သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစက်မှုဇုံတွေက အထည်ချုပ်စက်ရုံတွေမှာ လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရ


ရန်ကုန်မြို့က အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၁၊ ၂၀၁၈)
ရန်ကုန်မြို့က အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၁၊ ၂၀၁၈)

စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းစစ်ရေး နိုင်ငံရေး ပဋိပက္ခနဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှု အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနဲ့ တရုတ်ကို အများဆုံးထွက်နေကြတယ်လို့ အလုပ်သမားသမဂ္ဂတွေကပြောပါတယ်။ အခုဆိုရင် မြန်မာပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်အား လုပ်သားဆုံးရှုံးမှုနဲ့ စတင်ရင်ဆိုင်နေရပြီလို့ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေးရာအဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်းက အလုပ်သမားတွေဟာ လုပ်အားခ လစာပိုရတဲ့ ပြည်ပနိုင်ငံတွေနဲ့ လုပ်ငန်းခွင်စက်ရုံတွေဆီ အများအပြား ပြောင်းရွှေ့သွားတာကြောင့် ဖြစ်ပါတယ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းစက်မှုဇုံတွေက အထည်ချုပ်စက်ရုံတွေမှာ လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့တာပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အချက်အလက်အရဆိုရင် ဒါဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း အထည်ချုပ်ကဏ္ဍမှာ အဆိုးဆုံးအခြေအနေနဲ့ ကြုံနေရတာပါ။ ကျွမ်းကျင်လုပ်သားတွေ ဆုံးရှုံးနေတဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေအပြင် တိုင်းပြည်ရဲ့ ဂျီဒီပီ (GDP) ကိုပါ ထိခိုက်နိုင်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

"ကျမတို့လည်း အမြဲ complaint တက်ကြတယ်၊ ကျမတို့လည်း မတတ်နိုင်ဘူးလို့ အဲဒီဟာတော့။ ဒါပေမဲ ဘာကိုစိုးရိမ်တာလဲဆိုတော့ လုပ်အားဆုံးရှုံးမှုက တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို လျော့စေတာပဲ။ အဲဒီဟာတော့ စိတ်ပူတယ်။ အခုလုပ်ငန်းကိုလည်း စိတ်ပူတယ်။ တော်တော်များများပေါ့ အဲဒီအလုပ်သမား ရှာလို့မရတဲ့ဟာပဲ ပြောနေကြတော့ ဖြေရှင်းနည်းက လောလောဆယ်မှာတော့ သင်တန်းပေးကြပါ၊ သင်ပေးနေတယ်၊ သင်ပြီး တခြားဆီရောက်သွားတော့လည်း လုပ်ငန်းရှင်တွေလည်း ခံစားကြရပါတယ် အမှန်အတိုင်းပြောရင်။ အဓိကပြဿနာ၊ ဒါအကြီးဆုံးပြဿနာပါ။"

အခုဆိုရင် စက်ရုံပိုင်ရှင်တွေက စက်ချုပ်ကျွမ်းကျင်သူကို နည်းမျိုးစုံနဲ့ ရဖွေနေရကြောင်း မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက ဗွီအိုအေကို ပြောပါတယ်။

နေ့စားအလုပ်သမားတွေ၊ အသက်မပြည့်သေးသူတွေ၊ အမျိုးသားတွေအထိ စက်ချုပ်လုပ်သားအတွက် ခေါ်ယူနေကြတာပါ။ စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းပဋိပက္ခနဲ့၊ ကုန်ဈေးနှုန်းကြောင့် အလုပ်သမားတွေက ထိုင်းနဲ့ တရုတ်ကို အများဆုံးထွက်နေကြောင်း မတင်တင်ဝေက ပြောပါတယ်။

"လုပ်ငန်းရှင်တွေက စူပါတွေ၊ အောစူပါတွေကို အပြင်မှာ စက်ချုပ်လုပ်သားတယောက်ကို ခေါ်လာနိုင်ရင် ငါးသောင်းပေးမယ်၊ ခြောက်သောင်းပေးမယ်၊ ဆီတဗူးပေးမယ်၊ ဒါမျိုးနဲ့ စည်းရုံးပြီးတော့ ခေါ်ခိုင်းတာတွေ ရှိလာတယ် လက်ရှိဆိုရင်။ ဒီလိုမျိုးဆက်ပြီး လုပ်ငန်းရှင်တွေကလည်း သူတို့အကျိုးအမြတ်ကိုကြည့်ပြီး လုပ်အားခနည်းနည်းနဲ့ ပေးနေမယ်ဆိုရင် မြန်မာပြည်မှာရှိတဲ့ အလုပ်သမားတွေက ဒီထက်ဆိုးပြီး အလုပ်သမားတွေ ရှိကြတော့မှာ မဟုတ်ဘူး။ ပြည်ပကိုပဲ ထွက်သွားကြမယ်။ ကုန်ဈေးနှုန်းကတက်တယ် လုပ်ခကနည်းတော့ လုံးဝ လုံလောက်မှုမရှိဘူး။ ဒီထက်ဆိုးတဲ့ အလုပ်သမားရှားပါးတဲ့ အခြေအနေကိုလည်း ကျမတို့ ကြုံရမယ်ပေါ့နော်။

တရုတ်ယူနန်ပြည်နယ် ရွှေလီမြို့က အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်ခေါ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မူဆယ်မြို့မှာ တရုတ်ထဲဝင်ဖို့ စောင့်ဆိုင်းနေသူတွေလည်း အများအပြားရှိနေပါတယ်။ အထည်ချုပ်ကျွမ်းကျင် အမျိုးသမီးတယောက်ကို လစာ ကျပ်၁၀သိန်းပေးပြီး တရုတ်စက်ရုံတွေက ခေါ်နေတာပါ။ ဒီပမာဏက ပြည်တွင်းမှရတဲ့လစာရဲ့ ထက်ဝက်ကျော် များနေတာပါ။ ဒါပေမဲ့ အဲဒီစက်ရုံတွေမှာ လုပ်အားခေါင်းပုံဖြတ်မှုတွေနဲ့ မြန်မာအလုပ်သမားတွေက ရင်ဆိုင်နေရပါတယ်။

အခုနှစ်အစောပိုင်းက ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့မှာရှိတဲ့ Xinjiahao Clothing Technology နဲ့ Shangcheng အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်လောက် စက်ရုံပိုင်ရှင်တွေကို ဆန္ဒပြခဲ့ပါတယ်။ တောင်းဆိုချက်တွေ မရခဲ့သလို တချို့လည်း နေရပ်ပြန်ပို့တာခံခဲ့ရတယ်လို့ အလုပ်သမား အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပြခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါအပြင် စစ်တပ်စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ၂၀၂၂ ကတည်းက လုပ်သား ၂၂၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG