သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် စာနာမှုအကူအညီတွေ ဝင်ရောက်ခွင့်ရတဲ့အပေါ် အမေရိကန်သမ္မတ ကြိုဆို


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်

ဂါဇာဒေသအတွက် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပါတဲ့ ကုန်တင်ကားအစီး ၂၀ ဂါဇာဒေသထဲ ဝင်ရောက်ခွင့်ရသွားတဲ့အပေါ် အမေရိကန်သမ္မတဘိုင်ဒန်က ကြိုဆိုလိုက်ပါတယ်။

ဒီလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်အဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်ကလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ချိန်ကစလို့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ကြုံနေရတဲ့ ဂါဇာဒေသထဲကို အစားအသောက်နဲ့ ဆေးဝါးတွေပါတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပထမဆုံးအကြိမ်ပေးပို့ခွင့်ရတာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံနဲ့နယ်စပ် Rafah ဂိတ်ကနေ ခုလို အကူအညီတွေပေးပို့နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အီဂျစ်၊ အစ္စရေးနိုင်ငံအပြင် ကုလသမဂ္ဂကို ကျေးဇူးတင်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဂါဇာဒေသအတွက် မဖြစ်မနေလိုအပ်နေတဲ့အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့ ခုလို လမ်းပွင့်သွားတာဟာ အမေရိကန်အစိုးရရဲ့ ရက်တွေနဲ့ချီ မနားတမ်း ကြိုးပမ်းခဲ့တဲ့သံတမန်ရေး စေ့စပ်ညှိနှိုင်းမှုတွေရဲ့ရလဒ်ဖြစ်သလို သိပ်မကြာခင်က သမ္မတဂျိုးဘိုင်ဒန် အစ္စရေးကို ကိုယ်တိုင် သွားရောက်ခဲ့ချိန်အတွင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ အီဂျစ်သမ္မတ Abdel Fattah al-Sisi တို့နဲ့ တွေ့ဆုံ ပြီး နားလည်မှုရယူနိုင်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုလို အကူအညီတွေ ပေးပို့တဲ့လမ်းကြောင်းပွင့်သွားတဲ့အတွက် အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာနေရာတွေ အလွန်အမင်းလို အပ်နေတဲ့ ဂါဇာဒေသရဲ့ လူသားဘေးဒုက္ခအကျပ်အတည်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်း ကူညီဖြေရှင်းပေးတာတွေ စတင် လုပ်ဆောင်လာနိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပြီး ဂါဇာဒေသခံတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အကူအညီတွေ ဆက်ပေးနိုင်အောင် Rafah နယ်စပ်ဂိတ်ကို ဆက်ပြီး ဖွင့်ပေးထားဖို့လည်း သက်ဆိုင်ရာ နိုင်ငံ၊ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေရဲ့ အသက်တွေကိုကယ်တင်ဖို့ လိုအပ်နေတဲ့အကူအညီတွေ ပေးရာမှာ ဟားမတ်စ်အဖွဲ့တွေ ဝင်ရောက်စွက်ဖက်လို့မရဘူးလို့လည်း အမေရိကန်က သတိပေးပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် ပါလက်စတိုင်းပြည်သူတွေမှာ တာဝန်မရှိသလို ဒုက္ခဆင်းရဲတွေလည်း မခံစားရသင့်ဘူးလို့လည်း နိုင်ငံခြားရေးဌာနကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်း စာနာမှုအကူအညီတွေပါတဲ့ ကုန်တင်ယာဥ်တန်းကြီး ဂါဇာဒေသထဲကို မနေ့ စနေနေ့ကမှ စတင် ဝင်ရောက်သွားပြီးတဲ့နောက် လူ့အသက်တွေ ဆက်နိုင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ဒီပစ္စည်းတွေကို ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ဝေငှပေးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG