ဒီကိစ္စကို အသေအချာဆွေးနွေးဖို့ တောင်းဆိုနေသူ ဖြစ်ပါတယ်။

“ကျနော်တို့မှာ အရေးကြီးတဲ့ အချက်တရပ်ရှိပါတယ်။ ဥတုရာသီ နဲ့ ပတ်သက်တဲ့ မျှော်မှန်းချက်ကို မျှော်မှန်းထားတဲ့ အတိုင်း ခရီးမပေါက်ဖူးဆိုရင် ကျနော်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ ဘာမှ အဓိပ္ပါယ် မရှိပါဘူး။”

ဇွန်လ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ဒီ G-20 ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ကြာသပတေးနေ့မှာ ဂျာမနီဝန်ကြီးချုပ် Angela Merkel, ရုရှားသမ္မတ Vladimir Putin တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားသလို သောကြာနေ့မှာတော့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ဒီ G 20 ထိပ်သီး ဆွေးနွေးပွဲဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ multilateral လို့ခေါ်တဲ့ နိုင်ငံစုံ ပါဝင်တဲ့ စနစ်ဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သုံးသပ်သူ အများစုက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG