သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတင်းမာမှု ကုလ လုံခြုံရေးကောင်စီအရေးပေါ်ဆွေးနွေးမည်


ဂါဇာကမ်းမြှောင်ဒေသမှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ၅ နှစ်ကြာအတွင်း ပြန်ဖြစ်လာတဲ့ တင်းမာမှု တွေကို ဆွေးနွေးဖို့ ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ အရေးပေါ်အစည်းအဝေး ခေါ်ယူ ကျင်းပနေပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး Nickolay Mladenov ကတော့ အခြေအနေတွေကို ဂျေရုစလင်ကနေ လုံခြုံရေးကောင်စီကို အစီရင်ခံဖို့ရှိပါတယ်။ ဒါဇင်ချီတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုဟာ ရက်စက်ပြီး ဝမ်းနည်ဖွယ် လုပ်ရပ်ဖြစ်ကြောင်း ကူဝိတ်နိုင်ငံက လုံခြုံရေးကောင်စီ စည်းဝေးပွဲမတိုင်ခင် ထုတ်ပြန်ဖို့ပြင်ဆင်ထားတဲ့ ကြေညာ ချက်မှာ ရေးသားထားပြီး၊ လွတ်လပ်တဲ့ စုံစမ်းမှုလုပ်ဖို့ ဖေါ်ပြထားပါတယ်။ ကူဝိတ်ရဲ့ကြေညာချက်ကို လုံခြုံရေးကောင်စီထဲမှာ ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ အမေရိကန်က ပယ်ချလိုက်တယ်လို့ ကုလသံတမန်တွေက ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ဆန္ဒပြသူ(၆၀)လောက် သေဆုံးခဲ့ပါတယ်။

အစ္စရေးဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရူစလင်မှာ တနင်္လာနေ့က ဖွင့်ဖို့ဆိုတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုကို တိုးလာစေနိုင်တယ်လို့ထောက်ပြပြီး အမေရိကန်ရဲ့ မဟာမိတ် အများပြားကရော ရန်သူတွေကပါ ဝေဖန်နေကြပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ အပြီးသတ် သဘောတူညီချက် မရသေးခင်မှာ ဂျေရူစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုပြီး သံရုံးကိုပြောင်းရွှေ့ဖို့ အမေရိကန်က ဆုံးဖြတ်တာကို ဗြိတိန်က သဘောမတူကြောင်း ဗြိတိသျှဝန်ကြီးချုပ် Theresa May ရဲ့ ပြောခွင့်ရက ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း အစ္စရေး ပါလက်စတိုင်း နယ်စပ် ဂါဇာဒေသမှာ တနင်္လာနေ့ ဖြစ်ပွါးတဲ့ အကြမ်းဖက်မှုတွေ အတွင်း ပါလက်စတိုင်း ၅၂ ဦး အစ္စရေးစစ်သားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာအတွက် ရှုံ့ချလိုက်ပြီး ဂျေရူစလင်နဲ့ ပတ်သက်လို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူ ထပ်တလဲလဲ သတိပေးခဲ့ကြောင်း ပြောပါတယ်။ အခုလို အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကို ရုရှားက ကန့်ကွက်ကြောင်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း ပြောပါတယ်။

အာရပ်ခေါင်းဆောင်အများအပြားကလည်း အမေရိကန်ရဲ့ လုပ်ဆောင်ချက်ကို ရှုံ့ချခဲ့တာပါ။ လက်ဘနွံဝန်ကြီးချုပ် Saad Hariri က ဒါဟာ ရန်စတဲ့ လုပ်ရပ်လို့ ပြောခဲ့သလို၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကလည်း ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ နေ့တနေ့အဖြစ် ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG