သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအကြမ်းဖက်မှု လုံခြုံရေးကောင်စီ ရှုံ့ချ


Gaza ဒေသမှာ ပါလက်စတိုင်းဆန္ဒပြသူ ၆၀ ထက်မနည်းသေဆုံးခဲ့ရတဲ့ အစ္စရေးစစ်တပ်ရဲ့ နှိမ်နှင်းမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ပါလက်စတိုင်းပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ပါလက်စတိုင်းဖက်က အစ္စရေးကို အပြစ်တင်ပါတယ်။ အစ္စရေးဖက်ကတော့ သူတို့ပိုင်နက်ကို ကာကွယ်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီး ပါလက်စတိုင်းဆန္ဒပြသူတွေ သေဆုံးခဲ့ရမှုနဲ့ပါတ်သက်လို့ Hamas ကိုအပြစ်တင်ရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်သံရုံးကို အငြင်းပွားစရာ Jerusalem မြို့မှာဖွင့်လှစ်တဲ့နေ့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပါတ်သက်လို့ အမေရိကန်ကတော့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးပိုင်နက်ကြား ခြံစည်းရိုးသာခြားတဲ့ ဂါဇာဒေသမှာ တနင်္လာနေ့က ပါလက်စတိုင်းတို့ရဲ့ ဆန္ဒပြမှုကို အစ္စရေးစစ်တပ်က လက်နက်အင်အားသုံး နှိမ်နှင်းခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပါလက်စတိုင်း ၆၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ ၂ ထောင်ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြစ်ခတ်နှိမ်နှင်းခဲ့တဲ့အပေါ် နိုင်ငံတကာက အစ္စရေးကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အစ္စရေးတို့ကတော့ Hamas အဖွဲ့က ဆန္ဒပြသူတွေကို အကာအကွယ်ယူပြီး သူတို့နယ်စပ်ကို တိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက် အစ္စရေးတပ်တွေက ကာကွယ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 2014 ခုနှစ် အစ္စရေး ပါလက်စတိုင်းစစ်ပွဲထဲကဆိုရင် ပါလက်စတိုင်းတို့ ထိခိုက်သေဆုံးမှုအများဆုံး ပဋိပက္ခနဲ့ပါတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ သေဆုံးခဲ့သူတွေအတွက် ခေတ္တငြိမ်သက်ပြီးဆွေးနွေးပွဲကို စတင်ခဲ့တာမှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးညှိနှိုင်းရေးမှူး Nickolay Mladenov က ဂါဇာမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကို အပြစ်တင်ခဲ့ပါတယ်။

"အသက်အန္တရာယ် ကျရောက်တော့မယ့်ခြိမ်းခြောက်မှုနဲ့ အကြီးအကျယ်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေမျိုး မရောက်ဘူးဆိုရင် အစ္စရေးဖက်က သေစေနိုင်တဲ့လက်နက်မျိုး မသုံးဖို့ တာဝန်ရှိပါတယ်။ ကိုယ့်နယ်စပ်ကို ကာကွယ်ရမှာဖြစ်ပေမဲ့ တူညီတဲ့အတိုင်းအတာနဲ့သာ တုံ့ပြန်ရမှာပါ။ အသက်ဆုံးရှုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စုံစမ်းရမှာဖြစ်ပါတယ်။ ဂါဇာဒေသကို ဆယ်စုနှစ်ကျော် ထိန်းချုပ်ထားတဲ့ Hamas အဖွဲ့အနေနဲ့လည်း ဆန္ဒပြသူတွေကို အကာအကွယ်ယူပြီး နယ်စပ်ခြံစည်းရိုးမှာ ဗုံးထောင်။ ရန်စတာမျိုး မလုပ်သင့်ပါဘူး။"

ဂါဇာမှာ ပါလက်စတိုင်းတို့ သေဆုံးခဲ့ရတာနဲ့ပါတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းအမြဲတမ်းကိုယ်စားလှယ် Riyad Mansour က အစ္စရေးတို့ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

"နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကဲဆတ်တဲ့ပြဿနာကို လုံခြုံရေးကောင်စီက အချိန်မဆိုင်းဘဲ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ပါလက်စတိုင်းပြည်သူတွေအပေါ် အထူးသဖြင့် အခုဂါဇာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာရပ်သွားအောင် လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးရပါမယ်။"

အစ္စရေးဖက်ကတော့ ဆန္ဒပြသူတွေက ခြံစည်းရိုးကျော်ပြီး အစ္စရေးဖက်ဝင်ဖို့ ကြိုးစားခဲ့လို့ သူတို့နယ်နိမိတ်ကို ကာကွယ်ခဲ့တာဖြစ်ပြီး ဂါဇာဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပါတ်သက်လို့ သူတို့ကို အပြစ်မတင်သင့်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် Hamas အဖွဲ့ရဲ့ အပြစ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးအမြဲတမ်းကိုယ်စားလှယ် Danny Danon ကပြောပါတယ်။

"သေဆုံးခဲ့သူတချို့က အကြမ်းဖက်သမားတွေလို့ ကျွန်တော်တို့ သိထားပါတယ်။ ထိခိုက် သေဆုံးမှုတိုင်းအတွက် ကျွန်တော်တို့ ဝမ်းနည်းပါတယ်။ ပုံတွေမြင်ရတော့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဲဒီသူတွေဟာ Hamas ရဲ့ အသုံးချမှုကို ခံကြရတာပါ။"

အခုအစ္စရေးတို့ သိမ်းပိုက်ထားတဲ့နေရာကို ပါလက်စတိုင်းတို့ကို ပြန်ပေးဖို့ ဂါဇာနယ်စပ်မှာ ပါလက်စတိုင်းတို့ဖက်က လွန်ခဲ့တဲ့ သီတင်း ၆ ပါတ်လောက်ထဲက ဆန္ဒပြနေကြတာပါ။ အငြင်းပွားစရာဖြစ်နေတဲ့ Jerusalem မှာ အမေရိကန်သံရုံး တနင်္လာနေ့က ဖွင့်လှစ်ခဲ့လို့ ဂါဇာမှာ ခုလိုသွေးထွက်သံယို ပဋိပက္ခဖြစ်ခဲ့တာဆိုတဲ့ ပြောဆိုမှုတွေကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပယ်ချခဲ့ပါတယ်။ ခုလိုမတည်မငြိမ်ဖြစ်နေတာတွေ အားလုံးက အီရန်အစိုးရကြောင့်လို့ လုံခြုံရေးကောင်စီကို ခုလိုပြောကြားခဲ့ပါတယ်။

" အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အဆောက်အအုံတွေအပေါ် အီရန်ကြောထောက်နောက်ခံပေးထားတဲ့ Hammas အကြမ်းဖက်တွေက ဒီရက်ပိုင်းအတွင်းမှာပဲ တိုက်ခိုက်ဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီအပေါ် ကျွန်မတို့အာရုံစိုက်ထားသင့်ပါတယ်။ ဖြစ်နေတာတွေအားလုံးက အီရန်အစိုးရက မတည်မငြိမ်ဖြစ်အောင်လုပ်နေတာကြောင့် ဒါတွေဖြစ်နေတာပါ။ အီရန်အစိုးရဟာ သူ့ရဲ့ ပြည်သူတွေကို အခြေခံလူ့အခွင့်အရေးတောင် မပေးဘဲ အရှေ့အလယ်ပိုင်းဒေသတခုလုံးမှာ အကြမ်းဖက်မှုဖြစ်အောင် အားပေးနေပါတယ်။"

အင်္ဂါနေ့က ဂါဇာမှာတော့ တနင်္လာနေ့က သေဆုံးခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ အသုဘအခမ်းအနားတွေကို အင်္ဂါနေ့က ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ အစ္စရေးနဲ့ နယ်စပ်မှာလည်း ဆန္ဒပြမှုတချို့ရှိခဲ့ပေမဲ့ တနင်္လာနေ့ကလောက် အင်အားမများခဲ့ပါဘူး။ ဆန္ဒပြသူတချို့က အစ္စရေးဖက်ကို ခဲတွေနဲ့ ပစ်ပေါက်။ မီးရှို့တာတွေလုပ်ခဲ့ကြသလို အစ္စရေးဖက်ကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ တနင်္လာနေ့က အစ္စရေးနိုင်ငံတည်ထောင်တဲ့ နေ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံတည်ထောင်လိုက်တဲ့အတွက် အစ္စရေးပိုင်နက်အဖြစ်သတ်မှတ်လိုက်တဲ့ နေရာတွေကနေ ပါလက်စတိုင်း ၇ သိန်းကျော် နှင်ထုတ်ခံခဲ့ရပါတယ်။ အဲဒီအတွက် ပါလက်စတိုင်းတို့က ကပ်ဘေးကျရောက်တဲ့နေ့လို့ အဓိပ္ပါယ်ရတဲ့ Nakba နေ့ကို သတ်မှတ်ခဲ့ပါတယ်။ အင်္ဂါနေ့ကကျရောက်တဲ့ အနှစ် ၇၀ ပြည့် Nakba နေ့အထိမ်းအမှတ်ကို ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းဒေသအပြင် ဂျော်ဒန်နိုင်ငံနဲ့ လက်ဘနွန်နိုင်ငံတွေမှာ ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG